SJ WorldNews - шаблон joomla Авто

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂ဝ၂ဝ)အစည်းအဝေးကျင်းပ

Saturday, 23 May 2020 09:48 font size decrease font size decrease font size increase font size increase font size

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၁/၂ဝ၂ဝ) အစည်းအဝေးကို ယနေ့မွန်းလွဲ  ၁ နာရီတွင် နေပြည်တော်ရှိ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မကြာမီကာလတွင်    မိုးဦးကာလ ကျရောက်တော့မည်ဖြစ်သည်နှင့်အညီ နှစ်စဉ် ကြုံတွေ့နေကျ     လေပြင်းဘေး၊ ရေကြီးရေလျှံဘေး၊ မြေပြို၊ ကမ်းပြိုဘေး၊ မိုးကြိုးဘေး စသည့်ဘေး များနှင့် မမျှော်မှန်းနိုင်သောငလျင်ဘေးတို့အတွက် အမျိုးသားအဆင့်ကော်မတီအနေဖြင့် နှစ်စဉ် ဆောင်ရွက်နေကျအတိုင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး ကြိုတင် ညှိနှိုင်းကြရမည်ဖြစ်ကြောင်း၊ လတ်တလောတွင်    ရာသီဥတုပူပြင်းမှုကြောင့် မိုးခေါင်ရေရှားဘေး၊ မီးဘေးနှင့် လေပြင်းဘေး စသည်တို့ကို နိုင်ငံတစ်ဝန်း ခံစားနေကြရပြီး ပူပြင်းခြောက်သွေ့မှုနှင့် ရေရှား ပါးမှုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများအပေါ်ရိုက်ခတ်ပြီး ထိခိုက်ဆုံးရှုံး မှုများကြုံတွေ့ခံစားနေရသည်ကို တွေ့မြင်နေရကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသည် သဘာဝဘေးဖြစ်ပွားလာသည့်အခါပထမဆုံး ရင်ဆိုင်ဖြေရှင်းရမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့များအနေဖြင့်  မိမိတို့ တိုင်းဒေသကြီး နှင့်ပြည်နယ်များအတွင်း သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်ရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လတ်တလော အခြေအနေအရ COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစား စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

ထိုသို့စီမံဆောင်ရွက်ရာတွင် Corona-virus  Disease  2019  (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့်  Corona-virus  Disease  2019  (COVID-19)   ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏  လမ်းညွှန်မှုနှင့်အညီ ဝန်ကြီးဌာနအသီးသီး၏ ညှိနှိုင်းချက်များ ကိုပါ ပူးပေါင်း ဆောင်ရွက်ရန်အရေးကြီးကြောင်း ပြောကြားသည်။

 

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူများစုဖွဲ့ထားရှိမှုနှင့်

 

ပစ္စည်းများအသင့်ပြင်ဆင်ထားမှု၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊  လုံခြုံရေးနှင့်ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက် သွားမည့်အစီအစဉ်များကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘေးဒုက္ခခံရသည့်ပြည်သူများကို ထောက်ပံ့ကူညီရာတွင် ပိုမိုမြန်ဆန်စွာဆောင်ရွက်လာနိုင်သည့်  အခြေအနေ၊ လာမည့်မိုးရာသီတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် COVID-19  ကာလ လိုက်နာရမည့်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နေမှုနှင့်သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့်တုံ့ပြန်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို လည်းကောင်းဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍   စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က (၂/၂ဝ၁၉) အစည်းအဝေးဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုနှင့်   အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်    ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်း ကော်မတီအလိုက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ရန်ပုံငွေများစနစ်တကျသုံးစွဲရေး၊ ပညာပေးရေး၊ အချိန်နှင့် တစ်ပြေးညီကြိုတင်သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ရာသီအလိုက်၊ နေရာဒေသအလိုက်    ဖြစ်ပေါ်လာ နိုင်သည့် ဘေးအန္တရာယ်များအား   ထိရောက်စွာစီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကိစ္စရပ်များကိုဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက်  စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊  နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing  ဖြင့်ချိတ်ဆက်၍ ဝန်ကြီးဌာန အလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ဘဏ္ဍာရန်ပုံငွေ ထည့်သွင်းလျာထားသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြ သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အကြံပေးအဖွဲ့ အတွင်းရေးမှူး မိုးလေဝသပညာရှင် ဦးချစ်ကျော်တို့က ဖြစ်ပေါ်လာနိုင်သည့်   သဘာဝဘေးအန္တရာယ်များ၊   ကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ကယ်ဆယ် ရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက် များအပေါ် ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူက   ပြန်လည်သုံးသပ်ဆွေးနွေးပြီး  လိုအပ်ချက်များကို ပေါင်းစပ်ညှိ နှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့်     ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံခန့်ခွဲမှုကော်မတီဝင်   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်များက  Video Conferencing  ဖြင့် ချိတ်ဆက်၍ တက်ရောက်ဆွေးနွေး တင်ပြကြ ကြောင်း သိရသည်။      

 

Read 51 times Last modified on Saturday, 23 May 2020 10:00