SJ WorldNews - шаблон joomla Авто

ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တပ်မတော်သို့လက်နက်အပ်နှံခြင်းနှင့် Coronavirus Disease 2019 (COVID-19) ရောဂါကုသရေးအတွက် တပ်မတော်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က မီဒီယာများ၏ မေးမြန်းချက်များအား ရှင်းလင်းဖြေကြား

Sunday, 29 March 2020 12:52 font size decrease font size decrease font size increase font size increase font size

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တပ်မတော်သို့ လက်နက် အပ်နှံခြင်းနှင့် Coronavirus Disease  2019  (COVID-19) ရောဂါကုသရေးအတွက် တပ်မတော်၏

လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ယနေ့ညနေ ၃ နာရီမှ ၃ နာရီခွဲအထိ တပ်မတော် စစ်သမိုင်းပြတိုက် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင် ငါးဦးနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများ၊ စုစုပေါင်း သတင်းဌာန ၁၂ ခုမှ သတင်းထောက် ၁၇ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် သတင်းထောက်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည် ဖြေကြားခဲ့သည်-

 

ပထမဦးစွာ News  Watch သတင်း ဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်း က   နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ ယခင်လိုတံခါးများမဖွင့်ထားဘဲ တံခါးများ ပိတ်ထားကြောင်း၊ တပ်တွင်းနှင့် အပြင်ကို အဝင်အထွက်များ ပိတ်ထားသည်ဟု သတင်းကြားကြောင်း၊ အထဲကလူ အပြင်မထွက်ခိုင်းသလို၊ အပြင်လူလည်း အထဲ မဝင်ခိုင်းသည့် သတင်းများ ထွက်နေသည်မှာ ဟုတ်ပါသလား၊ နောက်တစ်ချက်အနေ ဖြင့် ကောင်းခါးကိစ္စနှင့် ပတ်သက်ပြီး အရေးယူမှုကိုလည်း ရှင်းပြပေးပါဟုမေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် တပ်မတော်ရှိ တပ်ရင်း/တပ်ဖွဲ့ များကို ညွှန်ကြားထားမှုများရှိကြောင်း၊ အထဲကလူလည်း အပြင်မထွက်နှင့် အပြင်က လူလည်း အထဲမဝင်နှင့်ဟု မဟုတ်ကြောင်း၊ အဓိကက  အပြင်ထွက်သည့်အချိန်တွင် စစ်ဆေးမှုခံယူပြီးမှ ထွက်ရန်အတွက် ညွှန် ကြားထားမှုရှိကြောင်း၊ ညွှန်ကြားထားသည် မှာ ယခုလ ၂၆ ရက်က ညွှန်ကြားလိုက်ပြီး COVID-19  ရောဂါကာကွယ်ရေး၊ ကုသရေးနှင့်ပတ်သက်ပြီး တပ်မတော်တပ်ရင်း/တပ်ဖွဲ့အားလုံးသည် တာဝန်မှအပ၊ လူမှုရေး အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ တပ်ပြင် ထွက်မှုများကို မပြုလုပ်ရန် ညွှန်ကြားထားမှု များရှိကြောင်း၊ အဝင်/အထွက်များတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူရန်အတွက်  ညွှန်ကြားထားမှုများရှိကြောင်း၊ တပ်များတွင် ရှိသော ဆေးမှူးများ၊ ဆေးလက်ထောက် အရာခံဗိုလ်များ၊ သူနာပြုများ ပါဝင်သော ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့များ စနစ်တကျ စုဖွဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များကို နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု

