SJ WorldNews - шаблон joomla Авто

၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

Thursday, 03 August 2017 15:15 font size decrease font size decrease font size increase font size increase font size

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

နေပြည်တော် သြဂုတ် ၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့က ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးဆက်အောင်အား ခန့်အပ်တာဝန် ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့်  အထူးထိမ်းမြားခြင်း ဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင် သည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော  တာတမံဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်က ၂ဝ၁၇ ခုနှစ် အခွန်အကောက် ဥပဒေတွင် ကင်းလွတ်ခွင့်ရှိသည့် ကုန်စည် ၈၇ မျိုးကို ပြဋ္ဌာန်းထားကြောင်း၊ ရွှေစင်ရွှေတုံးသည် အဆိုပါကုန်စည် ၈၇ မျိုးတွင် မပါဝင်ကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း၊ သို့သော်ရွှေစင်ရွှေတုံးကို နိုင်ငံတကာတွင် ငွေကြေးကဲ့သို့ သတ်မှတ်အသုံးပြုလျက်ရှိပြီး  အခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ခွင့်ပြုထားသည့်အတွက် ရွှေဈေးတည်ငြိမ်နေကြောင်း။

ရွှေစင်ရွှေတုံးများကို အခွန်ကင်းလွတ် ခွင့်ပြုခြင်းအားဖြင့် ရွှေဈေးတည်ငြိမ်လာပြီး ရွှေထုတ်လုပ်သူများ အနေဖြင့် နိုင်ငံတကာ ဈေးကွက်အတိုင်း ပြည်တွင်း၌ ယှဉ်ပြိုင် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အခွန်ကင်းလွတ် ခွင့်ပြုခြင်းဖြင့် နိုင်ငံတကာကဲ့သို့ ရွှေစင်ရွှေတုံးများကို ငွေကြေးကဲ့သို့သုံးစွဲနိုင်သည့် ပစ္စည်းတစ်ခုအဖြစ် နိုင်ငံတော်တွင် ရပ်တည်လာနိုင်မည် ဖြစ်ကြောင်း၊ ယခုအခါ ရွှေကို အခွန်ကောက်ခံသည့် အတွက်  ပြည်သူလူထုမှာလည်း ရွှေဝယ်ယူမှု လျော့နည်းပါကြောင်း၊ ရွှေအရောင်းဈေးကွက်မှာလည်း ကျဆင်းလာကြောင်း ဆွေးနွေးသည်။

ထို့ပြင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦး၊ မကွေးတိုင်း ဒေသကြီးမဲဆန္ဒနယ် အမှတ်(၅) ဦးတင်အောင်ထွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးနိုင်သီဟ၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့က ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို  ဦးထွန်းထွန်းဟိန်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များအတိုင်း ပြည်ထောင်စု အစိုးရသို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌဦးဝင်းမြက ရှင်းလင်းတင်ပြရာ လွှတ်တော်က ယင်းအစီရင်ခံစာကို မှတ်တမ်းတင်သည်။    

ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏ အရအသုံး စာရင်းများ စစ်ဆေးချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍  ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှုစစ်ဆေးခြင်း အပြင် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းကိုပါ ဆောင်ရွက်လျက် ရှိကြောင်း၊ စစ်ဆေးဖော်ပြချက်များတွင် တင်ဒါခေါ်ယူခြင်း၊ ပစ္စည်းဝယ်ယူခြင်း လုပ်ငန်းများတွင် ထိရောက်ခိုင်မာသည့် စနစ်များ ဖြစ်ပေါ်လာစေရေးနှင့် တည်ဆောက်ရေး

လုပ်ငန်းများကို စံချိန်စံညွှန်းအတိုင်း ခိုင်ခံ့ပြီး ကုန်ကျသလောက် အကျိုးဖြစ်ထွန်းစေရန် အလေးထား ဖော်ပြထားကြောင်း၊ လုပ်ငန်း စစ်ဆေးရာ၌ ကျွမ်းကျင်ဝန်ထမ်း အကန့်အသတ်ရှိခြင်း၊ လေ့ကျင့် သင်ကြားရေးအတွက် ဘတ်ဂျက် အကန့်အသတ်ရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းအတွက် ချဲ့ထွင်ဆောင်ရွက်ရာ၌ ပညာရပ်ဆိုင်ရာ အတွေ့အကြုံဗဟုသုတ ဖြည့်ဆည်းရန် လိုအပ်ခြင်း၊ သတင်း အချက်အလက် စုဆောင်းရန် အချိန်ပေးရခြင်း၊ အစိုးရ အဖွဲ့အစည်းများ၏  လုပ်ဆောင်ချက်များအား တိုင်းတာရန် စံများ၊ မှတ်ကျောက်များ သတ်မှတ်ပြဋ္ဌာန်းထားမှု မရှိသေးကြောင်း၊ စာရင်းများစစ်ဆေးရာတွင် ၁ဝဝ

ရာခိုင်နှုန်းစစ်ဆေးနိုင်မှု မရှိဘဲ လိုအပ်မှုနှင့် အရေးပါမှုကိုကြည့်ပြီး ကောက်နုတ်စစ်ဆေးခဲ့ကြောင်း။

အမျိုးသားစီမံကိန်းအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော်ရာတွင် ၂ဝ၁၅-၂ဝ၁၆ တွင်လယ်ယာနှင့် စက်မှုဝန်ဆောင်မှု ကဏ္ဍတို့တွင် ယခင်နှစ်များထက် တိုးတက်လာသည်ကို တွေ့ရကြောင်း၊ သစ်တောနှင့် စွမ်းအင်ကဏ္ဍတို့တွင် အကောင်အထည်ဖော်မှုမှာ လျော့နည်းခဲ့ကြောင်း၊ အခွန်အကောက် ဥပဒေအပေါ် အကောင်အထည်ဖော်မှုတွင် ကုန်သွယ်ခွန်နှင့် တံဆိပ်ခေါင်းခွန်များမှာ ယခင်နှစ်များထက် ပိုမိုရရှိခဲ့ကြောင်း ရှင်းလင်းတင်ပြပြီး ရသုံးခန့်မှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှု၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ငါးနှစ်အတွင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု၊ ဘဏ္ဍာရေးနှစ် အဆက်ဆက် အကြွေးကျန်ရှိမှုနှင့် နိုင်ငံတော်ပိုင်ငွေနှင့်  ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၉/၂ဝ၁၇)ကို ကော်မတီဝင် ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က ရှင်းလင်းတင်ပြသည်။ အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။

Read 314 times Last modified on Friday, 04 August 2017 08:52