SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သင်္ဘောသီးနှင့် ကျန်းမာရေး

Friday, 18 August 2017 10:07 Written by  font size decrease font size decrease font size increase font size increase font size

သင်္ဘောသီး စားသုံးခြင်းဖြင့် မျက်စိအမြင်အာရုံ ကောင်းစေခြင်း၊ အရေပြား ချောမောလှပစေခြင်း၊ ခန္ဓာကိုယ် ခုခံအား တက်စေခြင်း စသောကောင်းကျိုးများ ရရှိနိုင်ကြောင်းကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (FAME) နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြလိုက် ရပါသည်-

မေး။ ဆရာ ဒီကနေ့ ကျန်းမာသုတ အစီအစဉ်ကနေ မကြာမကြာ စားသုံးလေ့ရှိတဲ့ သင်္ဘောသီးနဲ့ ပတ်သက်လို့ မေးချင်ပါတယ်ဆရာ။ ပထမဆုံးအနေနဲ့ သင်္ဘောသီးဟာ ကျွန်တော်တို့နိုင်ငံရဲ့ မူလဇာတိပဲလား၊ အခြားနိုင်ငံက လာတာလား ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဖြေ။  သင်္ဘောသီးဟာ မြန်မာနိုင်ငံကို ရောက်တာကြာပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ မူလဇာတိတော့ မဟုတ်ပါဘူး။ သ မိုင်းအထောက်အထားတွေအရ အစောဆုံး စားသုံးခဲ့တာကတော့ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းဒေသက ဖြစ်ပါတယ်။ အဲ ဒီကနေမှ အမေရိကတိုက်တစ်ခုလုံးကို ပျံ့နှံ့ရောက်ရှိတယ်လို့ သိရပါတယ်။ ပြီးတော့မှ တောင်အာဖရိကနိုင်ငံ၊ သီရိလ င်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံတွေကနေတစ်ဆင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေကို ပျံ့နှံ့ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။ ဒီနေ့အခါမှာတော့ ပူနွေးတဲ့ရာသီဥတုရှိတဲ့ ဒေသတော်တော်များများမှာ စိုက်ပျိုးထုတ်လုပ် နေကြပါပြီ။ ရုက္ခဗေဒအခေါ်အဝေါ်အားဖြင့် Carica papaya လို့ခေါ်ပါတယ်။ အပင်အနေနဲ့ အဖိုပင်နဲ့အမပင်ဆိုပြီး ရှိပါတယ်။

မေး။ သင်္ဘောသီးတစ်လုံးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကိုလည်း ပြောပြပေးပါ ဆရာ။

ဖြေ။ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ သင်္ဘောသီးအနု၊ အရင့်၊ စိမ်းခြင်း၊ မှည့်ခြင်း၊ အရွယ်အစားပေါ်လိုက်ပြီး အနည်းငယ် ကွာခြားမှုရှိပါတယ်။ ဒါပေမဲ့ အနေတော် သင်္ဘောသီးတစ်လုံး(ဥပမာ- ၆ လက်မအရှည်၊ ၃ လက်မအ ချင်းရှိတဲ့အသီး) ရင့်မှည့်နေတဲ့ အရွယ်မှာရှိတဲ့ အာဟာရဓာတ်တွေ ကတော့-

ယေဘုယျအနေနဲ့ ကြည့်ရင်-

၁။ ရေဓာတ် - 85%

၂။ ကာဗိုဟိုက်ဒြိတ် -10% (သကြား 6%, အမျှင် 2%, အခြား 2%)

၃။ ပရိုတင်းဓာတ် - 0.6%

၎။ အဆီဓာတ် - 0.2%

၅။ ဗီတာမင် - 0.5%

၆။ သတ္တုဓာတ် - 1.7%

၇။ Phytochemicals - 2%

ဗီတာမင် အနေနဲ့ကြည့်ရင်-

၁။ ကယ်ရိုတီနိုက်က အများဆုံးဖြစ်ပါတယ်။ သူကနေ ခန္ဓာကိုယ်ထဲရောက်ရင် ဗီတာမင်အေအဖြစ် ပြောင်းလဲနိုင်ပါ တယ်။ ဗီတာမင်အေ ယူနစ် ၁ဝဝဝ ကျော်ရပါတယ်။

