SJ WorldNews - шаблон joomla Авто
စကားဝါ

စကားဝါ

နော်ရင်မွှေး

 

''မိုးရယ် မိုးနဲ့ပဲ အတူတူစားပါရစေနော်။ မိုးမရှိဘဲ ကလေးတစ်ယောက်တည်း ထမင်းမစားချင်ဘူး''

 

နားထဲသို့တိုးဝင်လာသော ကလေး၏အသံကြောင့် ရင်ထဲတွင် ဆို့နင့်သွားပြီး ထမင်းဝိုင်းမှာ ထသွားချင် လောက်အောင် စိတ်ပျက်သွားမိသည်။

 

''ဆရာမနော်ရင်မွှေး    ဟင်းထည့်စားလေဗျာ။  စားမကောင်းဘူးလားဟင်။ ကျွန်တော်တော့ ကားဆောင့် ထားလို့လား မသိဘူး။ သိပ်စားကောင်း တာပဲဗျာ'' ဒေါက်တာဟန်ကြည်က   ပြောပြောဆိုဆိုနှင့် နော်ရင်မွှေးပန်းကန်ထဲသို့ ကြက်သားဖတ်များ လှမ်း ထည့်ပေးသည်။ အေးအေးမြင့်က စားပွဲအောက်မှနေ လက်နှင့်လှမ်းကုတ်၍ စဖြစ်အောင်စ လိုက်သေး၏။

 

ထိုအခါမှသတိဝင်လာပြီး ''ရပါတယ်ဒေါက်တာ'' မချိပြုံးနှင့်ပြောရင်းက တာလပေါ့ဟင်းချိုကို ခပ်သောက် ကြည့်သည်။ ရင်ထဲမှာနင့်သွားပြန်၏။ နောက်ထပ် မသောက်ချင်တော့။  တတ်နိုင်လျှင်  ထမင်းဝိုင်းမှ ထပြေးချင်လောက်သည်အထိ သတိရမိသည်။

 

တာလပေါ့ဟင်းချိုအချက်တော်သော အစ်မတဝါး နှင့်ထိုဟင်းကိုကြိုက်သော ဆရာနှင့်ကလေးအား သတိ ရလိုက်သည်။

 

''မိုးသိနေတယ် ကလေးရယ်။ ကလေးလည်း မိုးလိုပဲ ထမင်းစားမကောင်းဘူးမဟုတ်လား''

 

ရင်ထဲတွင် တီးတိုးပြောရင်းက ညမှောင်လာလျှင် မိမိနားကပ်ကာ စကားတွတ်ထိုးတတ်သည့် ကလေးအား သတိရမိသည်။

 

''သြော်...နင်ထမင်းစားလို့မကောင်းဘူးလား  ရင်မွှေး။ ငါသိတယ်။ နင့်သမီးကို သတိရနေသလား'' ''အင်း...''

 

အေးအေးမြင့်စကားကြောင့် ဒေါက်တာဟန်ကြည်က တအံ့တသြနှင့်နော်ရင်မွှေးကို လှမ်းကြည့်ရင်း...

 

''ဟင်... ဆရာမဆီမှာ ကလေးရှိလား''

 

''မသိပါဘူးဗျာ။ ကျွန်တော်က ဆရာမကို လူလွတ် အောက်မေ့လို့''

 

ဘာမှပြန်မပြောဘဲ ပြုံး၍သာနေလိုက်သည်။ ထမင်း စားရသည်မှာ လည်ချောင်းထဲသို့ အတင်းအဓမ္မထည့် နေရသကဲ့သို့ ပင်ပန်းလှ၏။

 

''ကလေးတစ်ယောက်နဲ့ လူလွတ်ပေါ့ ဒေါက်တာရဲ့'' အေးအေးမြင့်စကားကို ဒေါက်တာဟန်ကြည်က  နားမလည်နိုင်ဖြစ် သွားဟန်တူသည်။

 

''ခင်ပွန်းကကော''

 

''ကားတိုက်လို့သေသွားပြီ''

 

ပါးစပ်ထဲသို့ထမင်းလုတ်ကိုသွင်းရင်း ဗလုံးဗထွေး တမင်ပြောလိုက်သည်။

 

''ဟင်...ငါ့ကိုပြောတော့ ရေနစ်သေတယ်ဆို''

 

''အို...ဟုတ်လား။ ငါ အဲဒီလိုပြောမိသလား။ မဟုတ်ပါဘူး။ သူကားတိုက်တာပါ''

 

မျက်နှာတစ်ခုလုံးပူထူလာသည်အထိ ရှက်မိသည်။

 

အေးအေးမြင့်က မျက်စောင်းထိုးလိုက်၏။

 

''ဆောရီးဆရာမ၊ ထမင်းစားနေတုန်း ကျွန်တော် မမေးသင့်ပါဘူး။ ဆရာမထမင်းများများစားပါ။ အားရှိအောင်လို့လေ''

 

သူပြောမှပင်  ရင်မွှေး  ရင်ထဲပို၍ပြည့်လာ၏။

 

ထို့ကြောင့် ထမင်းဝိုင်းမှအစောဆုံးထထွက်လာမိသည်။

 

ကြာလျှင် ကလေးအားသတိရသောစိတ်ဖြင့် ငိုမိပေလိမ့်မည်။

 

''ဆောရီးပဲဗျာ။ ကျွန်တော်က ဆရာမကို လူလွတ် ထင်လို့ ခေါ်လာတာပါ။ အခု ကလေးက ဘယ်အရွယ်ရှိပြီလဲ။ ဘယ်သူနဲ့ ထားခဲ့လဲဟင်''

 

ဒေါက်တာဟန်ကြည်က   စိတ်မကောင်းဟန်ဖြင့် လှမ်းမေးလိုက်သည်။ ''ကိုးနှစ်ကျော်ပါပြီ ဒေါက်တာ။ အခုတော့ သူ့ကို မေထရွန် ဒေါ်ခင်ဝင်းအိမ်မှာ ခဏအပ်ထားပါတယ်''

 

''သြော်...ဆရာမက ကျွန်တော့်ကို အစကဘာလို့ မပြောလဲဗျာ''

 

ဒေါက်တာဟန်ကြည်က တကယ်စိတ်မကောင်းဟန် ဖြင့် ပြောလိုက်သည်။ နော်ရင်မွှေးက ရေနွေးကြမ်းကို ငှဲ့သောက်ရင်း...

 

''ရှိပါစေတော့ရှင်။ ကလေးက နေတတ်ပါတယ်။ မေထရွန်နဲ့လည်း ရင်းနှီးနေပြီးသားပါပဲ''

 

အမှတ်မထင် အပြင်ဘက်သို့   လှမ်းကြည့်မိ၏။ မဟူရာသက်သက်သာ မြင်လိုက်ရ၍ ရင်ထဲမှာနွမ်းလျ သွားသည်။ အစိုးရိမ်ဆုံးသော ညအချိန်သို့ရောက်လာ လေပြီ။ ကလေးသည် စာကျက်ပြီးသည်နှင့် မိမိရင်ခွင်ထဲတိုးဝင်ကာ   အိပ်တတ်၏။   လက်တစ်ဖက်ကို  ခေါင်းအုံးအောက်ထဲထည့်ပြီး လက်တစ်ဖက်က ခါးကို ဖက်ပြီးမှ အိပ်တတ်သော ကလေးသည်...

 

ဦးခေါင်းကိုဖြည်းညင်းစွာခါရမ်းလိုက်ရင်း ကလေးကို အတွေးထဲမှထုတ်ပစ်လိုက်၏။ ထို့နောက် စိတ်မပြောင်း စေရန် ဆေးသေတ္တာမှ ဖုန်များကို အဝတ်နှင့်သုတ်ရင်းက ဆေးပုလင်းများကို စနစ်တကျ ပြန်စီနေလိုက်သည်။

 

''ဒီလိုသာလုပ်ငန်းအဆင်ပြေနေရင် ကျွန်တော်တို့ မနက်ဖြန်ညနေမှာလုပ်ငန်းပြတ်ပြီး သန်ဘက်ခါမှာ ပြီးပါလိမ့်မယ်။ မကြာပါဘူး ဆရာမရယ်။ နှစ်ညတည်း ပါ''

 

နှစ်ညမပြောနဲ့ ဒီနေ့ညပင် ညဆိုသောကာလကို မည်ကဲ့သို့ ဖြတ်ကျော်ရမည်မသိဖြစ်နေမိသည်။

 

ဆက်လက်ဖော်ပြပါမည်။

မြသန္တာ

 

 

 

 

Page 2 of 1311