SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လေထု ညစ်ညမ်းမှုနှင့် ကင်ဆာ ရောဂါ

Wednesday, 30 August 2017 09:46 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာခင်ဗျာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုဟာ ကင်ဆာရောဂါနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ အခုတလော နိုင်ငံ တကာ ကျန်းမာရေး သတင်းတွေမှာ ထုတ်လွှင့်တာတွေ တွေ့နေရပါတယ်ဆရာ။ အဲဒါ ဘယ်လိုများ ဆက်စပ်တယ် ဆိုတာ အရင်ဆုံး ရှင်းပြပေးပါ။

ဖြေ။ မှန်ပါတယ်။ မကြာသေးခင်၂ဝ၁၇ ခုနှစ် မတ်လမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ  ကင်ဆာဖြစ်ပွားတဲ့နှုန်းဟာ နိုင်ငံတိုင်းမှာ မြင့်တက်နေပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းများစွာအနက် အရေးပါဆုံး အ ကြောင်းအရာကတော့ လေထုညစ်ညမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။  ''Air Pollution is a leading cause of cancer'' လို့ ပြောပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ မွေးတဲ့အချိန်ကနေစပြီး သေဆုံးချိန်အထိ ခန္ဓာကိုယ်ကြီး အမြဲတမ်း လှုပ်ရှားသွားလာ နိုင်ဖို့အတွက် input အုပ်စု(၃)ခု သွင်းပေးဖို့လိုပါတယ်။

၁။ နှာခေါင်းကနေတစ်ဆင့် လေကိုရှူရတယ်။

၂။ ပါးစပ်ကနေတစ်ဆင့် ရေသောက်ရတယ်။

၃။ ပါးစပ်ကပဲ အစားအစာကို စားသောက်ကြရတယ်။

ဒီလိုရယူရာမှာ  အားလုံးသိတဲ့အတိုင်းပဲ အစားအစာမစားရရင် တစ်ပတ်၊ ၁ဝ ရက်ဆက်ပြီး ရှင်သန်နိုင်သေးတယ်။ ရေမသောက်ရရင်လည်း တစ်ရက်၊ နှစ်ရက် နေနိုင်သေးတယ်။ ဒါပေမဲ့ လေမရှူရရင်တော့ မိနစ်ပိုင်းအတွင်းမှာ သေဆုံးရ မှာဖြစ်ပါတယ်။ ဆိုလိုတာက ဒီသုံး မျိုးထဲမှာ လေကိုရှူသွင်းခြင်းဟာ အသက်ရှင် ရပ်တည်ဖို့အတွက် အရေးအကြီးဆုံးနဲ့ အမှားအယွင်း အတိမ်းအစောင်း မခံဆုံး ဖြစ်ပါတယ်။

ကောင်းပါပြီ။ လူတစ်ယောက်ကျန်းမာဖို့အတွက် သန့်ရှင်းတဲ့အစားအစာ၊ သန့်ရှင်းတဲ့ရေတွေ စားဖို့၊ သောက်ဖို့လိုသလို သန့်ရှင်းတဲ့ လေကောင်းလေသန့်ကို အမြဲရှူရှိုက်ရဖို့ အတွက်လည်း အလွန်ပဲ အရေးကြီးပါတယ်။ လေကောင်းလေသန့်လို့ ဆိုရာမှာ ကျွန်တော်တို့ ပတ်ဝန်း ကျင်မှာရှိတဲ့ လေရဲ့ဖွဲ့စည်းပုံအရ နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်စီဂျင် ၂၁ ရာခိုင်နှုန်းပါရှိဖို့ လိုအပ်ပြီး ကျန် ၁ ရာခိုင်နှုန်းကတော့ CO2, Argon တို့နဲ့ ဖွဲ့စည်းထားရပါမယ်။ ပြီးတော့ ဖုန်တွေနဲ့ အညစ်အကြေး Particle  တွေလည်း ကင်းစင်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အခြားဓာတ်ငွေ့တွေဟာ ၁ ရာခိုင်နှုန်းထက်ပိုလာမယ်။ ပြီးရင် Waste Products တွေပါဝင်လာမယ်ဆိုရင် လေထုညစ်ညမ်းမှုလို့ ခေါ်ပါတယ်။ ပါဝင်တဲ့ အညစ်အကြေးတွေ ကိုတော့ Pollutant လို့ခေါ်တယ်။

