SJ WorldNews - шаблон joomla Авто

ရွေးချယ်တင်မြှောက်ပုံ စနစ် အမျိုးမျိုးအကြောင်း သိကောင်းစရာများ

Monday, 03 June 2019 10:52 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှ အဆက်

အပိုင်း(၂)

ဦးဆောင်ဆွေးနွေးသူ

ဆက်လက်ပြီးတော့ ဆရာမကြီးကို FPTP လို့ခေါ်တဲ့ နိုင်သူစနစ်နဲ့ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်များ၏ အားနည်းချက်၊ အားသာချက်များကို   ပြောကြားပေးပါဦးခင်ဗျာ။

ဒေါ်မြင့်ကြည်

ဘယ်စနစ်မဆို အားနည်းချက်၊ အားသာချက်ဆိုတာ ရှိတယ်။  FPTP နဲ့ PR မှာတော့PRက Proportional Representation ဖြစ်တဲ့အတွက် အမြဲတမ်းမျှတတဲ့ သဘောကို ဆောင်တယ်။FPTP  မှာ စောစောကပြောသလို အချို့ပါတီတွေက အနိုင်ရသွားတယ်။သို့သော်

သူတို့ရတဲ့မဲတွေကို    ပြန်ပြီးညှိလိုက်ရင် မဲအရေအတွက်က အရမ်းနည်းတယ်။ အရမ်းနည်းတဲ့အခါမှာ   ကျန်တဲ့ ပြည်သူတွေပေါ့။

သူတို့ကို မဲမပေးတဲ့ ပြည်သူတွေရဲ့ဆန္ဒကို (ignore)မသိကျိုးကျွန် လုပ်ရာ  ရောက်ပါတယ်။ဒါဟာ  FPTPရဲ့ အားနည်းချက်ဖြစ်ပါတယ်။ ဒီဘုတ်တွေဟာ    ဝီစတက်ဘုတ်(Wastage)လို့ခေါ်တဲ့  အဟောသိကံဖြစ်တဲ့ ဘုတ်တွေပါ။ ဒါပေမဲ့   PR မှာ အဲဒီလိုမဖြစ်ဘူး။ PR  မှာ ခုနကပြောသလို  ဥပမာ  Threshold တွက်တယ်။ ပထမဦးဆုံး Constituencyလိုပဲ ပြောမယ်။ပြောရင် Constituencyက  အကျယ်ကြီးဖြစ်တယ်။ဥပမာ   လူတစ်ထောင်မှာ ကိုယ်စားလှယ် တစ်ယောက်ဆိုရင် လူတစ်သောင်းမှာ လူဆယ်ယောက် ရသွားမယ်။  သူကလည်း အချိုးညီတယ်။

နောက်တစ်ခါ Threshold တွက်တဲ့နေရာမှာ ပုံစံမျိုးစုံရှိတယ်။ တချို့ကရာခိုင်နှုန်းနဲ့ ပြောတယ်။ တချို့က သူတို့ကD'Hondt Method နဲ့တွက်တာ။  D'Hondt Method ကိုတွက်တည်းက ဒီမဲဆန္ဒနယ်တစ်ခုမှာ လူလေးယောက် ရွေးရမယ်ဆိုရင် မဲဆန္ဒနယ်က လူတစ်သိန်းရှိရင် အဲဒီတစ်သိန်းကို ရွေးခံရမယ့်  လူလေးယောက်ရဲ့ +၁ ။ နောက်ဆုံးလူက ရမယ် မရဘူးဆိုတာ မသေချာတော့ +၁ ပြီး ငါးနဲ့စားတယ်။ ငါးနဲ့စားရင် နှစ်သောင်းရတယ်။

အဲဒီမဲနှစ်သောင်းကို မဲတစ်မဲပေါင်းရင် +၁ လူတစ်ယောက်က မဲနှစ်သောင်း တစ်ထောင်နဲ့ တစ်မဲရပြီး သူက အရွေးခံရတယ်။ဒီမဲတွေကို အကုန်လုံး ပေါင်းလိုက်တဲ့အခါ ခုနကပြောသလို စနစ်အမျိုးမျိုးရှိတဲ့ အထဲမှာ နှစ်သောင်း တစ်ထောင် ရလို့ရှိရင် ဒီလူက ရွေးကောက်ခံရပြီ။   List  PR ဆိုရင် သူကသေချာသွားပြီ။

