SJ WorldNews - шаблон joomla Авто

အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေး ကျင်းပ

Wednesday, 01 July 2020 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇွန်  ၃၀

အာဆီယံ-သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Video Conferencingဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးကျော်တင် ပါဝင်တက်ရောက်သည်။

 အစည်းအဝေးသို့ အာဆီယံ-သြစတြေးလျ ဆွေးနွေးဖက် ဆက်ဆံရေး ညှိနှိုင်းရေးမှူးဖြစ်သူ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Dato' Seri Hishammuddin Tun Hussein နှင့်သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အမျိုးသမီးရေးရာဝန်ကြီး Madame Marise Payne တို့က ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်   ဝန်ကြီးများက COVID-19 ကူးစက်ရောဂါ တုံ့ပြန်ရာတွင် အာဆီယံနှင့် သြစတြေးလျတို့အကြား ဦးစားပေး အကောင်အထည်ဖော်ရန် လိုအပ်သောကဏ္ဍရပ်များဖြစ်သည့် ကျန်းမာရေး လုံခြုံမှု ရှိရေး၊ ဒေသတွင်း တည်ငြိမ်မှုရှိရေးနှင့် စီးပွားရေးပြန်လည် ဦးမော့လာရေးတို့၌ ပူးပေါင်း ဆောင်ရွက်ကြရေးကို အလေးပေး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ယင်းရောဂါကြောင့် စီးပွားရေး လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ လျော့ပါးရေးနှင့် စီးပွားရေး  ပြန်လည်ဦးမော့ လာရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက် ထားရှိမှုများ အသိပေး ပြောကြားခဲ့သည်။

ထို့နောက် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရာတွင် အာဆီယံ-သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စနှင့့်် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးကြိုးပမ်းမှုတွင် သြစတြေးလျနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာသန်း ၆၃၀ ကျော်သုံးစွဲရန် ကတိကဝတ်ပြုမှုအပေါ်ကြိုဆိုကြောင်းပြောကြားပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍ၌ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နေထိုင်မှု ပုံစံသစ်၌ အံဝင်ခွင်ကျ နေထိုင်နိုင်မှုကို အထောက်အကူဖြစ်စေမည့် ဒစ်ဂျစ်တယ် ကျန်းမာရေး ကဏ္ဍမြှင့်တင်ရေး၊ ဒေသတွင်း   ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်(Regional Comprehensive Economic Partnership)ကို ၂၀၂၀ ပြည့်နှစ်အတွင်း ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး၊ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများက    အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ထိခိုက်မှုဒဏ်ကို အများဆုံး ခံစားရသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ထိခိုက်နစ်နာမှုများကို လျော့ပါး သက်သာစေရေး အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့သည်။

အစည်းအဝေးအပြီးတွင် ပူးတွဲ သဘာပတိများ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ အထူးအစည်းအဝေး ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများလည်း ပါဝင် တက်ရောက်ကြကြောင်း သိရသည်။   

 

Read 23 times Last modified on Wednesday, 01 July 2020 09:29