SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် လွှတ်တော် အသီးသီး၏ ဆဋ္ဌမပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း စည်းဝေး

Wednesday, 11 October 2017 08:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁ဝ

ဒုတိယအကြိမ်လွှတ်တော် အသီးသီး၏ ဆဋ္ဌမပုံမှန် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ   မန်းဝင်းခိုင်သန်းက ဒုတိယအကြိမ်လွှတ်တော် အသီးသီး၏ ဆဋ္ဌမပုံမှန် အစည်းအဝေးများကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေး ရက်များတွင်  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်  ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးနှင့်  လွှတ်တော်အသီးသီးရှိ  ဆောင်ရွက်ဆဲဥပဒေကြမ်းများ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကဏ္ဍကို အထူးအလေးထား ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။

ထို့နောက် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် ဌာန၊ အဖွဲ့အစည်း အသီးသီးအနေဖြင့် လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ငန်းများအပြင် လုံခြုံရေးကဲ့သို့ အခြေအနေ အချိန်အခါအရ အထူးကြပ်မတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များရှိပါက ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို   ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်း ဆောင်ရွက်ပြီး လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီ နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေး တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးသည်။

ယင်းနောက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနာယက ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် နာယက  အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက  အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်း ကော်မတီဝင်များ၊  ဌာန/ အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။  

Read 357 times Last modified on Wednesday, 11 October 2017 08:13