၂။ ဗီတာမင်စီ 235 mg ရနိုင်တယ်။ သဘာဝ ဗီတာမင်စီဖြစ်လို့ Synthetic ascorbic တွေလိုမဟုတ်ဘဲ တန်ဖိုးမြင့်မား ပါတယ်။

၃။ ကျန်တဲ့ ဗီတာမင်တွေ အနေနဲ့ B1, B2, B6, Niacin Folic acid တို့ အနည်းငယ်စီ ပါဝင်ပါတယ်။ သတ္တုဓာတ်ထဲမှာ အများဆုံးပါဝင်တာက-

 (၁) ပိုတက်စီယမ်ဓာတ်ဖြစ်ပြီး 977 mg ပါဝင်ပါတယ်။ ဒါကြောင့် သွေးတိုးဝေဒနာရှင်တွေအတွက် အလွန်သင့် လျော် ပါတယ်။ ခန္ဓာကိုယ်ထဲကို ပိုတက်စီယမ်တွေဝင်လာရင် ဆိုဒီယမ်တွေဟာ ဆီးထဲကနေ စွန့်ထုတ်ပေးရလို့ ဖြစ်ပါတယ်။

 (၂) ထုံးဓာတ်က 90 mg အနည်းဆုံးပါလို့ အရိုးနဲ့သွားတွေ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ပါဝင်တဲ့ထုံးဓာတ် ဟာ Organic calcium ဖြစ်လို့ ဆေးဝါးတွေမှာပါတဲ့ Inorganic calcium တွေထက်ပိုကောင်းတယ်။ ကျန်သတ္တုဓာတ် တွေအနေနဲ့ Zinc, MagNesium နဲ့ သံဓာတ်တို့ အနည်းငယ်စီ ပါဝင်ပါတယ်။

မေး။ ဒါဆိုရင် သင်္ဘောသီးမှည့်ကို ပုံမှန်စားရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ သိပါရစေ။

ဖြေ။ သင်္ဘောသီးကို ပုံမှန်စားမယ်ဆိုရင် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-

၁။ မျက်စိအမြင်အာရုံကို ကောင်းစေခြင်း၊ ကြက်မျက်သင့်ရောဂါ အပါအဝင် မျက်စိရောဂါများဖြစ်ပွားခြင်းမှ ကာကွယ် ခြင်း၊

၂။ အရေပြားချောမောလှပစေခြင်း၊ ဝက်ခြံမှအစ ကြာဆူးများမဖြစ်စေရန် ကာကွယ်ပေးခြင်း၊

၃။ ခန္ဓာကိုယ် ခုခံအား တက်စေခြင်း၊

၎။ အနာကျက်မြန်စေခြင်း၊

၅။ ကင်ဆာရောဂါများ ဖြစ်ပွားနိုင်သည့် အလားအလာကို လျော့နည်းစေခြင်း၊

၆။ သွေးတိုးဝေဒနာရှင်များ စားပါက သွေးပေါင်ကျစေခြင်း၊

မေး။ ခုနက ဆရာပြောတဲ့ အာဟာရဓာတ်တွေက ရင့်မှည့်နေတဲ့ အသီးမှာ ပါတယ်ဆိုတော့ ကျွန်မတို့ မမှည့်သေးခင် သင်္ဘောသီးသုပ် သုပ်စားတဲ့ အနေဆိုရင်ရော ဘာများကွာခြားမှု ရှိပါသလဲဆရာ။

