SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့ လက်လီလက်ကားဈေးကွက်အတွင်း မိုးရာသီအသုံးအဆောင်ပစ္စည်းတချို့ အရောင်းအဝယ်သွက်လာ

Friday, 22 May 2020 08:36 font size decrease font size decrease font size increase font size increase font size

 

ရန်ကုန်မြို့ရှိ  လက်လီလက်ကား ဈေးကွက်များအတွင်း ယခုရက်ပိုင်းတွင် မိုးရာသီအသုံးအဆောင် ပစ္စည်းတချို့  အရောင်းအဝယ်သွက်လာကြောင်း သိရသည်။

 

''ဒီရက်ပိုင်း ထီးတွေ၊ မိုးကာတွေ နည်းနည်း   အရောင်းအဝယ်သွက်လာတယ်။  မိုးတွင်းစီးဖိနပ်တွေ ကတော့ သိပ်မရောင်းရသေးဘူး'' ဟု ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာဈေး အတွင်းရှိ   အဝတ်အထည်နှင့်  အသုံးအဆောင်ပစ္စည်းမျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင် ဒေါ်ခင်သန်း အေးက ပြောသည်။

 

ယခင်နှစ် မေလလယ်က ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်သောပစ္စည်းများ အရောင်း အဝယ်ကောင်းခဲ့သော်လည်း ယခုနှစ်တွင် ဝယ်ယူသူမရှိသလောက်ရှိခဲ့ရာမှ မိုးရွာသွန်းမှုများကြောင့် မိုးရာသီသုံးပစ္စည်းတချို့  ပြန်လည်အဝယ်ရှိလာခြင်းဖြစ်သည်။

 

''အရင်တုန်းကဆိုရင် မြို့နယ်အသီးသီးနဲ့  နယ်တွေက  လာဝယ်တာများတယ်။ ကိုယ့်ဖောက်သည် တွေနဲ့ကိုယ် ပုံမှန်ရောင်းနေရတယ်။ အခုကတော့  COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလ ဖြစ်လို့ နယ်ကနေ မြို့တက်ဝယ်တာတွေမရှိဘူး။  ဒီရက်ပိုင်းမှ မိုးရာသီသုံးပစ္စည်းတွေ နည်းနည်းပြန်ပြီး  ရောင်းဝယ်လာရတာ။  ကုန်ပစ္စည်းကတော့ မပြတ်ပါဘူး။ ဂိုဒေါင်ထဲမှာလုံလုံလောက်လောက်ရှိတယ်။ အဝယ်များရင် များသလို ထုတ်ပေးလို့ရတယ်။ ဒီနှစ်က အရင်နှစ်ရဲ့ ၁ဝ ပုံတစ်ပုံတောင် မရောင်းရဘူး'' ဟု ဒေါ်ခင်သန်းအေးကပြောသည်။

 

ခေါက်ထီးတစ်ချောင်းလျှင်   ငွေကျပ် ၁၂ဝဝ ခန့်မှ ၈ဝဝဝ အထိရှိပြီး ခေါက်ထီးအကြီးများမှာ  ငွေကျပ်  ၁၂ဝဝဝ  အထိရှိကြောင်း၊ မိုးကာအင်္ကျီများမှာ ငွေကျပ် ၂၅ဝဝ မှ ၁ဝဝဝဝ ကျော်အထိရှိပြီး အများစုမှာ  တရုတ်နိုင်ငံမှ  တင်သွင်းထားသည့်ပစ္စည်းများဖြစ်သကဲ့သို့  ပြည်တွင်းထုတ်နှင့် ထိုင်းနိုင်ငံမှ တင်သွင်း ထားသည့်ပစ္စည်းများလည်းရှိကြောင်း သိရသည်။

 

''ကျောင်းတွေက  ဇူလိုင်လထဲပြန်ဖွင့်မယ်ဆိုရင်တော့ ဇွန်လလယ်ပိုင်းလောက်မှာ ကျောင်းသုံးပစ္စည်း တွေရောင်းလာရမယ်လို့  ခန့်မှန်းထားပါတယ်''ဟု  ယုဇနပလာဇာဈေးမှ ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းဝင်း ကပြောသည်။ လက်လီလက်ကားဖြန့်ချိရောင်းချနေသည့်  ယုဇနပလာဇာဈေးကို  ရက်ရှည်ပိတ်ထားခဲ့ ရာမှ မေ ၁၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

Read 23 times Last modified on Friday, 22 May 2020 08:37