ပြုလုပ်ရန် ညွှန်ကြားထားကြောင်း၊ အရေးကြီး ကိစ္စဖြင့်  တပ်ပြင်ကို  ထွက်မည်ဆိုပါက စုပေါင်းကားစနစ်ဖြင့်သွားရန်၊ အသွား/ အပြန်များတွင် စစ်ဆေးကြပ်မတ်သည့် အဖွဲ့များထားပေးရန်ဆိုပြီး ညွှန်ကြားထားမှုများရှိကြောင်း၊  အထဲသို့ဝင်သည့်အချိန် တွင်လည်း စစ်ဆေးမှုခံယူပြီးမှ ဝင်ခွင့် ပြုရန် ညွှန်ကြားထားကြောင်း၊ လိုင်းခန်း များ၊ နေအိမ်များတွင်လည်း နေ့စဉ်စစ်ဆေး ရန်၊ သန့်ရှင်းရေး ပြုလုပ်ရန်တို့ကိုလည်း ညွှန်ကြားထားမှုများရှိကြောင်း၊ စစ်မြေပြင် ဆေးတပ်ရင်းများသည်  တိုင်းစစ်ဌာနချုပ် တိုင်းတွင်ရှိကြောင်း၊ အဆိုပါနေရာများမှ Medical  Cover  အဖွဲ့များကို ဖွဲ့စည်းပြီး လိုအပ်သည့်နေရာများတွင် စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ ဘုန်းကြီးကျောင်း များ၊ သီလရှင်တိုက်များ၊ စာသင်ကျောင်းတိုက်များ၊ အခြားဘာသာရေး အဆောက် အအုံများနှင့် လိုအပ်လာသည့်နေရာများ တွင် လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် ညွှန်ကြားထား ကြောင်း၊ လုံးဝ အပြင်မထွက်ရ၊ အထဲမဝင်ရဆိုသည့် ကန့်သတ်ချက်မျိုးမရှိကြောင်း၊ အထက်ကပြောခဲ့သလို စစ်ဆေးမှု ခံယူရမည်၊  အလွန်အရေးကြီးသည့်အကြောင်းမရှိပါက  မထွက်ရန်ဟူသည့် ကန့်သတ်ထားကြောင်း၊  ထို အချက်သည် လည်း ကာကွယ်တားဆီး ရေးအတွက်ဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ကောင်းခါးပြည်သူ့စစ်နှင့် ပတ်သက်၍ ပါဝင်ပတ်သက်မှုရှိနေသည့် လူများကို ခေါ်ယူ မေးမြန်းမှုများရှိကြောင်း၊   မိမိ ယခင် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သလို  မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုရှိပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အရေအတွက်များများ မဟုတ်ကြောင်း၊ စစ်ဆေးနေဆဲအမှုဖြစ် သည့်အတွက် လူဦးရေအရေအတွက်နှင့် မည်သူဆိုသည်ကို ထုတ်ဖော်ပြောကြား နိုင်ခြင်းမရှိကြောင်း၊ ကောင်းခါးပြည်သူ့စစ် အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် နှင့် လက်နက်ဖြုတ်သိမ်းမှုများ၊ ပြန်လည် အပ်နှံမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊  တိုင်းစစ် ဌာနချုပ်အနေဖြင့်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှု များကို ကောင်းမွန်စွာ ဆောင်ရွက်လျက်ရှိ ကြောင်း   ရှင်းလင်းဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က  ကောင်းခါးပြည်သူ့စစ် (ဌာနေ)အဖွဲ့အနေဖြင့် လက်နက်ဖြုတ်သိမ်း သည့်ကိစ္စက   တပ်မတော်ကအပ်ခိုင်းလို့ အပ်တာလား၊ သူတို့ဆန္ဒသဘောကြောင့် အပ်တာလား၊  သူတို့အဖွဲ့ပြည်သူ့စစ်က ဖျက်လိုက်တာလား၊  ဒါမှမဟုတ်  သူတို့ အနာဂတ်က  ဘယ်လိုဆက်ဖြစ်သွားမလဲ သိချင်ပါကြောင်းမေးမြန်းသည်။

