SJ WorldNews - шаблон joomla Авто

ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်တွင်ပါဝင်သည့် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာတို့နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကျင်းပ

Saturday, 23 May 2020 10:14 font size decrease font size decrease font size increase font size increase font size

 

သင်ရိုးသစ်ဒသမတန်း (Grade-10) ဘဝတွက်တာကျွမ်းကျင်စရာ (Life Skills)ဘာသာရပ်တွင် ပါဝင်သည့် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာနှင့်  မျိုးဆက်ပွားကျန်းမာရေး (Reproductive Health)နှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာတို့နှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမှတ်(၅)အခြေခံပညာအထက် တန်းကျောင်း ပညာရတနာခန်းမ၌ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲတွင်အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုးသစ်စာအုပ်တွင် ဆရာကိုင်စာအုပ်နှင့် ကျောင်းသားကိုင်စာအုပ်ဟူ၍ နှစ်မျိုးရှိ ကြောင်း၊ဘာသာရပ်နှင့်ပတ်သက်၍သင်ယူမှုဧရိယာလေးခု၊  အခန်းကြီး (၈) ခန်းရှိကြောင်း၊ အခန်း(၄) သည် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာဖြစ်ပြီး   အခန်း(၅)သည်မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာဖြစ်ကြောင်း၊  အဆိုပါသင်ခန်းစာများတွင် ဖြစ်ရပ်အချို့ထည့်သွင်းထားကြောင်း၊ထိုဖြစ်ရပ်များကို မြန်မာနိုင်ငံ၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ဘာသာရေးအရတားမြစ်ချက်များ၊   လူမှုရေးစံနှုန်းများအရသင်ကြားပေးရန်မသင့်သည့် အကြံပြု ချက်များနှင့်ကန့်ကွက်ချက်များ၊ လူမှုကွန်ရက်စာ မျက်နှာများတွင် ပြစ်တင်ဝေဖန်မှုများရေးသား ဖော်ပြလျက်ရှိနေကြကြောင်း။

 

ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို ၁၉၉၈ ခုနစ်မတိုင်မီက SHAPE  ပရိုဂရမ်ဖြင့် အခြေခံပညာ တွင် စတင်သင်ကြားခဲ့ကြောင်း၊ ၁၉၉၈  ခုနစ်နောက်ပိုင်းတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများနှင့်အတူ သင်ရိုးညွှန်းတမ်းများကိုပြုပြင်လိုက်သည့်အတွက် တွဲဖက်သင်ရိုးဝင်ဘာသာရပ်အနေဖြင့် ၂ဝ၁၆ ခုနှစ်ထိ သင်ကြားခဲ့ကြောင်း၊ ယခုနှစ်သင်ရိုးသစ်တွင်  ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို  သင်ကြား နိုင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်ရိုးနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းဗဟိုအဖွဲ့၊  ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ၊  ပြည်တွင်းအကြံံပေးပညာရှင်များ၊ နိုင်ငံတကာအကြံပေးပညာရှင်များ၊  အခြေခံပညာဆရာ၊  ဆရာမများ  ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး   အမျိုးသား သင်ရိုးညွှန်းတမ်း ကော်မတီ၏အတည်ပြုချက်ဖြင့်  သင်ရိုးစာအုပ်များကိုရိုက်နှိပ်ခဲ့ကြောင်း၊   ကျွမ်းကျင်မှုကိုအခြေပြုသည့်  သင်ရိုးဖြစ်သည့်အတွက်   ဖြစ်ရပ်များကိုဖော်ပြပေးရကြောင်း၊  ဝေဖန်သုံးသပ်ကြသည့်အခါ ဆရာကိုင် နှင့်ကျောင်းသားကိုင်စာအုပ်များကို    ဖတ်ရှုလေ့လာကြစေလိုကြောင်း၊  ပြုပြင်ဆောင်ရွက်စရာရှိသည် များကို    ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက မြန်မာနိုင်ငံတွင်  ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို ၁၉၉၈ ခုနှစ် ပညာ ရေးမြှင့်တင်မှုအစီအစဉ်အရ အခြေခံပညာအဆင့်မှ   စတင်ထည့်သွင်းသင်ကြားခဲ့ကြောင်း၊ သင်ကြား ရခြင်း၏ရည်ရွယ်ချက်မှာ လူတိုင်းအတွက် ပညာရေးကိုအကောင်အထည်ဖော်ရာတွင် အသက်အရွယ် အလိုက် လူမှုဘဝတွင်လိုက်လျောညီထွေနေထိုင်တတ်စေမည့် အခြေခံကျွမ်းကျင်မှုများကို သင်ကြား လေ့ကျင့်ပေးသွားနိုင်ရန်ဖြစ်ကြောင်း၊၂ဝဝ၃-  ၂ဝဝ၄ ခုနှစ်တွင် UNICEF ၏နည်းပညာ အကူအညီဖြင့်  ပြန်လည်ပြုစု၍ တွဲဖက်သင်ရိုးဝင်ဘာသာရပ်အဖြစ် သင်ကြားခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်မှစ၍ ယခု သင်ရိုးသစ်များအတွက် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဆက်စပ်ဦးစီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ၊ပညာရေးကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများပါဝင်ကြကြောင်း၊ ယခင်က UNICEF အကူအညီဖြင့် ထုတ်ဝေခဲ့သည့် ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်များပါအချက်အလက်များကို အခြေခံ၍ သင်ကြားသင်ယူမှုမျှော်မှန်းချက်များ၊ ရလဒ်များနှင့်ကိုက်ညီအောင် သင်ခန်းစာများကို      တည်းဖြတ် ပြင်ဆင်ပြုစုခဲ့ကြောင်း။