အဲဒီ Pollutant တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ များစွာ ပါဝင်နေပါတယ်။ အဲဒီလေကို နေ့စဉ်ရှူနေရရင် ကြာတဲ့အခါ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်စေနိုင်ကြောင်း သုတေသန စာတမ်းတွေအရ သိရပါတယ်။ အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာ ဖြစ်ပါတယ်။

မေး။ ဒီအညစ်အကြေး Pollutant တွေဟာ လေထုထဲကို ဘယ်နည်းဘယ်ပုံ ရောက်လာတာပါလဲ ဆရာ။

ဖြေ။ လေထုထဲကို Pollutant တွေရောက်လာတဲ့ Sources အဓိကနှစ်ခုရှိပါတယ်။ တစ်ခုက သဘာဝအလျောက် ရောက်လာခြင်းနဲ့ ဒုတိယကတော့ လူသားတွေရဲ့ မဆင်မခြင် လုပ်ဆောင်မှုများကြောင့် ဖြစ်တယ်။ ပထမ အမျိုးအစား ဖြစ်တဲ့ Natural sources အနေနဲ့ အဓိက အကျဆုံးကတော့ မီးတောင်တွေ ပေါက်ကွဲခြင်းကြောင့် ဖြစ်ပါတယ်။ မီးတောင်ပေါက်ရင် လေထုထဲကို ပြာမှုန့်တွေ အများအပြား လွင့်စဉ်လာတဲ့အပြင် လူတွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ SO2 နဲ့ NO တွေဟာ လေထဲကို များစွာလွင့်လာတဲ့အတွက် လူတွေ၊ သတ္တဝါတွေ သေကျေပျက်စီး စေနိုင်ပါတယ်။ ၁၈၈၃ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ Krakatoa မီးတောင် ပေါက်တုန်းကဆိုရင် ပြာတွေဟာ အထက်အမြင့်ကို မိုင်ပေါင်း ၃ဝ လောက်အထိ ပျံ့လွင့်ပြီး ဘေးကို စတုရန်းမိုင်ပေါင်း သုံးသိန်းလောက် ပျံ့လွင့်တာ နှစ် နှစ်တိတိ ကောင်းကင်တစ်ခုလုံး မှောင်ကျနေခဲ့ကြောင်း သိရတယ်။