ဖြေ။ သိပ်အများကြီးတော့ ကွာခြားမှုမရှိပါဘူး။ အချို့ဗီတာမင်တွေကတော့ အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ ဥပမာ- Carotenoid လို့ခေါ်တဲ့ အဝါရောင်၊ အနီရောင်ဓာတ်တွေဟာ သင်္ဘောသီးရင့်လေလေ များလေလေ ဖြစ်ပါတယ်။ သင်္ဘောသီး အစိမ်းမှာတော့ အစိမ်းရောင်ကလိုရိုဖီးတွေက အဓိကပါဝင်တော့ Carotenoid ပါဝင်မှုက နည်းပါတယ်။ မပါတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့အဓိကတာဝန်က အထဲမှာရှိတဲ့ အစေ့တွေကို နေရောင်ခြည်ရဲ့ဓာတ်ကနေ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။ အစေ့ကို နေရောင်ခြည်ထိတွေ့ရင် ပျက်စီးမှာ စိုးလို့ဖြစ်ပါတယ်။ ဒါပေမဲ့ Phyto chemical တြွေ ဖစ်တဲ့ papain လို ဓာတ်ပစ္စည်းတွေကတော့ အစိမ်းဘဝမှာ ပိုများပြီး မှည့်တာနဲ့ တဖြည်းဖြည်းလျော့ နည်းသွားပါတယ်။

မေး။ ခုနက ဆရာပြောတဲ့ အထဲမှာပါသွားတဲ့ Papain အကြောင်းလည်း နည်းနည်းလေး ရှင်းပြစေချင်ပါတယ်။ အဓိက အနေနဲ့ ဘယ်လိုမျိုး အာနိသင် ရှိပါသလဲဆရာ။

ဖြေ။ Papain ဆိုတာကတော့ သင်္ဘောသီး အစိမ်းမှာပါဝင်တဲ့ Protease လို့ခေါ်တဲ့ ပရိုတင်းဓာတ်တွေကို နူးနေအောင် ပြုလုပ်ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အသားတွေကို နူးအောင်ချက်ပြုတ်တဲ့ အခါမှာ သင်္ဘော သီးအစိမ်းကို ထည့်ပြီးချက်ရင် မြန်မြန်နူးတာဟာ Papain တွေကြောင့်ဖြစ်ပါတယ်။ Phytochemistry အရ သူဟာ Amino Acid 212 ခုနဲ့ဖွဲ့စည်းထားပြီး အသားမှာပါတဲ့ Cystine နဲ့ Histidine peptide Bonds တွေကို  ဖြတ်တောက် ပေးခြင်းဖြင့် အသားတွေကို နူးညံ့စေတာ ဖြစ်ပါတယ်။ သင်္ဘောသီးအစိမ်းကို အခြောက်ခံ အမှုန့်ကြိတ်ပြီး သဘာဝအ သားနူးတဲ့ အမှုန့်အနေနဲ့ အမေရိကန် ပြည်ထောင်စုမှာ ရောင်းတာတွေ့ရပါတယ်။ အချို့ အသက်ကြီးတဲ့သူတွေ အစာ မကြေဖြစ်တယ်။ အထူးသဖြင့် အသား၊ ငါးတွေစားပြီးလို့ ရင်ပြည့်ရင်ကယ်ဖြစ်ရင် သောက်ဖို့ဆေးပြားလေးတွေလည်း ထုတ်ပြီးရောင်းတာ တွေ့ရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆို ရင်လည်း အသားငါးတွေ ချက်ပြုတ်တဲ့အခါမှာ သ င်္ဘောသီးအစိမ်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိပါတယ်။ သဘာဝပစ္စည်းဖြစ်လို့ ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ဆေးဖက်လည်းဝင်ပါတယ်။

မေး။ အစားအစာမှာ သုံးတာတော့ ဟုတ်ပါပြီဆရာ။ ဆေးဖက်ဝင်တယ်ဆိုတော့ ဘယ်လိုမျိုးရောဂါတွေမှာ အသုံးပြုနိုင် ပါသလဲ။