ထို့နောက် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားရာတွင် ခုနကပြောသည့် အထဲတွင် ပါပြီးသားဖြစ်ပါကြောင်း၊  နံပါတ် (၁)အချက်အနေဖြင့် လက်နက်ဖြုတ်သိမ်းရ တဲ့အကြောင်းရင်းကတော့ ယခုရက်သတ္တပတ် အတွင်းမှာပဲ တိုင်းစစ်ဌာနချုပ် အတွင်းမှာရှိတဲ့ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံ ပြီး ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းများအား အဖြစ်မှန် အတိုင်း ရှင်းလင်းတင်ပြခဲ့ပါ ကြောင်း၊ ရှင်းလင်း တင်ပြပြီးတဲ့အခါမှာ ကောင်းခါးပြည်သူ့စစ်(ဌာနေ)အဖွဲ့အနေ ဖြင့်   ယခင်ငြိမ်းချမ်းရေး ရယူစဉ်ကပင် တာရှည် လက်နက်ကိုင်ရန် ရည်ရွယ်ချက် မရှိတဲ့အတွက်သော်လည်းကောင်း၊ တပ်မတော်မှ တိုက်တွန်းချက်နဲ့အညီ လက်နက်များအားပြန်လည်အပ်နှံခြင်းဖြစ်ပါကြောင်း၊ ပြန်လည်အပ်နှံတဲ့အခါမှာလည်း မတ်လ  ၂၆ ရက်နေ့ထိ ရက်ပိုင်းအတွင်းမှာလည်း ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ဒါနှင့်ပတ်သက် ပြီး တရားဝင်ရပ်တည်နိုင်မှုအတွက် စီးပွားရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွေ  လုပ်ကိုင်နိုင်ဖို့အတွက် တပ်မတော်မှကူညီဆောင်ရွက်သွားမှာဖြစ် ကြောင်းဖြေကြားသည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ဦးထက်နိုင်ဇော်က  နိုင်ငံတကာမှာဆိုရင်  COVID-19 နှင့်ပတ်သက်ပြီး  သယ်ယူ ပို့ဆောင်ရေးမှအစ တပ်မတော်သားများ ကူညီလုပ်ကိုင်နေတာတွေ့ရှိခဲ့ရပြီး  ကယ် ဆယ်ရေး၊   ပြန်လည် နေရာချထားရေး လုပ်ငန်းတွေမှာ တပ်မတော်သားများကူညီ လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်းနှင့် ယခုလက်ရှိ အခြေအနေတွင်တပ်မတော်သားများအနေဖြင့်ဆေးဖျန်းခြင်းများတွေ့ ရှိခဲ့ရပြီး ကျန်လုပ်ငန်းစဉ်များအား အစိုးရ နှင့်မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါသလဲ၊  နောက်ပိုင်းတွင်အစိုးရဘက်မှ အကူအညီတောင်းခံမှုရှိပါသလား၊   CQ (Chloroquine)နှင့် ပတ်သက်ပြီး အမျိုးမျိုး ဖြစ်ပေါ်နေတဲ့အတွက် ၄င်းနှင့်ပတ်သက်ပြီး ဘယ်လိုသုတေသနပြုလုပ်ထားတယ်ဆို သည်ကို  ရှင်းလင်းပေးစေချင်ကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် COVID-19 ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် လုပ်ဆောင်ချက်များ အားပြောကြားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာ တွင်လည်း  သဘာဝဘေးအန္တရာယ်ဖြစ် လာသည့်အခါတိုင်းတွင် တပ်မတော်အနေ ဖြင့် တာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်ပါကြောင်း၊ တပ်မတော်အနေနှင့် ၄င်းကိစ္စနှင့်ပတ်သက် ပြီးအားလုံးနီးပါးလောက်ကို    ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ကူညီ ဆောင်ရွက်နိုင်ဖို့လည်း   စုဖွဲ့ထားပြီးဖြစ် ပါကြောင်း၊    နောက်တစ်ခုအနေဖြင့်  (Chloroquine) ကိစ္စနှင့် ပတ်သက်ပြီး မိမိ အနေဖြင့်  ပါရဂူတစ်ယောက်မဟုတ်ပါ ကြောင်း၊  နိုင်ငံတကာ၏ သတင်းထုတ်ပြန်ချက်၊ တွေ့ရှိချက်တွေအပေါ်မှာ အငြင်းပွားမှုတွေရှိနေသည်မှာ  မှန်ကန်ပါကြောင်း၊ သို့သော် လက်တွေ့ လုပ်ဆောင်တဲ့ ရလဒ်ကို  မိမိမြင်သလောက်ပြောရမည်ဆိုလျှင် နံပါတ်(၁)အနေဖြင့် ၄င်းဆေးနှင့်ကုသပေး လို့ကောင်းသွားသည်ဆိုသည့် ရလဒ်မျိုး တွေကို  ထောက်ခံထားသည့် သူတွေရှိပါကြောင်း၊  ၄င်းဆေးနှင့် ကုသပေးပြီးမကောင်း ပါဘူးဟု အချက်အလက်နှင့်ထုတ်ပြန်ထား သည်ကိုလည်းမတွေ့ရှိရပါကြောင်း၊ VOA  သတင်းဌာနမှထုတ်လွှင့်ခဲ့သည့် COVID-19 ဗိုင်းရပ်ကို  တိုက်ဖျက်သည့်နေရာတွင် ငှက်ဖျားဆေးဖြင့်    စတင်ကုသနေသည့် အခြေအနေနှင့်ပတ်သက်ပြီး  အင်တာဗျူး မေးမြန်းခန်းအား   ဖွင့်လှစ်ပြသရာတွင် အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင် နေသည့်   ကူးစက်ရောဂါဆိုင်ရာပါရဂူ  ဒေါက်တာဇေယျာသက်က ပညာပေးပြော ကြားရာ ကျွန်တော် Clinical Trial လုပ် နေပါကြောင်း၊ ဆေးရုံတိုင်းတွင် ယခုအချိန် ထိဆေးမရှိပါကြောင်း၊ ဆေးမြောက်မြားစွာ ကိုစမ်းသပ်နေပါကြောင်း၊ အဆိုပါစမ်းသပ်မှု တွင်ငှက်ဖျားဆေးပါဝင်ပြီး မြန်မာနိုင်ငံတွင် ရှိသည  Hydroxychloroquine  ဖြစ်ပါ ကြောင်း၊ အဆိုပါဆေးကိုတစ်မျိုးတည်းသုံး ခြင်းလည်းရှိပြီး ၄င်းနှင့်အတူ Antibiotic   ဆေးတစ်မျိုးနှင့်  တွဲသုံးခြင်းလည်းရှိပါ ကြောင်း၊ အဆိုပါဆေးကဗိုင်းရပ်ကိုသတ်နိုင် သလားဆိုလျှင် အတိအကျမသိပါကြောင်း၊ 

အရင်တုန်းက Laboratory အခန်းများတွင် လုပ်ခြင်းက ပိုးကိုသတ်နိုင်သည့်စွမ်းအားရှိ ပြီး ၄င်းအပေါ်မူတည်ပြီးလုပ်ကြောင်း၊ ယခင် က လုပ်ရန်ခက်ခဲပြီး ယခုအခါ  Disaster မျိုး ဖစ်နေခြင်းကြောင့်  FDA က တောင် pass လုပ်ပေးလိုက်ကြောင်း၊  မြန်မာနိုင်ငံရှိ  ငှက်ဖျားဆေးက Side Effect ပိုများပြီး သောက်ရာတွင်ခက်ခဲကြောင်း၊ ၄င်း၏ new generation ဖြစ်သည့် ဆေးပညာအသုံး အနှုန်းအရ Hydroxychloroquine  ဟု ခေါ် ကြောင်း၊ အဆိုပါ Hydroxychloroquine  ဆေးသည် Side Effect အများကြီး သက်သာခြင်းကြောင့် အများစုသုံးကြ ကြောင်း၊ ပြောကြားလိုတာက မြန်မာ နိုင်ငံတွင် အဆိုပါငှက်ဖျားဆေးများရှိပြီး ရောဂါဖြစ်လာလျှင် Clinical  trial  ကို ကြည့်ပြီးသုံးရန်၊ ထိုးဆေးက သုံးပုံသုံးနည်း မတူကြောင်း၊ ငှက်ဖျားဆေးကဲ့သို့အသုံးပြု ခြင်းမဟုတ်ဘဲ  ပထမဆုံး  Day No. 1 မှ  loading dose  ရှိပါကြောင်း၊ High dose ကို ပေးလိုက်ပြီး  Day No.2  to  No.5  လုပ်ပြီး