SJ WorldNews - шаблон joomla Авто

ပြည်ပထွက်ခွာမည့် မြန်မာသင်္ဘောသား ၂ဝဝ ကျော်အား COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ် ထုတ်ပေးပြီးဖြစ်

Tuesday, 30 June 2020 08:06 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံသို့ပြန်လာမည့် သင်္ဘောသား အလုပ်သမားများနေရာတွင်  လူစားလဲ ထွက်ခွာကြမည့် မြန်မာသင်္ဘောသား အလုပ်သမားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန     အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ  COVID-19 ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့်   ဆေးလက်မှတ် ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၂၇ ရက်အထိ ရောဂါ ကင်းရှင်းကြောင်း ဆေးထောက်ခံချက်လက်မှတ် ထုတ်ပေးပြီးသူ ဦးရေ ၂ဝဝ ကျော်အထိရှိကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား  အလုပ်သမား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်၏ ပြောဆိုချက်အရ သိရသည်။

 ''ပြည်ပသင်္ဘောတွေမှာ  တာဝန်ထမ်းဆောင်ကြမယ့်  မြန်မာသင်္ဘောသားတွေ အနေနဲ့ COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ပြီးရင်  တစ်ဖက်နိုင်ငံမှာ ဆေးလက်မှတ် ထောက်ခံချက်ပြရတယ်။

 အဲဒီနိုင်ငံမှာ COVID-19  Test ထပ်လုပ်ရတယ်။ ပြီးတော့  Quarantine ၁၄ ရက်ဝင်ရမယ်ဆိုတော့  ကုန်ကျစရိတ်က များသွားပြီး အချိန်ကာလအားဖြင့် မြန်မာနိုင်ငံနဲ့   တာဝန်ထမ်းဆောင်မယ့် နိုင်ငံနှစ်ဖက် Quarantine  ဝင်ရမှာဖြစ်လို့  ရက်ပေါင်း၂၈ရက်ဖြစ်သွားပြီ။  လေယာဉ်စီးတာပါ ထည့်တွက်မယ်ဆိုရင် ရက်ပေါင်း ၃ဝ လောက်အချိန်ကုန်မှာဆိုတော့  အဲဒီရက်ပေါင်း ၃ဝ အတွင်းမှာ ဟိုဘက်အလုပ်ရှင်က သင်္ဘောပေါ်တာဝန်ထမ်းဆောင်ဖို့   ခေါ်တဲ့အခါ အချိန်မီမသွားနိုင်ရင်တော့ အလုပ်ရှင်က တခြားနိုင်ငံသား  သင်္ဘောသား အလုပ်သမားကို  အလုပ်ခန့်လိုက်မှာပဲ။  သင်္ဘောက သက်ဆိုင်ရာနိုင်ငံက ဆေးစစ်လို့ သင်္ဘောသား အလုပ်သမားကလည်း  COVID-19ရောဂါ ကင်းရှင်းတယ်ဆိုရင်တော့ သင်္ဘောပေါ်တက်ခွင့်ရမယ်။ ဒါဆိုဆေးစစ်စရိတ်ပဲကုန်ပြီး Quarantine ဝင်တဲ့စရိတ်အတွက် ကုန်ကျမှုမရှိတော့ဘူး'' ဟု ဦးစိုးမင်းအောင်ကပြောသည်။

မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ်၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထောက်ခံချက်ရယူရန် လျှောက်ထားသည့်   မြန်မာသင်္ဘောသား အလုပ်သမားဦးရေမှာ  မေ ၃ဝ ရက်မှ ဇွန် ၂၈ ရက် အထိ ၃ဝဝ ဦးနီးပါးခန့် ရှိကြောင်း  သိရသည်။      

 

Read 16 times Last modified on Tuesday, 30 June 2020 08:07