နောက် တောမီးလောင်တဲ့အခါမှာ ထွက်လာတဲ့ မီးခိုးနဲ့ဓာတ်ငွေ့တွေ၊ Lightning strikes လို့ခေါ်တဲ့ လျှပ်စီးလက်ရင် ဓာတ်ငွေ့တွေ ပြိုကွဲလို့ရယ် ပင်လယ်မှာရှိတဲ့ သတ္တဝါလေးတွေ သေဆုံးလို့ ပျက်စီးတဲ့အခါ ထွက်လာတဲ့ ဓာတ်ငွေ့တွေကြောင့်လည်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ တစ်နေ့မှာ Nitrogen oxide တန်ချိန်ပေါင်း ၅၁ဝဝဝ လောက်အထိ ပင်လယ်ကနေ ထွက်ပါတယ်။ လျှပ်စီးလက်ရင် အပူချိန် ၃ဝယဝဝဝ HC လောက်အထိရှိတာကြောင့် လေထဲမှာရှိတဲ့ Nitrogen နဲ့ Oxygen တွေဟာ Atom တွေအဖြစ် ပြိုကွဲပြီး လျှပ်စီး လက်ပြီးရော Nitrogen နဲ့ Oxygen atom တွေပေါင်းစပ်ရာက NO တွေ ထွက်စေတာဖြစ်ပါတယ်။ နောက် Radon ဆိုတာလည်းရှိသေးတယ်။ သူကတော့ Radium ဓာတ်ငွေ့တွေပြိုကွဲပျက်စီးပြီး ထွက်လာတာဖြစ်ပါတယ်။ သဘာဝကျောက်တုံးတွေ၊ Sand stone တို့၊ mar ble တို့၊ Granite တို့၊ brick and concretes တို့ကနေ ပြိုကွဲပြီး ထွက်လာတာဖြစ်ပါတယ်။ မြေကြီးနဲ့ ဓာတ်ပြုပြီးမှ ထွက်လေ့ရှိတာမို့ မြေအောက်ခန်းတွေမှာ ပိုတွေ့ရတတ်ပါတယ်။ မြေအောက်ခန်းတွေမှာ ကွဲတာအက်တာရှိရင် အခန်းထဲကို ဝင်လာတတ်တဲ့ အဆိပ်ဓာတ်ငွေ့ တစ်မျိုးဖြစ်ပါတယ်။

မေး။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေလည်း များလာတဲ့အပြင် စက်မှုဇုန် အသစ်တွေလည်း တိုးချဲ့လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီစက်ရုံတွေကနေ မီးခိုးတွေ မထုတ်အောင် ဘယ်လိုများ လုပ်သင့်တယ်ဆိုတာ ဆရာ့ရဲ့ အမြင်လေးကိုလည်း သိပါရစေ။

ဖြေ။ ကျွန်တော်တို့နိုင်ငံမှာ စက်ရုံကြီးတွေ တိုးလာတာ ကောင်းပါတယ်။ လူတွေ အလုပ်အကိုင်ရမယ်။  ကုန်ထုတ်လုပ် မှုတိုးတက်ပြီး ဝင်ငွေတွေ တိုးတက်လာလို့ ကြိုဆိုရပါမယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို ထိခိုက် ညစ်ညမ်းစေတဲ့ စက်ရုံ တွေမဖြစ်ဖို့တော့ အလွန်အရေးကြီး ပါတယ်။ ကင်ဆာရောဂါနဲ့ ပတ်သက်လို့ ပြောရရင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ကင်ဆာအဖြစ်များဆုံး ဒုတိယနိုင်ငံဆိုပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်း များစွာရှိတဲ့အနက် လေထုညစ်ညမ်းမှုကတော့ နံပါတ်တစ်ပါလို့ ဆိုပါတယ်။ ဒီလိုဖြစ်လာတဲ့ ကင်ဆာတွေအတွက် ဆေးရုံကြီးတွေတိုးချဲ့၊ ကင်ဆာကုသ ဆေးတွေကိုသုံး၊ ကင်ဆာဓာတ်ရောင်ခြည် ကုသတာတွေကိုသုံးပြီး ကုနေရုံနဲ့ မပြီးသေးပါဘူး။ မူရင်းရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖယ်ထုတ်နိုင်မှသာ ကင်ဆာဖြစ်ပွားမှုနှုန်း က လျော့ကျလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သန့်ရှင်းကောင်းမွန်တဲ့ လေကိုရရှိဖို့ အရေးကြီးပါတယ်။

