SJ WorldNews - шаблон joomla Авто

အစားအသောက် ရောင်းချသည့် ဆိုင်တချို့မှ ဝန်ထမ်းများ Quarantine ၁၄ ရက် နေထိုင်ရမည်စိုး၍ နေရပ်သို့မပြန်ကြ

Sunday, 05 April 2020 17:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်မြို့၌ အစားအသောက် ရောင်းချသည့် ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် သတ်မှတ်ထားခြင်းကြောင့် ဆိုင်တချို့၌ အလုပ်လုပ်ကိုင်သော ဝန်ထမ်းများ  နေရပ်ဒေသသို့   ပြန်ရန်စီစဉ်ကြသော်လည်း COVID-19 ရောဂါကြောင့် Quarantine ၁၄ ရက် နေထိုင်ရမည်စိုး၍ မပြန်ကြသည့် အခြေအနေမျိုး ရှိနေကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

''အခုက   ဆိုင်မှာထိုင်ခွင့်မပေးဘဲ ပါဆယ်ပဲ ရောင်းရမယ်ဆိုတော့ ဝယ်တဲ့သူ သိပ်မရှိဘူး။ အဲဒါကြောင့် ဆိုင်က အလုပ်သမား ဝန်ထမ်းတွေကို  သင်္ကြန်ပိတ်ရက်နဲ့ အတူ ပိတ်ရက် သတ်မှတ်ပေးခဲ့တယ်။ ဒီလကုန်မှ ပြန်လာကြဖို့ပါ။  ဒါပေမဲ့  ဝန်ထမ်းအများစုက Quarantine ၁၄  ရက် နေရမှာကို စိုးရိမ်ပြီး ဘယ်သူမှမပြန်ကြဘူး''ဟု  ရန်ကုန်မြို့ရှိ စားဖွယ်စုံဆိုင်(လက်ဖက်ရည်ဆိုင်)ပိုင်ရှင် ဦးသိန်းဇော်ကပြောသည်။   

COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်ပမှ  ပြန်လာသူများထံမှ  ရောဂါပိုး တွေ့ရှိမှုများပြားသော   အခြေအနေမျိုး ကြုံနေရသည့်အတွက် နယ်ဒေသများသည် ရန်ကုန်မြို့မှ   ပြန်လာသူများကို  ကျေးရွာအတွင်းသို့ ပေးမဝင်ဘဲ ကျေးလက်ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနှင့် အများပြည်သူဆိုင်ရာ နေရာများ၌ ၁၄ ရက် စောင့်ကြည့်ခြင်း ဖြစ်သည်။

''ရွာကိုပြန်ရင် ရန်ကုန်မှာ အလုပ်လုပ်ပြီး ပြန်လာတယ် ဆိုတာကိုတောင် မယုံကြဘူး။ ထိုင်းကပဲ ပြန်လာတယ်လို့ ထင်ကြတယ်။ အားလုံးက Quarantine ၁၄ ရက် နေရမယ်ဆိုတော့ မပြန်ဖြစ်တော့ဘူး'' ဟု စားဖွယ်စုံဆိုင်မှ ဝန်ထမ်း ကိုမျိုးမင်းထွေးက ပြောသည်။

တချို့ဆိုင်ပိုင်ရှင်များမှာ အလုပ်သမားများကို ဆိုင်၌ နေခွင့်ပြုထားသည့်အတွက် အခက်အခဲ သိပ်မရှိသော်လည်း တချို့ဆိုင်များတွင် အလုပ်သမားများ နေထိုင်ရန် အခက်အခဲများ ရှိသည့်အတွက် နီးစပ်ရာ အဆောင်များကို ရှာဖွေနေထိုင်ရကြောင်း သိရသည်။       

Read 37 times Last modified on Sunday, 05 April 2020 17:24