ဖြေ။ Papain ကို သင်္ဘောသီးအစိမ်းကနေ စနစ်တကျ ထုတ်ယူပြီး ဆေးဝါးတွေ ဖော်စပ်ရာမှာ အသုံးပြုလျက်ရှိပါတယ်။ ဥပမာအနေနဲ့ကြည့်ရင် လူတစ်ယောက် မီးလောင်ဒဏ်ရာရတဲ့အခါမှာ ခန္ဓာကိုယ်တစ်သျှူးတွေ ပျက်စီးပါတယ်။ ဒီပျက်စီးနေတဲ့ တစ်သျှူးတွေကို မြန်မြန်ဖယ်ထုတ်နိုင်မှ အသားနြု မန်မြန်တက်ပြီး အနာကျက်မြန်မှာ ဖြစ်ပါတယ်။ အဲဒီ လိုအခါမျိုးမှာ Papain ဟာအတော်လေး အသုံးဝင်ပါတယ်။ အလားတူ ဓားခုတ်ဒဏ်ရာ၊ သေနတ်ထိ၊ မိုင်းထိဒဏ်ရာ တွေမှာလည်း အသုံးဝင်ပါတယ်။ Papain ကိုအမေရိကန် ပြည်ထောင်စုမှာ သောက်ဆေးသာမက ထိုးဆေးကိုပါ အသုံးပြုနေတာ တွေ့ရပါတယ်။ အရိုးကျိုးတာ၊ အရိုးကျီးပေါင်း တက်တာမှာလည်း သုံးလို့ရပါတယ်။

နောက် ဒုတိယအချက်ကတော့ Papain ဟာ Contraceptive effect ရှိတဲ့အတွက် ကလေးရနိုင်မှု အခြေအနေကို ဟန့်တားပါတယ်။ ဒါကြောင့် သား၊ သမီးလိုချင်တဲ့စုံတွဲ တွေအနေနဲ့ Papain ပါဝင်မှုများတဲ့ သင်္ဘောသီးအစိမ်းကို စားတာရှောင်ရပါမယ်။ သိပ်များများစားရင် ကိုယ်ဝန်ဆောင် အမျိုး သမီးတွေမှာ ကိုယ်ဝန်ပျက်ကျနိုင်ကြောင်း သိပ္ပံနည်း ကျလေ့လာ သိရှိထားပြီးဖြစ်လို့ သင်္ဘောသီးအစိမ်းဟာ ကိုယ်ဝန်ဆောင်တွေ မစားသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါ တယ်။ မှည့်ရင်တော့ Papain တွေမရှိတော့လို့ စားလို့ရပါတယ်။ Terratogenic effect လို့ခေါ်တဲ့ အထဲမှာရှိတဲ့ သန္ဓေသား ကိုတော့ ထိခိုက်မှု မရှိစေပါဘူး။

မေး။ သင်္ဘောသီးအစေ့ကရော ဆေးဖက် ဝင်ပါသလား ဆရာ။

ဖြေ။ သင်္ဘောသီးအစေ့မှာ piperazine တွေပါဝင်ပါတယ်။ သူဟာ Alkaloid တစ်မျိုးဖြစ်ပါတယ်။ ငရုတ်ကောင်းစေ့မှာလည်း များစွာတွေ့ရပါတယ်။ အဲဒီ piperazine တွေကိုသုံးပြီး အရင်တုန်းက BPI ဆေးဝါးစက်ရုံမှာ Burazine သန်ချ ဆေးထုတ်လုပ်ခဲ့ဖူးပါတယ်။ အတော်လေးလည်း တွင်တွင် ကျယ်ကျယ် သုံးခဲ့ပါတယ်။ သောက်ရတာတော့ များပါတယ်။ အသက်တစ်နှစ်ဆို တစ်လုံးနဲ့ ရှစ်နှစ်မှာ ရှစ်လုံး၊ ရှစ်နှစ်ကျော်တဲ့သူတွေလည်း ရှစ်လုံးသောက်ရပါတယ်။ သောက်ရတာများတော့ နောက်ပိုင်းမှာ တစ်လုံးပဲသောက်ဖို့လိုတဲ့ Albendazole လိုဆေးတွေပေါ်လာတော့ သူ့ကို သိပ်မသုံးကြတော့ ပါဘူး။ ဒါပေမဲ့ နယ်မှာသန်ချဆေးမရှိရင် သင်္ဘောသီးအစေ့ကို သောက်လို့ရပါတယ်။ အသက်တစ် နှစ်ကို တစ်စေ့နှုန်းနဲ့ သောက်လို့ရပါတယ်။ ခုနကလိုပဲ အများဆုံး ရှစ်စေ့သောက်ရပါမယ်။

