SJ WorldNews - шаблон joomla Авто

သရက်ပင်များ အသီးခူးဆွတ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် နည်းလမ်းများ ရှင်းလင်း

Tuesday, 30 June 2020 09:15 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကန့်ဘလူသရက် ဥယျာဉ်ခြံမှ သရက်ပင်များ အသီးခူးဆွတ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို   အဆိုပါဥယျာဉ်ခြံ၌ တာဝန်ခံ ဦးသန်းထွန်းဦးက ရှင်းလင်း ပြောကြားကြောင်းသိရသည်။

သရက်ပင်များသည် အသီးခူးဆွတ်ပြီး နောက်ပိုင်းမှာ ရပ်နားချိန် တစ်လရှိပြီး ယင်းအချိန်တွင် မလိုလားသည့် ကိုင်းများကို ဖြတ်တောက်ကာ ပုံသွင်းပြုပြင်ပေးရသည်။

ထိုသို့ ကိုင်းဖြတ်ပြီးလျှင်ပြီးချင်း အစာကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရသည်။ တစ်နှစ်တွင် နှစ်ကြိမ်ကျွေးရပြီး ပထမအကြိမ်တွင် မိုးဦးကျအသီးများ ခူးဆွတ် ကိုင်းဖြတ်ပြီးချိန် တစ်ကီလိုဂရမ်ကျွေးရပြီး ဒုတိယအကြိမ်ကို မိုးနှောင်းပိုင်းမှာ ကျွေးရခြင်းဖြစ်သည်။

ပထမအကြိမ်   အစာကျွေးသည့်အခါ သရက်ပင်၏ တောင်မြောက် ရွက်အုပ်ဧရိယာ အောက်တည့်တည့် အပင်ခြေမှ နှစ်ပေခွဲ သုံးပေခန့်အကွာတွင် အလျား ၄ ပေ၊ အနက်၉ လက်မ (ပေါက်တူး တစ်နှိုက်) ကျင်းတူးကာ မြေသြဇာထည့်ပြီး မြေသြဇာလုံအောင် ပြန်ဖုံးပေးရသည်။ဒုတိယအကြိမ်တွင်မူ အစာကျွေးခြင်းကို သရက်ပင်၏ရှေ့နောက်၌ ကျင်းတူးကာ ပထမအကြိမ်အတိုင်း ဆောင်ရွက်ရသည်။ ထိုသို့  အပင်ကိုင်းဖြတ်ပြုပြင်ပြီး၊ မြေသြဇာကျွေးပြီးနောက် သုံးပတ်ခန့်အကြာတွင် အပင်တိုင်းမှ ရွက်နုများ တစ်ပြိုင်တည်း စုံစုံညီညီဖြင့် ထွက်ရှိလာမည်ဖြစ်ကြောင်း ဦးသန်းထွန်းဦးထံမှ သိရသည်။

''ကန့်ဘလူဥယျာဉ်ခြံကို စိုက်ပျိုးရေး ဦးစီးဌာနရဲ့ ရည်မှန်းချက်တွေကို အခြေခံပြီး ရည်ရွယ်ချက် သုံးရပ်နဲ့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ သရက်သီးနှံ(အဓိက စိန်တစ်လုံးသရက်)စိုက်ပျိုးတဲ့ နည်းစနစ်တွေ တောင်သူတွေကို ပညာပေးဖို့ဖြစ်ပါတယ်။ သုတေသနလုပ်ငန်းတွေဆောင်ရွက်ပြီး တောင်သူတွေကို အကျိုးပြုဖို့ဖြစ်ပါတယ်''ဟု တာဝန်ခံဦးစီးအရာရှိ ဦးသန်းထွန်းဦးက   ပြောသည်။

 

Read 28 times Last modified on Tuesday, 30 June 2020 09:16