ဒါကြောင့် စက်ရုံလုပ်ငန်းရှင်များ အနေနဲ့ မိမိစက်ရုံကနေ ပတ်ဝန်းကျင်ထဲကို မီးခိုးတွေ မထုတ်လွှင့်ဖို့ စီမံဆောင်ရွက် ကြရပါတယ်။ အုပ်ချုပ်သူတွေ အနေနဲ့လည်း စက်ရုံအလုပ်ရုံတွေကို ပတ်ဝန်းကျင်လေထု ညစ်ညမ်းတဲ့အထိ မီးခိုးတွေ ထွက်နေတာမျိုးကို အမြဲစောင့်ကြည့်ပြီး ထွက်တယ်ဆိုတာနဲ့ ချက်ချင်းအရေးယူ ဆောင်ရွက်ရပါမယ်။ ချက်ချင်း စက်ရုံ ကို ခေတ္တပိတ်ခိုင်းပြီး မီးခိုးမထွက်အောင် အမြန်ဆုံး ပြုပြင်နိုင်ရပါမယ်။ မီးခိုးမထွက်ဘူးဆိုမှ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ပေးရပါမယ်။

ဒီလိုမျိုး မလုပ်ရင်တော့ စက်ရုံက ထွက်တဲ့မီးခိုးတွေကို ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်ဝန်ဆောင်တွေ ရှူမိရင် အထဲက နုနယ်တဲ့ သန္ဓေသားကို ထိခိုက်စေပါမယ်။ ကလေးတွေရှူမိရင် ကင်ဆာရောဂါ အပါအဝင် အခြားရောဂါ မျိုးစုံကို ရနိုင်လို့ပဲဖြစ်ပါတယ်။

မေး။ Acid Rain က ဘယ်လိုမျိုးပါလဲ ဆရာ။

ဖြေ။ သာမန်မိုးရွာတဲ့ အခါမှာ pH ကိုတိုင်းကြည့်ရင် 6 လောက်ရှိပါတယ်။ Neutral PH က 7 ဖြစ်တော့ ပုံမှန်မိုးရေဟာ acid ဓာတ်အနည်းငယ် ရှိပါတယ်။ Air pollution ဖြစ်လို့ရှိရင် လေထုထဲမှာ H2SO4 နဲ့ H2NO3 တွေများလာတဲ့အတွက် pH တန်ဖိုးအားဖြင့် 5 ရဲ့အောက်ေ ရာက်သွားတာကို Acid Rain လို့ခေါ်ပါတယ်။ Acid Rain ဆိုတဲ့အတိုင်း မိုးရွာပြီးရင် အရာဝတ္တုအားလုံးဟာ အက်စစ်နဲ့ ဖျန်းလိုက်သလို တိုက်စားခံရပါတယ်။ သံတွေဆိုရင်လည်း စားသွားမယ်။ ကတ္တရာ လမ်းတွေ ကွဲကုန်မယ်။ ပိုဆိုးတာက သစ်ပင်တွေ သေဆုံးကုန်တာပါပဲ။ သစ်ပင်တွေသေတဲ့ နေရာမှာရှိတဲ့ မြေကြီးဟာ အက်စစ်ဖြစ်နေတော့ ဘာပင်မှဆက်စိုက်လို့ မရတော့ဘဲ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

နောက်ကလေးတွေ မိုးရွာထဲမှာ ရေချိုးတာ တကယ်လို့များ Acid Rain နဲ့တွေ့ရင် အရေပြားတွေ ရောင်ရမ်းတာ၊ ကွာ ကျတာ၊ အနာတွေ ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။ မျက်စိတွေ ထိခိုက်ပြီး အမြင်အာရုံတွေ ချို့ယွင်းလာတတ်ပါတယ်။ pH တန်ဖိုးကို 1 ကနေ 14 အထိ သတ်မှတ်ထားပါတယ်။ pH 7 ဆိုရင် ရေဆိုတာ လူတိုင်းသိပါတယ်။ pH 7 ထက် နည်းရင် အက်စစ်လို့ခေါ်ပြီး  များသွားရင် Alkali(base) လို့ခေါ်ပါတယ်။ အက်စစ်ထဲမှာ မော်တော်ကား ဘက်ထရီ အက်စစ်ဟာ အပြင်းဆုံးဖြစ်ပြီး pH 1 ဖြစ်ပါတယ်။ Alkali ထဲမှာ coustic soda ဟာ အပြင်းဆုံးဖြစ်ပြီး pH 14 ရှိပါတယ်။