အနောက်နိုင်ငံတွေမှာတော့ သင်္ဘောသီးစေ့ကို ငရုတ်ကောင်းမှုန့်အစား အသုံးပြုကြတာလည်း တွေ့ရပါတယ်။ အခု နောက်ပိုင်းတော့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အတော်လေး တွင်တွင်ကျယ်ကျယ် သုံးလာတာတွေ့ရပါ တယ်။ အချို့အနောက်တိုင်းဆေးတွေဖြစ်တဲ့ Fluphenazine, Phenothiazine, Sildenafil, Cyclizine စတဲ့ဆေး တွေဟာ Piperazine ကနေထပ်ဆင့်ပွားပြီး ထုတ်ထားတာဖြစ်ပါတယ်။

မေး။ သင်္ဘောပင်ရဲ့အရွက်ကရော ဆေးဖက် ဝင်ပါသလား ဆရာ။

ဖြေ။ အရွက်ဆိုရင်တော့ အနုလေးတွေကို ရေနွေးငွေ့နဲ့ ပေါင်းပြီးရင် ဟင်းနုနယ်လို စားလို့ရပါတယ်။ အခုနောက်ပိုင်း မှာတော့ သင်္ဘောရွက်ဟာ ငှက်ဖျားရောဂါပိုးကို သေစေနိုင်တယ်လို့ဆိုပြီး သုတေသနပြုလုပ်နေတာ တွေတော့ ဖတ် ရပါတယ်။ ဒါပေမဲ့လည်း ခိုင်ခိုင်မာမာတော့ မတွေ့ရှိရသေးပါဘူး။

မေး။ သင်္ဘောသီးကို အခုနောက်ပိုင်းမှာ ပုံစံမျိုးစုံနဲ့တွေ့နေရပါတယ်ဆရာ။ အချို့လည်း အလုံးသေးသေးလေးတွေ၊ အချို့လည်း အစေ့မပါတဲ့မျိုးတွေ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာရဲ့ အမြင်လေးလည်း သိပါရစေ။

ဖြေ။ အခုနောက်ပိုင်းမှာ GMO လို့ခေါ်တဲ့ မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာတွေကို ထုတ်လုပ်ရောင်းချကြပါတယ်။ အဓိ ကလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သင်္ဘောသီးကို Fruit Fly လို့ခေါ်တဲ့ သစ်သီးမှာ နားလေ့ရှိတဲ့ ယင်ကောင်တွေဟာ သင်္ဘောသီးကို အင်မတန် ကြိုက်ပါတယ်။ ဒီယင်ကောင်တွေကျရင် သစ်သီးဟာ ပျက်စီးဆုံးရှုံးနိုင်လို့ ဒီလိုမဖြစ်ရ အောင် မျိုးဗီဇပြုပြင် လိုက်ပါတယ်။ အဲဒီအခါမှာ ယင်ကောင် မကြိုက်တော့ပါဘူး။ ဒီတော့အသီးလည်း မပျက်စီးတော့ ဘူးပေါ့။ နောက်ပြီး သင်္ဘောသီးကို မှိုနဲ့ဗက်တီးရီးယားတွေ မကပ်ငြိနိုင်အောင်လည်း GMO လုပ်ကြပါတယ်။