သူရွေးကောက်ခံရမယ်။သို့သော် သူ့ရဲ့ List က ပါတီထဲကို ဝင်သွားတဲ့အခါ သူ့ရဲ့မဲတွေအားလုံးက အဲဒီကိုရောက်တဲ့အတွက် ပါတီကတင်တဲ့ သူ့ပါတီကတင်တဲ့ ကိုယ်စားလှယ်တွေ အားလုံးရဲ့မဲကိုပေါင်းလိုက်တဲ့အခါ   ပါတီကသူက ဘယ်နှယောက် ရတယ်ဆိုရင် ဥပမာ ၁၅ ရာခိုင်နှုန်းရသွားတယ်။  အဲဒီ Candidate ကို ရွေးတဲ့အထဲမှာThreshold ပြည့်တဲ့လူက သုံးယောက်ဆိုရင် သူကနှစ်ယောက် လိုနေတယ်။ လိုလို့ရှိရင် ခုနကပြောတဲ့ ပါတီထဲကသူက ငါးယောက် ရခွင့်ရှိတယ်ဆိုရင် သူကနောက်ထပ် နှစ်ယောက်ကို   သူကထပ်ပြီးဖြည့်လို့ရတယ်။အဲဒီအခါ ပေးလိုက်တဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေက အလကားမဖြစ်သွားဘူး။ အားလုံးဟာ Proportion ဖြစ်သွားတယ်။ ဒါဟာ အားသာချက် တစ်ချက်ပါ။

နောက် Constituency လည်းသေးတာ၊ ကြီးတာ ဘာကွာလဲဆိုရင်   တစ်ခါတလေ Constituency  သေးတဲ့အခါ    အဲဒီမှာ နည်းနည်းကစားလို့ ရတယ်။ Constituency  ကို အပြောင်းအလဲ လုပ်တာမျိုးတွေက ဒီဘက်က မဲပေးတဲ့လူကို  ပိုအားသာလို့ရှိရင် အပြင်ဘက်ကို ရွေ့အောင် ဖန်တီးတာမျိုးတွေကFPTPမှာ အားနည်းချက် ကလေးတွေရှိတယ်။  PR စနစ်မှာ Threshold  နဲ့ သွားတဲ့အတွက် လူနည်းစုပါတီတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေ   ရွေးကောက်ခံရရန် အခြေအနေ အခွင့်သာတယ်။ FPTP   မှာ တကယ်ကို Prominent  ဖြစ်တဲ့လူတွေ၊ ပြည်သူတွေက စိတ်ဝင်စားမယ်လို့ ထင်တဲ့လူတွေကိုပဲ ပါတီကရွေးပြီး Candidate အနေနဲ့တင်တယ်။ တစ်ခါတလေ   အမျိုးသမီးတွေကို   ထည့်တော့ထည့်တယ်။ သို့သော် ကျွန်မတို့ Generally   ကို လေ့လာတဲ့အခါ အမျိုးသမီး တွေက အရွေးခံရတဲ့အထဲမှာ အင်မတန်နည်းတယ်။ PR  စနစ်ဖြစ်လို့ရှိရင် အရွေးခံရတာ ပိုများနိုင်တယ်။ ဒီအမျိုးသမီး၊ ဒီနိုင်ငံရေး ပါဝင်မှုနဲ့    ပတ်သက်လို့ရှိရင် တချို့နိုင်ငံတွေမှာ Gender Quotaဆိုတာ ပေးတယ်။ သူက Gender Quota ပေးတာမှာလည်း သုံးမျိုးရှိတယ်။ တစ်မျိုးက ဥပဒေထုတ်ပြန်ပြီး ဒီလွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ Seat ကို ဘယ်လောက်ရာခိုင်နှုန်းပေးပါ။ ဥပမာ ၃၃ ရာခိုင်နှုန်းသည် အမျိုးသမီးပဲ ဖြစ်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၁ဝဝဝ ရှိရင် ၃၃ဝ သည် အမျိုးသမီးကို  ဖြစ်ရမယ်ဆိုတာမျိုး ပါတယ်။  တချို့က လွှတ်တော်အမတ် အရေအတွက်ကိုQuota  မပေးဘဲ ကိုယ်စားလှယ်လောင်း တင်တယ်။ ကိုယ်စားလှယ်လောင်း တင်တဲ့အခါ  အဲဒီ ကိုယ်စားလှယ်လောင်းထဲမှာ အမျိုးသမီးက ၃ဝ ရာခိုင်နှုန်း ပါရမယ်ဆိုတာ ဥပဒေပြဋ္ဌာန်းတယ်။ အဲဒီအခါ အမျိုးသမီးက ၃ဝ ရာခိုင်နှုန်း ပါလာတယ်။ တချို့က ဥပဒေပြဋ္ဌာန်းတာ မဟုတ်ဘူး။ သက်ဆိုင်ရာ ပါတီတွေက အမျိုးသမီးတွေ   ဦးစားပေးတဲ့ အနေဖြင့် သူတို့ဘာသာ သတ်မှတ်ပြီး Voluntary သတ်မှတ်တယ်။ သူတို့ပေးမယ့် ကိုယ်စားလှယ်လောင်း စာရင်းမှာ ၃ဝရာခိုင်နှုန်း ပါရမယ်ဆိုတာကို ထည့်ထားတယ်။ ဒီစနစ်ကို တချို့FPTPမှာ သုံးတယ်။ PR မှာလည်း သုံးတယ်။ ဒါပေမဲ့ လေ့လာရသလောက် အဲဒီအခါမှာ တင်ပေးမယ့်  သီးခြားရလဒ်နေရာ ပေးတာကလွဲရင် ကျန်တဲ့နေရာမှာ သိပ်အရွေးမခံရဘူး။ မဲပြိုင်လိုက်တဲ့အခါမှာ  အမျိုးသားတွေက ပိုပြီးမဲသာခြင်းကြောင့်   အမျိုးသမီးတွေက ရသင့်သလောက်ရပေမယ့် ကျန်နေခဲ့တာများတယ်။