မေး။ လေထု ညစ်ညမ်းမှုရှိတယ်၊ မရှိဘူး ဆိုတာ ဘယ်လိုများ သိနိုင်ပါမလဲဆရာ။

ဖြေ။ လေထုညစ်ညမ်းမှုကို တိုင်းတာရာမှာ အဓိကနှစ်နေရာမှာ တိုင်းတာပါတယ်။ ပထမတစ်ခုက ထွက်တဲ့ sources ကို တိုင်းတာပါ။ ဥပမာ-မော်တော်ကား Exhaust ကနေထွက်တာကို တိုင်းတာခြင်းဖြစ်ပါတယ်။ သတ်မှတ်ချက်ထက် ပိုနေရင် ဒီကားကိုလမ်းပေါ်မှာ မောင်း ခွင့်မပြုပါဘူး။ မောင်းရင် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှာဖြစ်ပါတယ်။ အလားတူ စက်ရုံ၊ အလုပ်ရုံတွေကနေ ထွက်တဲ့ မီးခိုးတွေကိုလည်း တိုင်းတာပြီး ခွင့်ပြုသင့်မှ ခွင့်ပြုပါတယ်။

ဒုတိယကတော့ ကျွန်တော်တို့တစ်တွေ ရှူနေတဲ့လေကို တိုင်းတာခြင်းဖြစ်ပါတယ်။ ဒီလိုတိုင်းတာရာမှာ Ringelmann Chart ကို အသုံးပြုပြီး တိုင်းတာပါတယ်။ ပြင်သစ်လူမျိုး ပါမောက္ခ Maximilien Ringelmann က ၁၈၈၈ ခုနှစ်မှာ စတင်တီထွင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ သူ့မှာ Grade ဝ ကနေ ၅ အထိ ပေးထားပါတယ်။ Grade ဝ က Total white (Free from Pollutant) ဖြစ်ပါတယ်။ သူကလေထုညစ်ညမ်းမှု အနည်းဆုံးဖြစ်ပြီး Grade ၅ က အများဆုံး ဖြစ် ပါတယ်။

မေး။ Air Pollution ဟာ မြို့ပြနဲ့ကျေးလက် ဘယ်ဟာက ပိုဆိုးပါသလဲ။

ဖြေ။ ဒါကတော့ ရှင်းပါတယ်။ မြို့ကြီးလေ ပိုဆိုးလေလို့ သာမန်အားဖြင့် ပြောလို့ရပါတယ်။ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံး နေရာတွေလို့ သတ်မှတ်ထားတဲ့ Mexico City, Los Angeles, Shanghai, Beijing, Manila, Bangkok စတာတွေဟာ လူနေထူထပ်တဲ့ မြို့ကြီးတွေဖြစ်ပါတယ်။ မြို့ကြီးတွေ ဖြစ်တဲ့အတွက် မော်တော်ကားတွေ၊ မော်တော် ဆိုင်ကယ်တွေ၊ စက်ရုံတွေ၊ Fuel အသုံးပြုမှုတွေဟာ ပိုများပါတယ်။ ဒါကြောင့် ဒီမြို့မှာ နေသူတွေဟာ သန့်ရှင်းလတ် ဆတ်တဲ့လေကို ရှူရဖို့ မလွယ်ကူပါဘူး။

ကျေးလက်ပိုင်းကို ရောက်လေလေ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရလေလေဖြစ်ပါတယ်။ ဒါပေမဲ့ လေထုဆိုတာ ပေါင်ခတ်ထားလို့ရတာ မဟုတ်တော့ တစ်နေရာမှာ Pollution ဖြစ်ရင် ကျန်တဲ့နေရာကိုလည်း ပျံ့နှံ့တဲ့သဘောတော့ ရှိပါတယ်။ ဒါကြောင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရာမှာ မြို့ပြရော ကျေးလက်နေသူများပါ အားလုံးမှာ တာဝန်ရှိပါတယ်။