နောက်တစ်ခုက အစေ့တွေပါ။ အစေ့တွေများရင် စားခါနီးဖယ်ရတဲ့ဒုက္ခရှိတော့ အစေ့တွေကို မျိုးဗီဇပြုပြင်ပြောင်းလဲပြီး ဖယ်ထုတ်လိုက်တာလည်းရှိပါတယ်။ အချို့ကျတော့ အရွယ်ကိုသေးအောင် လုပ်ထားတာတွေလည်း ရှိပါတယ်။ သင်္ဘောသီးဟာ သိပ်ကြီးနေရင် လူတစ်ယောက်စားလို့ မကုန်နိုင်ပါဘူး။ ဒီတော့ တစ်ခါစားအရွယ်ဖြစ်အောင် အရွယ် သေးသေးလေးတွေ လုပ်လိုက်တာမျိုးပါ။ ဟိုတယ်တွေ၊ လေယာဉ်ပေါ်တွေမှာ အဓိက သုံးတာတွေ့ရပါတယ်။ ကျွန် တော့်အမြင်ပြောရရင် သဘာဝအတိုင်း Organic နည်းပညာနဲ့ စိုက်ပျိုးထွက်ရှိတဲ့ သင်္ဘောသီးကတော့ အကောင်းဆုံး ဖြစ်မယ်လို့ ယုံကြည် ပါတယ်။

မေး။ သင်္ဘောသီးကို မမှည့်ခင်မှာ ခွဲလိုက်ရင်အပြင်က အစေးလေးတွေ ထွက်လေ့ရှိပါတယ်ဆရာ။ အဲဒီအစေးတွေ ကရော ကျန်းမာရေးကို ထိခိုက်မှုရှိ၊ မရှိ သိပါရစေ။

ဖြေ။ သင်္ဘောသီးရဲ့ပင်စည်ကပဲဖြစ်ဖြစ်၊ အသီးရဲ့အညှာကပဲဖြစ်ဖြစ်၊ မမှည့်သေးတဲ့အသီးရဲ့ မျက်နှာပြင်ကပဲဖြစ်ဖြစ် အစေး ဖြူဖြူတွေ ထွက်တာက Latex တွေကြောင့်ဖြစ်ပါတယ်။ ရော်ဘာစေးနဲ့ သဘောတရား အတူတူပဲဖြစ်ပါတယ်။ အဲဒီအစေးတွေဟာ ထိတွေ့ရင် အစေးလောင်တတ်ပါတယ်။ အရေပြားကို ယားယံစေတယ်။ ရောင်ရမ်းစေတယ်။ အ ချို့မှာ allergic reaction လို့ခေါ်တဲ့ ဓာတ်တုံ့ပြန်မှုတွေပါဖြစ်တတ်တော့ တတ်နိုင်သလောက် မထိတွေ့စေချင်ပါဘူး။

မေး။ သင်္ဘောသီးကို များများစားရင်ရော ဘာဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ။ သိပ်တော့ အန္တရာယ်မရှိပါဘူး။ စားတာများရင်တော့ ပါဝင်တဲ့ Carotenoid (အဝါဓာတ်)တွေကြောင့် အသားတွေ ဝါလာတတ်ပါတယ်။ ဒါကို Carotenemia လို့ခေါ်ပါတယ်။ အသည်းရောင်အသားဝါမှာ ဝါသလိုမျိုးဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ မျက်စိမှာတော့ မဝါပါဘူး။ အသည်းရောင် အသား ဝါဆိုရင်တော့ မျက်စေ့မှာပါ ဝါလာမှာဖြစ်ပါတယ်။ ဒီ နည်းနဲ့ ခွဲခြားနိုင်ပါတယ်။

မေး။ ဆရာ့အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကို ဘာများ ပြောချင်ပါသလဲ ဆရာ။

ဖြေ။ သင်္ဘောသီးဟာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ပေါပေါများများ ရရှိနိုင်တဲ့ အာဟာရ တန်ဖိုးမြင့်မားတဲ့ အသီးဖြစ်လို့ လူတိုင်းလူတိုင်း ကလေး၊ လူကြီးမရွေး မကြာမကြာ စားသုံးသင့်ပါတယ်။ အနည်းဆုံး တစ်ပတ်နှစ်ခါလောက်စားရင် ကျန်းမာရေးကို များစွာအထောက်အကူ ပြုနိုင်ပါကြောင်း ပြောချင်ပါ တယ်။   မြဝတီ

 

 

Read 1094 times
Rate this item
(0 votes)
Last modified on Friday, 18 August 2017 10:25