SJ WorldNews - шаблон joomla Авто

လားရှိုးမြို့မှ မန္တလေးတိုင်း ဒေသကြီးသို့ ဖြတ်သန်းသည့် ယာဉ်များသည် ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ ရပ်နားမည်ဖြစ်ပြီး အချို့ယာဉ်လိုင်းများသည် သင်္ကြန်ကာလ ပုံမှန်ရပ်နားမည်

Thursday, 09 April 2020 11:28 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမှ ဒေသအသီးသီးသို့ ပြေးဆွဲနေသော ခရီးသည်တင် မှန်လုံယာဉ်လိုင်း ခရီးစဉ်များ အနေဖြင့် COVID-19 ရောဂါကြောင့် ဝင်/ထွက်မှု ခက်ခဲသည့်မြို့များသို့ ပြေးဆွဲသည့် ယာဉ်လိုင်းများသာ ရပ်နားပြီး ကျန်ယာဉ်လိုင်းကြီးများမှာ သင်္ကြန်ကာလ ပုံမှန်ရပ်နားသည့် အချိန်တွင်သာ ရပ်နားမည်ဖြစ်ကြောင်း  မြို့နယ် ပုဂ္ဂလိကယာဉ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူးထံမှ သိရသည်။

''နှစ်တိုင်းသင်္ကြန်အကြိုနေ့အထိ ယာဉ်လိုင်းအသီးသီးက   ပြေးဆွဲခဲ့တယ်။  ဒီနှစ်တော့   ကြားကာလ ခရီးသည်တင်တဲ့ ကားတွေ ဖြတ်လို့ မရတဲ့နေရာတွေရှိတာနဲ့ ယာဉ်လိုင်းတွေ ရက်စောပြီး နားနေကြရတာပါ။

အဓိကရပ်နားသွားတာကတော့ ရောဂါကြောင့် သွားဖို့ခက်တဲ့မြို့တွေကို ပြေးဆွဲတဲ့ ယာဉ်လိုင်းကြီးတွေ ရပ်သွားတာပါ'' ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနမှ    တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်းက ပြောသည်။

ခရီးသည်တင် မော်တော်ယာဉ် လိုင်းကြီးများ အနေဖြင့် လားရှိုးမြို့မှ မန္တလေး၊ နေပြည်တော်၊ ရန်ကုန် အစရှိသော မြို့ကြီးများအပြင် အခြားမြို့နယ်ဒေသများသို့ ခရီးသည်တင် ပြေးဆွဲလျက်ရှိရာ ပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း ၂၇ လိုင်းရှိပြီး အဆိုပါ ယာဉ်လိုင်းများမှ ပြေးဆွဲနေသော မှန်လုံယာဉ်ကြီးများသည် မန္တလေးတိုင်း ဒေသကြီးအတွင်း  ခရီးသည်တင်ဆောင် ဖြတ်သန်း မောင်းနှင်ခွင့် မရှိသဖြင့် သတ်မှတ်ထားသော ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ မန္တလေးတိုင်း ဒေသကြီးသို့ ဖြတ်သန်းရမည့် ယာဉ်များ ရပ်နားမည်ဖြစ်ကြောင်း၊အချို့ယာဉ်လိုင်းများမှာ   သင်္ကြန်ကာလ ပုံမှန်ရပ်နားမည့် အချိန်မှသာ ရပ်နားသွားမည် ဖြစ်ကြောင်း သိရသည်။                         

Read 41 times Last modified on Thursday, 09 April 2020 11:50