ဒါပေမဲ့ PRစနစ်မှာ  တစ်ကယ်လို့ Gender Quotaကို ပေးလိုက်မယ်ဆိုရင် သူကရွေးကောက်ခံနိုင်ရခြေ အများကြီးဖြစ်လာတယ်။ 

သူက Threshold မီရင် ရွေးလို့ရတာဖြစ်တဲ့အတွက် သူတို့ရဲ့ အခြေအနေ ပိုကောင်းပါတယ်။ အလားတူပဲ ပါတီငယ်လေးတွေ၊ တိုင်းရင်းသားပါတီတွေ ပိုပြီးတော့ ရွေးကောက်ခံခွင့် အခြေအနေ ပိုကောင်းလာတယ်။ ဒါကတော့  PR ရဲ့အားသာချက်ပါ။ ဒီလွှတ်တော်ထဲမှာ အရင်တုန်းက ပါတီတစ်ခုထဲက ကိုယ်စားလှယ် အများကြီးရတယ်။ FPTP  မှာဆိုရင် အများဆုံးဖြစ်နိုင်တယ်။ ဒါပေမဲ့ PRစနစ်မှာ ပါတီတစ်ခုထဲက ကိုယ်စားလှယ် အများကြီး မဟုတ်တော့ဘဲ ပါတီသေးလေးတွေ၊ တစ်သီးပုဂ္ဂလတွေ၊ အမျိုးသမီးတွေ ပါဝင်လာနိုင်တဲ့ အရည်အချင်းရှိသွားတယ်။ အဲဒီလိုရှိတဲ့အခါ တစ်ဖက်မှာ အားသာချက်ရှိသလို၊ တစ်ဖက်မှာ အားနည်းချက်ရှိတယ်။ FPTPမှာ အဲဒီလိုပါတီကြီးတွေ လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီးက လွှတ်တော်ထဲကို ရောက်တဲ့အခါမှာ တချို့က ပြောကြတဲ့  ''ဒါ Strong Government ပါ ။  သူက အစိုးရကလည်း ကောင်းကောင်းဖွဲ့နိုင်တယ်။ Stable လည်း ဖြစ်တယ်''လို့ ပြောတယ်။ ပါတီတွေ အများကြီး ဝင်လာတဲ့အခါ တချို့နေရာတွေမှာ အစိုးရဖွဲ့ရန် အခက်အခဲရှိလို့  ညွန့်ပေါင်းအစိုးရ ဖွဲ့ရတယ်။ ညွန့်ပေါင်းအစိုးရ ဖွဲ့ရပြီဆိုရင် Idea Clash တစ်ယောက်နဲ့ တစ်ယောက် အတွေးအခေါ်မတူတာ၊ ညှိနှိုင်းတာ၊ Decision Makingမှာ နည်းနည်းအားနည်းသွားတယ်။ တစ်ဖက်ကကြည့်ရင် တစ်ဖက်က အားနည်းတယ်လို့ မြင်ရပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင် လွှတ်တော်ထဲမှာ ပါတီတစ်ခုကပဲ ကိုယ်စားလှယ် အများဆုံးဖြစ်နေရင်  Check and Balance   လုပ်ဖို့မရှိဘူး။ ပါတီတွေ   အများကြီးပါလာမယ်။ အဲဒီပါတီထဲက Opposition ပါတီက Strong ဖြစ်မယ်ဆိုရင် ဒီပါတီကို သူက Check and Balance  လုပ်သွားနိုင်တယ်။ အဲဒီအခါ Decision making မှာ ပိုပြီးတော့ကောင်းတဲ့ Decisionတွေ ထွက်လာနိုင်တယ်လို့ ဆိုတယ်။ အမေရိကန်ဆိုရင် သူက တကယ့် Government ပါတီရှိတယ်။  Strong Opposition ပါတီကြီးရှိတယ်။ ဒီပါတီကြီးနှစ်ခုက အလဲအလှယ်နဲ့ သွားနေတယ်။   ဒါပေမဲ့ သူတို့က ကောင်းကောင်း Balance လုပ်နေတဲ့အတွက်   အရမ်းအောင်မြင်နေတယ်လို့ ဆိုကြတယ်။ ဒီစနစ်တိုင်းမှာ အားသာချက်၊ အားနည်းချက် ဆိုတာရှိတယ်။   ဒါပေမဲ့ PR မှာ Constituency နဲ့ ကိုယ်စားလှယ် ချိတ်ဆက်တာ နည်းတယ်။ ဥပမာOpen list တွင် ကိုယ်စားလှယ် ဘယ်သူလဲဆိုတာ သိရတယ်။ Close List တွင် ကိုယ်စားလှယ်ကို မသိရတဲ့အပြင် ဒီပါတီကနေ ကိုယ်စားလှယ် အရေအတွက် ရတယ်ဆိုရင် ဥပမာ ၁၅ ရာခိုင်နှုန်းရလို့ လူငါးဆယ်ရတယ်ဆိုရင် သူ့ပါတီက လျှို့ဝှက်ထားတာ ဖြစ်တဲ့အတွက် သူက ဘယ်လိုစီထားလဲ မသိဘူး။ ဦးစားပေး ဘယ်သူ့ကိုပေးလဲ မသိတဲ့အခါ ဘယ်သူတွေက   ဒီငါးဆယ်ထဲမှာ ပါမလဲဆိုတာ မသိရဘူး။ တချို့အားနည်းချက်က ဘာလဲဆိုရင် ဒီပါတီရဲ့ ထိပ်သီးပိုင်းတွေက ရဖို့များတယ်။ တန်းစီတဲ့အထဲမှာ နောက်ရောက်တဲ့ လူတွေက ရနိုင်ဖို့ ခဲယဉ်းတယ်။ ခဲယဉ်းတဲ့အခါ ပါတီအတွင်းမှာ Gerrymandering လို့ ခေါ်တဲ့ ခေါင်းဆောင်တွေကို  မျက်နှာလုပ်ရတာ၊   ကိုယ့်  Position အရှေ့ရောက်အောင်    လုပ်မှပေးရင် ရမှာမျိုးတွေဖြစ်တဲ့အခါ DFPTP နှင့်  ဒီဒေသမှာ ဘယ်သူကInfluence ဖြစ်နိုင်မလဲ။     ဘယ်သူက ကောင်းကျိုး လုပ်ပေးနိုင် မလဲကို   ရည်စူးပြီး အဲဒီဒေသကို သူတို့က  အရွေးခံခိုင်းတယ်။

ဒါပေမဲ့ PR  ရဲ့  Close List တွင် သူတို့က အဲဒါကို   မစဉ်းစားတော့ဘူး။  ဦးစားပေး အစီအစဉ်အရ ရှေ့ရောက်တဲ့လူပဲ သူထည့်သွားပြီး    အဲဒီဟာရဖို့အတွက် တချို့ ပြဿနာလေးတွေ   ရှိနိုင်တယ်လို့ ပြောတယ်။ ဒါကတော့ PR ရဲ့အားနည်းချက်ဖြစ်ပြီး  တစ်ဖက်အတွက် အားသာချက် ဖြစ်ပါတယ်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

