SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပေး ထုတ်ပြန်

Thursday, 03 August 2017 15:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာလုပ်ငန်းအား ၂ဝ၁၅ ခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားသား  အမြဲနေထိုင်ခွင့်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  ယနေ့ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသည့် နေ့မတိုင်မီ ၁ဝ နှစ်အတွင်း အခြေချနေထိုင်ခွင့် မရှိသော ဗီဇာတစ်မျိုးမျိုး ကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် သုံးနှစ်အောက် မနည်း စဉ်ဆက်မပြတ် ဝင်/ထွက် သွားလာနေထိုင်လျက် ရှိသော ကျွမ်းကျင်ပညာရှင်/ရင်းနှီး မြှုပ်နှံသူလုပ်ငန်းရှင် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသည့် အိမ်ထောင်သက် အနည်းဆုံးနှစ်နှစ်ရှိပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့်  လျှောက်ထားသည့်နေ့မတိုင်မီ  ၁ဝ နှစ်အတွင်း အခြေချနေထိုင်ခွင့် မရှိသော ဗီဇာတစ်မျိုးမျိုး ကိုင်ဆောင်၍  မြန်မာနိုင်ငံတွင် နှစ်နှစ်အောက်မနည်း စဉ်ဆက်မပြတ်ဝင်/ထွက်သွားလာ နေထိုင်လျက်ရှိသော နိုင်ငံခြားသားဇနီး သို့မဟုတ် ခင်ပွန်း၊ အဆိုပါ နိုင်ငံခြားသားများနှင့်အတူ  တစ်ပါတည်းလိုက်ပါ နေထိုင်လိုသော ယင်းတို့၏ တရားဝင် ဇနီး/ ခင်ပွန်းနှင့် ယင်းတို့က  မွေးဖွားသော/ တရားဝင် မွေးစားသော အသက် ၁၈ နှစ်အောက်   အိမ်ထောင်မပြုရသေးသည့် နိုင်ငံခြားသား သား/သမီးများ၊ ပြည်ပနိုင်ငံ တစ်ခုခု၏ နိုင်ငံသားအဖြစ် ခံယူထားသော မြန်မာနိုင်ငံသားဟောင်းများ လျှောက်ထားနိုင်ကြောင်း သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများသည် ပြည်ပနိုင်ငံ အသီးသီးရှိ မြန်မာ သံရုံး/ကောင်စစ်ဝန်ချုပ်ရုံး/ အဖွဲ့ရုံးများနှင့် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်  ၃၇ လမ်း အမှတ်(၁၁၁/၁၁၃)ရှိ  နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ဌာနစိတ်တို့တွင် လိုအပ်သော စာရွက်စာတမ်းများနှင့် အတူ ကာယကံရှင်ကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ထို့ပြင်  နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်း အတွက် အမြဲနေထိုင်ခွင့် လျှောက်ထားခငွေ (ပြန်လည်ထုတ်ယူ၍မရ) အမေရိကန်ဒေါ်လာ ၅ဝဝ ကို ပေးဆောင်ရမည်ဖြစ်ပြီး  တစ်ပါတည်း ပူးတွဲလျှောက်ထားသည့် မိသားစုဝင်အတွက် အခငွေထပ်မံ ပေးဆောင်ရန် မလိုကြောင်းနှင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ လူတွေ့အကဲဖြတ် စစ်ဆေးရန် အကြောင်းကြားပါက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့  လျှောက်ထားသူ ကိုယ်တိုင်လာရောက်ရမည် ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခွင့်ပြုကြောင်း အကြောင်းကြားစာကို လက်ခံရရှိလျှင် အကြောင်းကြားသည့် နေ့ရက်မှ ရက်ပေါင်း(၆ဝ)အတွင်း သတ်မှတ်စာရွက်စာတမ်းများနှင့် အတူ ရန်ကုန်မြို့ရှိ  နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ်တွင် နိုင်ငံခြားသား တစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ဝဝဝ၊ မြန်မာနိုင်ငံသားဟောင်း တစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ဝဝ၊ အသက် ခုနစ်နှစ်မှ ၁၈ နှစ်အထိ တရားဝင် သား/သမီးတစ်ဦးစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ဝဝ၊ အသက်  ခုနစ်နှစ် အောက် ကလေး(အခမဲ့)ဖြင့် သတ်မှတ် အခကြေးငွေပေး၍  လျှောက်ထားသူ အပါအဝင် တစ်ပါတည်း လျှောက်ထားသူ မိသားစုဝင်များ ကိုယ်တိုင်  လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး  အမြဲနေထိုင်ခွင့် လက်မှတ်ထုတ်ယူခြင်းကို သတ်မှတ်ရက် (၆ဝ)အတွင်း ဆောင်ရွက်ခြင်း မရှိပါက ထိုနေ့မှစ၍ ရက်ပေါင်း (၁၂ဝ) အတွင်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့  ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရရှိသူသည် ကနဦး ငါးနှစ်နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး ငါးနှစ်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်သက်တမ်း ပြန်လည်အတည်ပြုရမည် ဖြစ်ကြောင်း၊ ထိုသို့ သက်တမ်းပြန်လည် အတည်ပြုရာတွင် သက်တမ်းမပြည့်မီ   ရက်ပေါင်း(၆ဝ)အတွင်း လျှောက်လွှာနှင့်အတူ ကာယကံရှင်ကိုယ်တိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ်တွင် လာရောက်လျှောက်ထားရမည် ဖြစ်ပြီး ငါးနှစ်ပြည့်ပါက ထပ်မံ၍တစ်ကြိမ်လျှင် ငါးနှစ်သက်တမ်းတိုး လျှောက်ထားနိုင်ကြောင်း၊ ထို့ပြင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရရှိသူ သည် လျှောက်ထားစဉ်က ဖော်ပြပါရှိသည့် မြန်မာနိုင်ငံ၏  နေရပ်လိပ်စာပါမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ယူရန် ကာယကံ ရှင်ကိုယ်တိုင် လျှောက်ထားရယူရမည်ဖြစ်ပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်း၊  ယခင်အချက်အလက်များ ပြောင်းလဲ/ပြင်ဆင်/ ဖြည့်စွက်ခြင်းတို့နှင့် စပ်လျဉ်း၍  ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဌာနစိတ်နှင့် သက်ဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးများတွင် လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိ လိုပါက ပြည်ပနိုင်ငံ အသီးသီးရှိ သက်ဆိုင်ရာ မြန်မာသံရုံးများတွင် လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  ရုံးအမှတ်(၄၈) နေပြည်တော် ဖုန်း-ဝ၆၇-၄၃၁၅ဝဝ၊ ဝ၆၇-၄၃၁၅၁၅ တို့သို့ လည်းကောင်း၊ ဝန်ကြီးဌာန၏ Website ဖြစ်သည့် www.mip.gov.mm တို့တွင် လည်းကောင်း မေးမြန်းဆက်သွယ် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read 344 times Last modified on Friday, 04 August 2017 08:52