 

မြန်မာနိုင်ငံတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏စာရင်းအရ    အကြောင်းအမျိုးမျိုးကြောင့်  သက်ငယ်အမှုဖြစ်ပွားမှုသည်၂ဝ၁၇ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလအထိ ၉၂၄ မှုဖြစ်ပေါ်ခဲ့သည်ကို  သိရှိရကြောင်း။

 

နည်းပညာခေတ်တွင် သတင်းအချက်အလက်များနှင့်    အဖြစ်အပျက်များကို လူတိုင်းအလွယ် တကူ လက်လှမ်းတမီဖြစ်လာသည့်အတွက် သတင်းအချက်အလက်နည်းပညာနှင့် လူမှုကွန်ရက်များ၏ အကျိုးဆက်အဖြစ် ကျောင်းသား၊ ကျောင်းသူများ     ငယ်ရွယ်နုနယ်သည့်အချိန်တွင်လက်ကိုင်ဖုန်း၊  ကွန်ပျူတာ စသည်တို့ဖြင့်မမြင်သင့်၊ မကြားသင့်သည်များကို မြင်နိုင်ကြားနိုင်ရန်  နီးစပ်မှုရှိနေသည်ကို လည်းတွေ့ရှိရကြောင်း၊ ထို့ကြောင့် ခေတ်မီတိုးတက်လာသည့် သတင်းအချက်အလက်နည်းပညာများကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အမှားအမှန်ခွဲခြားသင်ယူတတ်စေရေးအတွက် လက်တွေ့ကျကျ ပြုပြင် ပြောင်းလဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ရိုးသစ်ကျောင်းသုံးဖတ်စာအုပ်များကို  ပြုစုရာတွင် အဓိကအားဖြင့် ကောင်းမွန်အကျိုးရှိသည်များကိုသင်ယူစေပြီး  ကျောင်းသား၊ ကျောင်းသူများ၏ဘဝ ကာကွယ်ပေးရန်နှင့်လူမှုဘဝမြှင့်တင်စေလိုသောကြောင့် ယခင်သင်ခန်းစာများကို  အတတ်နိုင်ဆုံး တည်းဖြတ်ခြင်း၊ ၂၁ ရာစုကျွမ်းကျင်မှုများရရှိလာစေရန်ပြင်ဆင်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်လျော ညီထွေဖြစ်စေရန် တည်းဖြတ်ပြင်ဆင်ခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  ပိုမိုအကျိုးရှိ ထိရောက်စေရေးအတွက်   ပြည်သူများ၏အသံကိုနားထောင်၍ ပြန်လည်သုံးသပ်စိစစ်ဆောင်ရွက် လျက်ရှိကြောင်း၊  ယခုသင်ရိုးသစ်ဒသမတန်း(Grade-10)  ဘဝတွက်တာကျွမ်းကျင်စရာ(Life Skills) ဘာသာရပ်တွင်ပါဝင်သည့် ရောဂါကင်းဝေးကျန်းမာရေးသင်ခန်းစာနှင့် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေးသင်ခန်းစာများနှင့်ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်မှုများကို ကြားသိရကြောင်း၊ ပြည်သူ့အသံပြည်သူ့သဘောထားများကို အလေးထားနားထောင် လျက်ရှိကြောင်း၊ အဆိုပါသင်ခန်းစာများတွင်ပါရှိသည့် အသုံးအနှုန်းများကို မြန်မာ့ယဉ်ကျေးမှုနှင့်   ကိုက်ညီမှုရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီတို့နှင့်ညှိနှိုင်း၍ ပြန်လည်သုံးသပ်စိစစ်ကာ ပြင်ဆင်နိုင်ရန်စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။

 

ထို့နောက်  သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များကို   အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဝင် ဦးတင်လှိုင်၊ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ဝင်းထွန်း၊လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များဖြစ်ကြသည့်  ဒေါက်တာတင်မောင်ဝင်း၊ ဒေါက်တာဇော်လတ်ထွန်းနှင့်  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြကြောင်း သိရသည်။

 

Read 43 times Last modified on Saturday, 23 May 2020 10:27