မေး။ မြို့ပြမှာနေသူတွေ အနေနဲ့ အိမ်ထဲမှာ နေတဲ့သူတွေ၊ အပြင်မှာ ထွက်တဲ့သူဆိုရင် အပြင်ထွက် လုပ်ကိုင်ရတဲ့သူက ပိုဆိုးမှာပေါ့နော်။

ဖြေ။ ဒါကတော့ ပုံသေပြောလို့မရပါ။ Air pollution မှာ အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုနဲ့ အဆောက် အအုံပြင်ပ လေထုညစ်ညမ်းမှုဆိုပြီး နှစ်မျိုးရှိရာမှာ တစ်ခါတစ်ရံမှာ အဆောက်အအုံအတွင်း လေထုညစ်ညမ်းမှုက အများကြီး ပိုဆိုးနေတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် မီးဖိုချောင်မှာ ထင်းနဲ့ချက်ရင်ပဲဖြစ်ဖြစ်၊ တစ်ဝက်တစ်ပျက်လောင် ကျွမ်းနေတဲ့ လောင်စာကို အသုံးပြုရင်ပဲဖြစ်ဖြစ် အန္တရာယ်ပေးတဲ့ ဓာတ်ငွေ့တွေ ထွက်ပါတယ်။

အချို့ cleaning agent တွေကနေ ထွက်လာတဲ့ Ammonia ဓာတ်ငွေ့ဟာလည်း ဆိုးပါတယ်။ ဆပ်ပြာမှုန့်တွေ သုံးတဲ့အခါမှာပဲဖြစ်ဖြစ်၊ အဆောက်အအုံအတွင်း ရေကူးကန်တွေကို သေသေချာချာ မပြုလုပ်ရင်ဘဲဖြစ်ဖြစ် Chlorine ဓာတ်ငွေ့ထွက်ပါတယ်။ ဒါ့ထက်ပိုဆိုးတာက အိမ်ထဲမှာ ဆေးလိပ်သောက်တဲ့ သူတစ်ယောက်ရှိရင် တစ်အိမ်သားလုံး ဒုက္ခရောက်နိုင်ပါတယ်။ ဆေးလိပ်မီးခိုးမှာ ဓာတ်ပေါင်း ၄ဝဝဝ ကျော်ပါဝင်ပြီး အဲဒီထဲမှာ ၄၃ မျိုးဟာ ကင်ဆာဖြစ်စေနိုင် ကြောင်းတွေ့ရှိ ထားပြီးဖြစ်ပါတယ်။ နောက် ခြင်ဆေးခွေတို့၊ အမွှေးတိုင် ထွန်းတာ တို့ကလည်း အဆောက်အအုံ အတွင်း လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။

မေး။ ဒီလိုမျိုး ညစ်ညမ်းတဲ့လေကို ရှူမိရင် ကျန်းမာရေးအပေါ်မှာ ဘယ်လိုများ ထိခိုက်နိုင်ပါသလဲ ဆရာ။

ဖြေ။ ထိခိုက်နိုင်တာကတော့ အများကြီးပဲ။အရေးကြီးတာကိုပြောရရင်-၁။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ဘယ်နေရာမှာမဆို ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။ ထိတွေ့မှုများလေလေ ပိုဖြစ်ဖို့များလေ ဖြစ်ပါတယ်။ Gene Mutation တွေ ဖြစ်စေ နိုင်လို့ပဲဖြစ်ပါတယ်။ ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကင်ဆာရောဂါ ဖြစ်ပွားတဲ့နှုန်း မြင့်မားလာနေတာဟာ လေထုညစ် ညမ်းမှုကြောင့် ဖြစ်ပွားရခြင်းဟာ အဓိကဖြစ်ပါတယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတွေကို အဓိကဖြစ်စေနိုင်ပါတယ်။