ဆေးရုံတိုင်းတွင် ငါးရက်ပဲလုပ် ကြောင်း ရှင်းလင်းမှုကို Video Clip  ဖြင့် ပြသသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားရာတွင်   အဆိုပါအင်တာဗျူး သည် လက်တွေ့ကုသနေသည့် ပြောကြား ချက်ဖြစ်ကြောင်း၊ မိမိ ကိုယ်တိုင် ပါရဂူ တစ်ယောက်မဟုတ်သည့်အတွက် ဆေးပညာ ဆိုင်ရာနှင့်ပတ်သက်ပြီး ထပ်မံပြီးမပြောလိုကြောင်း၊ မိမိအနေဖြင့် ယေဘုယျအယူအဆဖြစ်သည့် "Something is Better than Nothing"  ''မရှိတာထက်စာရင်  တစ်စုံတစ်ခုရှိထားခြင်းက ပိုမိုကောင်းမွန် ကြောင်း''၊ ယခုအချိန်မှာ မိမိအမြင်ကတော့ COVID-19 နှင့်ပတ်သက်ပြီး အမျိုးမျိုး လိုအပ်နေသည့်အထဲတွင်   ဆေးဝါးများ၊   အသုံးအဆောင်များ၊ ကုသမှုများ လိုအပ်သလို  အဓိကလိုအပ်ချက်မှာ စိတ်ခွန်အား လိုအပ်ကြောင်း၊ လူဆိုသည်က ဘာသာရေး ကိုးကွယ်မှုသည် ဘာကြောင့်ဖြစ်လာသလဲ ဆိုလျှင် အကြောက်တရားကြောင့် ဖြစ်ပေါ် လာခဲ့ပြီး စိတ်ခွန်အားသည် အဓိကလိုအပ် ပါကြောင်း၊ ဘာပဲပြောပြော ဆရာဝန်ကြီး ပြောကြားသွားသည့်အထဲတွင် မြန်မာနိုင်ငံ မှာ Chloroquine လက်ရှိသုံးစွဲနေသည် မှာရှိနေကြောင်း၊   ၄င်းနှင့်ပတ်သက်ပြီး အငြင်းပွားစရာရှိလျှင်     အငြင်းပွားနိုင်

ကြောင်း၊ သို့သော် စောစောကပြောသည့် Something is Better than Nothing  ဆိုသည်မှာ တစ်စုံတစ်ခုအတွက် အကျိုး ဖြစ်ထွန်းလာနိုင်မည်ဟု   မိမိအနေဖြင့် မြင်မိပါကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က မေးမြန်းရာတွင် COVID-19 နှင့်ပတ်သက်ပြီး တပ်မတော် ဘက်ကလည်း ပထမအကြိမ်သတင်းစာ ရှင်းလင်းပွဲမှာ အဆင်သင့်ပြင်ဆင်ထား ကြောင်း၊ လိုအပ်သည့် လူအင်အား၊ ပစ္စည်း အကုန်ရှိသည်ဟု ပြောကြားထားကြောင်း၊ လက်ရှိမြေပြင်မှာ သတင်းတွေရရှိနေတာ က ကျွန်တော်တို့ပြည်သူ၊ ပြည်သားတွေ အတွက် လိုအပ်တဲ့အခြေအနေတွေအများ ကြီးရှိကြောင်း၊ ဆေးရုံတွေမှာလည်း လိုအပ်ချက်တွေရှိလို့ အလှူခံနေရတာရှိကြောင်း၊  သို့သော် တပ်မတော်အနေဖြင့် COVID-19 နှင့်ပတ်သက်၍ ဝင်ရောက်ဆောင်ရွက် ဖို့ဘယ်လိုအခြေအနေကများ အခက်အခဲ ရှိသလဲ၊ ပွင့်ပွင့်လင်းလင်းမေးရမည်ဆိုပါက အစိုးရကအကူအညီတောင်းမှ တပ်မတော် အနေဖြင့်ဝင်ရောက်ကူညီမှာလား၊   ဒါမှမဟုတ် တပ်မတော်အနေဖြင့် ဝင်ရောက် ဆောင်ရွက်ခွင့် အခြေအနေ မရှိဘူးလား သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင်  တချို့ဟာတွေကတော့  ကျွန်တော်တို့ လိုအပ်တဲ့နေရာတွေမှာ ဆေးဖျန်းသည့်   လုပ်ငန်းဆောင်ရွက်မှုများရှိ ကြောင်း၊ ကုသနိုင်ရန် အသင့်ပြင် ဆင်ထား သည့် လုပ်ငန်းများရှိကြောင်း၊ ကုသသည့်  လုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေ သည်များ လည်းရှိကြောင်း၊ သို့သော် လုံခြုံ ရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းတွေအပေါ် ဥပမာထိန်းချုပ် ကန့်သတ်သည့်နေရာတွေ ကို ထိန်းချုပ်ကန့်သတ်ခြင်းများ၊ အဝင်/ အထွက်များကို  ကန့်သတ်ခြင်း  စသည့် အချက်များမှာ ခွင့်ပြုချက်ရမှသာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊  ခွင့်ပြုချက်ရမှ ဆောင်ရွက်ခြင်းသည်     ပိုပြီးလုပ်ထုံး လုပ်နည်းဖြင့်   ညီညွတ်မည်ဖြစ်ကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ဆောင်ရွက် နိုင်သည်များအားလုံး  ဆောင်ရွက်ထား ကြောင်း၊ ထပ်မံပြောလိုသည်မှာ COVID-19 ကူးစက်ရောဂါသည် တစ်မျိုးသားလုံး နှင့်သက်ဆိုင်သည့်  အမျိုးသားရေးကိစ္စ ဖြစ်ကြောင်း၊ ဒါ့ကြောင့် တပ်မတော်အနေ ဖြင့် ဆောင်ရွက်နိုင်သည်မှန်သမျှကိုဆောင် ရွက်သွားမည်ဟုသာ    ပြောလိုကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဆက်လက်မေးမြန်း ရာတွင်ယခုဆိုလျှင်  အရပ်ဘက်များတွင် သံသယလူနာဘယ်လောက်ရှိလဲ၊ ပိုးတွေ့သူ  ဘယ်လောက်ရှိသည်ဆိုတာ နေ့စဉ် ထုတ်ပြန် နေတာရှိကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်များနှင့်မိသားစုဝင်များကို စစ်ဆေး သည့်ပမာဏအား သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့   အစီအစဉ်ရှိပါသလား  မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် တပ်မတော်အနေဖြင့် ဆေးရုံတက်ရောက်သည့် လူနာတွေ၊ ဆေး ခန်းလိုက်လူနာတွေကိုပါ အမြဲတမ်းစစ်ဆေး နေကြောင်း၊ ပြည်ပမှ ပြန်လာသူအချို့ထဲ တွင်  တပ်မတော်သားမိသားစုဝင်များ၏ ဆွေမျိုးများပါကြောင်း၊ ၄င်းတို့အား သွား ရောက်တွေ့ဆုံသူများရှိကြောင်း၊  အဲဒီလို သွားရောက်တွေ့ဆုံသူများကို စစ်ဆေးမှု များပြုလုပ်ကြောင်း၊ ထိုသို့စစ်ဆေးရာတွင် တွေ့ရှိမှု မရှိခြင်းကြောင့် တရားဝင်သတင်း ထုတ်ပြန်ခြင်းမရှိကြောင်း၊ မိမိအနေဖြင့် ပြောနိုင်သည်မှာ  စစ်ဆေးမှု များပြုလုပ် ခြင်း၊ သံသယရှိသူများကို စောင့်ကြည့်ခြင်း၊  ဆေးရုံတက်ရောက်သူများကို သံသယရှိ သည့်လက္ခဏာရှိသူများကို စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ လက်ရှိအချိန်အထိ ရောဂါ ပိုးတွေ့ရှိသည့်အဆင့် Quarantin လုပ်ရမည့် အဆင့်မျိုး အထိ မရှိသေးသည့် အတွက် မထုတ်ပြန်သေးခြင်းဖြစ်ကြောင်း၊ စောစော စီးစီးလည်းကန့်သတ်ထားခြင်း၊  အဝင်/ အထွက်များအား သေချာစစ်ဆေးကြပ်မတ် ခြင်းတို့ကြောင့်လည်း ယခုအထိ တွေ့ရှိမှု မရှိသေးခြင်းဖြစ်နိုင်ကြောင်း၊ စစ်ဆေးမှုများ  နေ့စဉ်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ သတင်းထောက် ဦးသန်းထိုက်အောင်က ဆက်လက်မေးမြန်း ရာတွင် COVID-19 ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတင်းများထုတ်ပြန်လျက် ရှိသလို တပ်မတော်အနေဖြင့် ဆေးတပ် ဖွဲ့များ၊ ဆေးရုံများရှိကြောင်း၊ တပ်မတော် အနေဖြင့် အကယ်၍ သံသယလူနာများ ရှိလာမည်ဆိုပါက တပ်မတော်ဆေးရုံများ တွင်သာ ကုသမှုများပြုလုပ်မည်လား သိလိုကြောင်းနှင့် ယခင်ကဆောင်ရွက်ခဲ့ သည်များရှိပါကသိလိုကြောင်း မေးမြန်း သည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် COVID-19 နှင့်ပတ် သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ အစီအမံအတိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကုသတာကိုတော့ တပ်မတော် ဆေးရုံများတွင်သာ ကုသမှုများပြုလုပ်မည် ဖြစ်ကြောင်း၊ တပ်မတော်ဆေးရုံများတွင်  လုပ်ဆောင်နိုင်စွမ်းများစွာ ရှိကြောင်း၊ သို့သော်  ဥပဒေအရ ၄င်းကိစ္စသည် တိုင်ကြားရမည့် ရောဂါဖြစ်သည့် အတွက်  တပ်မတော်မှာ ရောဂါဖြစ်ပွားမှုဖြစ်လာခဲ့လျှင် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနသို့  အကြောင်း ကြားရမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးရုံ တွင် ကုသခြင်းခံယူနေသည်ဆိုပါကလည်း ကုသနေသည်ကို အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ဥပဒေအရ၊ လုပ်ထုံးလုပ်နည်း အရလည်း ပြောကိုပြောရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၄င်းကိစ္စနှင့်ပတ်သက် ပြီး အသင့်ပြင်ဆင်ထားကြောင်း၊   ထိုသို့ အသင့် ပြင်ဆင် ထားခြင်းသည် တပ်မတော် တစ်ခုတည်းအတွက်သာမဟုတ်ဘဲ ဒေသခံ ပြည်သူလူထုအတွက်ပါ အသင့် ပြင်ဆင် ပေးထားခြင်းဖြစ်ကြောင်း၊ ၄င်းကိစ္စနှင့်ပတ်သက် ပြီး တပ်မတော်အနေဖြင့် လက်တွေ့ဆောင် ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားသည်။

မဇ္ဈိမသတင်းဌာနမှ   သတင်းထောက် ဦးသန်းထိုက်အောင်က ဆက်လက်မေးမြန်း ရာတွင်   COVID-19 နှင့်ပတ်သက်ပြီး လက်ရှိတွင် နိုင်ငံတော်အဆင့်မှ ကော်မတီ များလည်းဖွဲ့စည်းထားကြောင်း၊   အဲ့ဒီမှာ တပ်မတော်အနေဖြင့် ဘယ်လိုအပိုင်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါသလဲ၊ လတ်တလော ဆောင်ရွက်ချက်များအား ပြောကြားနိုင်ပါက   ပြောကြားပေးစေလို ကြောင်းနှင့်  ဓာတ်ပုံကိုသာတွေ့ရပြီးတော့ သတင်းအချက်အလက်တွေကိုမတွေ့ရသေး သည့်အတွက် တပ်မတော်ဘက်မှ မည်သို့ ဆောင်ရွက်နေသည်ကို သတင်းတိတိကျကျ မိမိတို့မှမဖော်ပြနိုင်သည်မှာ   ဖြစ်ကောင်း ဖြစ်နိုင်ပြီး လတ်တလောမည်သို့ ဆောင်ရွက် နေသည်ကို မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ပြောကြားရာတွင်  ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိသည့်အထဲ တွင်လည်းပါဝင်ကြောင်း၊ COVID-19  နှင့် ပတ်သက်ပြီး   မိမိတို့ ဆောင်ရွက်လျက်ရှိ သည့်လုပ်ဆောင်ချက်များကို   သတင်း ထုတ်ပြန်လျက်ရှိပြီး  သတင်းထောက်တွေ ကို သတင်းများ ပေးပို့ပေးလျက်ရှိကြောင်း၊  အထက်မှပြောခဲ့သလို   လုပ်ဆောင်ပေးခဲ့ သည်မှာ သမိုင်းကြောင်း ရှိလားဆိုလျှင် ယခင် သတင်းစာရှင်းလင်းပွဲများတွင်လည်း ပြော ကြားခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေး နှင့်ပတ်သက် လာလျှင်လည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်တွင် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ဆရာဝန်များစေလွှတ်ထားပြီး ယခုလက်ရှိတွင်လည်း တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ တာဝန် ထမ်းဆောင် ရာတွင် လည်း တိုက်နယ်ဆေးရုံများနှင့် ဆရာဝန်မရှိသည့် ဝေးလံသည့် တိုက်နယ်ဆေးရုံများတွင် ယခင် သမ္မတကြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှ စကာ ပထမအသုတ် ၄၂ ဦးစေလွှတ်ထား ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်စေခဲ့ကြောင်း၊ ထိုနေရာတွင် ဒုတိယ အသုတ် ၄၂  ဦးနှင့် ပထမအသုတ်လဲလှယ် ပြီး ယခုအချိန်ထိတာဝန်ထမ်းဆောင်လျက် ရှိကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်း ဒေသတွင် လွန်ခဲ့သည့် နှစ်နှစ်လောက်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ တစ်မျိုးဖြစ်ခဲ့ပြီး ကလေးအများစုသေသွား ကြောင်း၊  ထိုနေရာမှာ    တပ်ကပါရဂူအဖွဲ့ တွေနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူ အဖွဲ့တွေနဲ့  ပူးပေါင်းဆောင်ရွက်ခဲ့သည့် အခါတွင်   ရောဂါပြန်လည်ထိန်းချုပ်မှုရ လာခဲ့ပြီး ပြန်လည် သက်သာ လာခဲ့ကြောင်း၊  ထိုအရာမျိုးတွေဆောင်ရွက်ခဲ့သည်များရှိခဲ့ ပြီး နယ်လှည့်ဆေးကုသရာတွင် တပ်မတော် အဆင့်နှင့်တိုင်းအဆင့်တွေမှာ အမြဲတမ်း ဆောင်ရွက်နေသည်ဖြစ်ကြောင်း ဖြေကြား သည်။

ဆက်လက်၍   မဇ္ဈိမသတင်းဌာနမှ  သတင်းထောက်  ဦးသန်းထိုက်အောင်က တပ်မတော်အငြိမ်းစား အရာရှိကြီးများ အနေနဲ့   လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် တာဝန်ထမ်းဆောင်နေကြပြီး ထို ပုဂ္ဂိုလ်များမှ တချို့အဆိုတွေတင်သွင်းခဲ့ကြ ကာ ထိုအဆိုများသည်အကောင်အထည် မပေါ်ခဲ့ကြောင်း၊ အထူးသဖြင့် ကာလုံခေါ် ပေးဆိုသည့်အဓိပ္ပာယ်ဆောင်သည်ဆိုတာ မျိုးဖြစ်ပြီး နိုင်ငံရေးပါတီတချို့ကလည်း  COVID-19 နှင့်ပတ်သက်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီခေါ် ပေးဖို့ဆိုသည့် တောင်းဆိုမှု တွေကို တပ်မတော်၏ သဘောထား အခြေအနေကိုသိချင် ပါကြောင်း မေးမြန်းသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည် ဖြေကြားရာတွင် ထိုအရာကို အခြေခံဥပဒေ အရပြောမည်ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ပတ်သက် လာလျှင်  အခြေခံဥပဒေအရပြဋ္ဌာန်းထား သည်များရှိကြောင်း၊ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီခေါ်ခြင်း၊ မခေါ် ခြင်းမှာ     လက်ရှိနိုင်ငံရေးအာဏာရှိသူ အပေါ်မှာမူတည်လိမ့်မည်လို့ မိမိတို့အနေ နှင့် ပြောချင်ပါကြောင်း ဖြေကြားသည်။

မြ၀တီ

Read 183 times Last modified on Sunday, 29 March 2020 12:53