ဆရာမကြီး ဆွေးနွေးတာ ကောင်းပါတယ်။ ပြည့်လည်းပြည့်စုံပါတယ်။ ဒီနေ့ကျွန်တော် ဝင်ရောက် ဆွေးနွေးတဲ့အချိန်မှာ ဘယ်သူ့ကိုမှ ကိုယ်စားမပြုဘူး။ဘယ်အဖွဲ့အစည်းမှ ကိုယ်စား မပြုပါဘူး။ ဒီစနစ်နှစ်ခုထက်ပိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လာဆွေးနွေးတာ ဖြစ်ပါတယ်။ ဆရာမပြောတဲ့ထဲမှာ ကျွန်တော်တို့ PR  ကတော့ တိုင်းပြည်မှာ မကျင့်သုံးခဲ့ဘူး။ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဒီနေ့အထိ ကျွန်တော်တို့ ကျင့်သုံးနေတဲ့စနစ်က အားနည်းချက်၊ အားသာချက် လေး၊ငါးခုလောက် ထုတ်ပြောချင်တယ်။ ကျွန်တော်တို့ မမွေးခင်မှာ လွတ်လပ်ရေးရတော့ ၁၉၄၇ခုနှစ်မှ ၁၉၅၇ အထိ၊ ၁၉၆ဝမှ ၁၉၆၂အထိ ပါလီမန်စနစ် ကျင့်သုံးတယ်။ ကျင့်သုံးတော့ ဖဆပလပဲ တစ်ချိန်လုံး နိုင်နေတယ်။  သူတစ်ကယ်မဲရတာက   တစ်နိုင်ငံလုံး မဲပေးတဲ့လူက ၇ဝ ရာခိုင်နှုန်းလောက် မဲရတဲ့အချိန်မှာ သူ့အမှတ်က ၉၇ ရာခိုင်နှုန်းလောက် ရသွားတယ်။  သူက အတိုက်အခံတွေကို ရှိတယ်လို့ မထင်တော့ဘူး။ သူလုပ်ချင်ရာ အကုန်လုပ်တယ်။ အဲဒီနောက် သူတို့အချင်းချင်း ကွဲသွားကြတဲ့အခါ အစိုးရ မဖွဲ့နိုင်တော့ဘူး။ ဟိုဘက်ကလည်းတစ်ဝက်၊ ဒီဘက်ကလည်းတစ်ဝက်၊ဟိုဖဆပလ မဟုတ်တဲ့လူတွေ    မဲကလည်း အားလုံးပေါင်း ၂ဝ၊  ၃ဝလောက်ရှိတော့ ဒီပါလီမန်ဒီမိုကရေစီ စနစ်မှာအကွဲအပြဲတွေက ကျင့်သုံးနေတဲ့ မဲအများဆုံးရတဲ့လူနိုင် စနစ်ကြောင့်ဖြစ်သွားတယ်။ ၁၉၉ဝ ပြည့်နှစ်မှာ ရွေးကောက်ပွဲ လုပ်တော့ တော်တော်ထူးဆန်းတယ်။   ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က  အမတ်နေရာ အားလုံးရဲ့၈ဝကျော် နိုင်သွားတဲ့အချိန်  သူတကယ်တမ်းမဲရတာက ၆ဝ ကျော်ကျော်လောက် ရှိတယ်။ အဲဒီတော့ ၄ဝ ရာခိုင်နှုန်းက ကိုယ်စားပြုတဲ့လူ မရှိတော့ဘူး ဖြစ်နေတယ်။ ဒီတစ်နိုင်ငံမှာ မဲပေးနေတဲ့လူ ၄ဝ ရာခိုင်နှုန်းပေါ့။ အဲဒီတော့ အကြောင်းအမျိုးမျိုးကြောင့် ၂ဝဝ၈ ပေါ်လာတဲ့ အထိ    အစိုးရလည်း ဖွဲ့ခွင့်မရှိခဲ့ဘူး။ ဒီလိုအပြောင်းအလဲတွေ   ဖြစ်လာတယ်။ ဒါပေမဲ့ ၈ဝ ကျော်နိုင်ပြီးတော့ ၆ဝ ရာခိုင်နှုန်း မဲပေးခွင့်ရှိတဲ့လူပဲ    ကိုယ်စားပြုတယ် ဆိုတော့ ကျန်တဲ့ ၄ဝ အတွက် တော်တော်