၂။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ (ချောင်းဆိုးရင်ကျပ်၊ အသက်ရှူ ကျပ်ခြင်း)၊ အဆုတ်အအေးမိ၊ တီဘီရောဂါ ဖြစ်လွယ်နိုင်ပါတယ်။

၃။ မျက်စိအမြင်အာရုံ ထိခိုက်ခြင်း၊ မျက်စိနာခြင်းမှအစ မျက်စိရောဂါ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။

၎။ ခန္ဓာကိုယ် ခုခံအားစနစ် ကျစေနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ ရောဂါတွေ မကြာခဏ ဖြစ်နိုင်ပါတယ်။

မေး။ ဆရာ့အနေနဲ့ မြဝတီ စာဖတ်ပရိသတ်များကို ဘာများ ပြောချင်ပါသလဲဆရာ။

ဖြေ။ ၁။ Air Pollution ကိုလျော့နည်းအောင် ပြုလုပ်ရာမှာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ Pollution ကို ဖန်တီးတဲ့နေ ရာမှာ မပါဝင်ဖို့ ဂရုစိုက်သင့်ပါတယ်။ တောမီးရှို့တာ၊ ထင်းမီးရှို့တာကအစ အမှိုက်မီးရှို့တာအဆုံး မလုပ်မိဖို့ အရေး ကြီးပါတယ်။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့လည်း လိုပါတယ်။

၂။ စက်ရုံတွေအနေနဲ့ မီးခိုးမထွက်အောင် ဂရုပြုလုပ်ကိုင်ဖို့ လိုပါတယ်။ မိမိရဲ့အကျိုးစီးပွားအတွက် ဘေးပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို ကင်ဆာရောဂါ အပါအဝင် ကျန်းမာရေး ထိခိုက်စေခြင်း မလုပ်ကြဖို့  တိုက်တွန်းလိုပါတယ်။ စစ် ဆေးဖို့ တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူလူထု ကျန်းမာရေးကို ရှေးရှုပြီး ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

၃။ စက်ရုံ၊ အလုပ်ရုံ၊ ကျောက်မီးသွေးတွင်းတူးလုပ်သား၊ ရေနံဓာတုစက်ရုံ၊ စက္ကူစက်၊ ချည်စက်၊ ဘိလပ်မြေစက်ရုံတွေမှာ ဖုန်တွေ၊ မီးခိုးတွေထွက်တဲ့နေရာမှာ လုပ်တဲ့ လုပ်သားတွေအနေနဲ့ Protection အနေနဲ့ Mask တွေတပ်ဖို့၊ Air Pollution ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ရှောင်လွှဲနိုင်ဖို့ မြို့ထဲမီးခိုးများတဲ့ နေရာတွေမှာ Mask တပ်ဖို့။ Mask တပ်တာဟာ ရှက်စရာ မဟုတ်ပါဘူး။

၎။ မော်တော်ကား၊ မော်တော်ဆိုင်ကယ် မီးခိုးထွက်ရင် အမြန်ဆုံးပြုပြင် မောင်းနှင်ကြဖို့နဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်း သူများကလည်း အချို့အဆိုပါ ယာဉ်တွေကို လမ်းပေါ်မှာ မောင်းခွင့်မပေးဖို့ ကြီးကြပ်ပေးရပါမယ်။

၅။ ဆေးလိပ် သောက်တဲ့သူတွေဟာ အိမ်ထဲမှာသောက်ရင် အိမ်သားတွေကို ကျန်းမာရေး ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ဖို့ အမွှေးတိုင်၊ ခြင်ဆေးခွေတွေ မသုံးဖို့  ပြောကြားလိုပါတယ်။    မြဝတီ

Read 921 times
Rate this item
(0 votes)
Last modified on Wednesday, 30 August 2017 09:50