Print this page

မြစ်ကြီးနားမြို့နှင့် တနိုင်းမြို့နယ်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည့် ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

Sunday, 14 July 2019 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အလယ်ကုန်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ရေကြည်ရပ်ကွက်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက်ရှိသဖြင့် ရေလွတ်ကင်းမှုမရှိသော အိမ်ထောင်စု ၄၅၇ စုတို့အား ပေါ်ဦး ဘုန်းတော်ကြီးကျောင်း၊ မြစေတီဘုန်းတော်ကြီးကျောင်း၊ အောင်ဇေရန်အောင်ဘုန်းကြီးကျောင်းနှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သား များက တပ်မတော် မော်တော်ယာဉ် များဖြင့် ကူညီရွှေ့ပြောင်းပေးခဲ့သည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းများရှိ ရေဘေးသင့် ပြည်သူများအား တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့က ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင် သွားရောက်ကြည့်ရှု အားပေးပြီး ရေသန့် ၁၂၈ ကတ်၊ ဆန် ၄ဝ အိတ်၊ ခေါက်ဆွဲ ခြောက် ၃ဝ ဖာ၊ ကြက်ဥ ၁၅၂ဝ လုံး၊ ထမင်း ထုပ် ၂၁ဝဝ ထုပ်တို့အား လှူဒါန်းခဲ့ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အလားတူ တနိုင်းမြို့နယ်၊ ဂျိုဆာဒီးကျေး ရွာတွင်ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားလျက် ရှိသဖြင့် အိမ်ထောင်စု ၁၆၄ စုအတွက် ယနေ့တွင် နယ်မြေခံတပ်မတော်သားများက သွားရောက်၍ သောက်သုံးရေသန့် ၂ဝ လီတာဗူးကြီး ၅ဝ ဘူး၊ ရေသန့်ဘူး ၁ လီတာ ၅ဝဝ ဘူး၊ ဟင်းအမယ်စုံထမင်းဗူး ၄ဝဝ ဘူး၊ ခေါက် ဆွဲခြောက် ၂ဝ ဖာတို့အား သွားရောက် လှူဒါန်းခဲ့ပြီး တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသ ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ အဆိုပါ ကျေးရွာရှိ ရေလွတ်ကင်းမှုမရှိသော အိမ်ထောင်စု ၅၇ စုတို့အား မြို့မဘုန်း တော်ကြီးကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (တနိုင်း)သို့ နယ်မြေခံတပ်မတော်သားများက တပ်မတော် မော်တော်ယာဉ် များဖြင့် ရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 41 times Last modified on Sunday, 14 July 2019 09:16