လေး ရင်လေးစရာဖြစ်လာတယ်။ ဒီအတိုင်းသွားနေရင် မဲပေးပေမယ့် ကိုယ်စားပြုခြင်း မခံရတဲ့လူတွေရဲ့ အခက်အခဲက ပိုပြီးကြီးလာလိမ့်မယ်ထင်တယ်။ အဲဒီတုန်းက တစညပါတီဝင်ပြိုင်တော့ မဲ ၄ဝ ရာခိုင်နှုန်း နီးပါးရတယ်။ ဒါပေမဲ့ အမှတ်ကျတော့ ၃ ရာခိုင်နှုန်း မပြည့်ဘူး။၂ ဒသမ ၅ ရာခိုင်နှုန်းလောက်ပဲ ရတယ်။

မဲ ၄ဝ  ရာခိုင်နှုန်းရပြီး အမှတ်က နည်းနည်းလေးပဲ ရတဲ့အခါ (တစည)ကို ထောက်ခံတဲ့ လူတွေက ကိုယ်စားပြုခြင်း မခံရတော့ဘူး။ အဲဒါကျွန်တော်တို့ ကျင့်သုံးနေတဲ့  စနစ်ရဲ့ အားနည်းချက်ဖြစ်ပါတယ်။  နောက်တစ်ခု စဉ်းစားရမှာက ၁၉၉ဝ ရွေးကောက်ပွဲတုန်းက အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးခဲ့ပြီးNLD နဲ့ တစညက ၆ဝ၊ ၄ဝ ဖြစ်မယ် ဆိုရင် သူတို့က တစ်ယောက်နဲ့တစ်ယောက် အကုန်နိုင်တာ မဟုတ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ပြီး အစိုးရဖွဲ့တာတွေ၊ တိုင်းပြည်တိုးတက်အောင် လုပ်တာတွေ  ဖြစ်လာနိုင်တဲ့ အနေအထား ရှိတယ်။

အဲဒီဟာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်မပါတဲ့အတွက် ပြည်ခိုင်ဖြိုးက  အများစုရသွားတဲ့အချိန် အမတ်ဦးရေက ခုနကလိုပဲ မမျှတဘူးဖြစ်နေတယ်။

ရတဲ့မဲက နည်းပေမယ့် သူ့ရဲ့အမှတ်က အစိုးရဖွဲ့နိုင်တယ်။ လွှတ်တော်ထဲမှာလည်း သူက ကြီးစိုးသွားတယ်။ ၂ဝ၁၂ မှာ ကြားဖြတ် ရွေးကောက်ပွဲရှိတယ်။ အဲဒီမှာ ၄၃ နေရာလား။ အဲဒီထဲမှာ ဝင်ပြိုင်တော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၄၂ နေရာကို နိုင်သွားတယ် ထင်တယ်။

ရှမ်းတိုင်းရင်းသား ပါတီက တစ်ခုနိုင်တယ်။ အဲဒီမှာNLD ရတဲ့မဲက ၆ဝရာခိုင်နှုန်း မကျော်ဘူး။ ဒါပေမဲ့ အမတ်နေရာ ၉၅ ရာခိုင်နှုန်း ကျော်သွားတယ်။ အဲဒီတော့ ၄၅ ရာခိုင်နှုန်း သို့မဟုတ် ၄ဝ ရာခိုင်နှုန်း သို့မဟုတ် ၃၅ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူ   မဲပေးတဲ့လူတွေက ကိုယ်စားပြုတဲ့လူ မရှိတော့ဘူး။ သူတို့ကို ဘယ်သူမှ လွှတ်တော်ထဲမှာ မပြောပေးဘူး။ တကယ်လို့ အဲဒီမှာ PRကျင့်သုံးခဲ့ရင် ဘာဖြစ်မလဲ။ ဒီနေ့မှာ ဆွေးနွေးနေတဲ့ ဆရာမပြောတဲ့ အားနည်းချက်၊ အားသာချက်တွေ၊ ၁၉၄၇ ကနေ  ဒီကနေ့အထိ ၂ဝ၁၅ ရွေးကောက်ပွဲ၊ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ တစ်ခုတိုင်းမှာ ကျွန်တော်တို့ စနစ်တစ်ခုပဲ ကျင့်သုံးနေပြီး နောက်စနစ်တစ်ခုကို ကျင့်သုံးကြည့်ရင် ဘာဖြစ်နိုင်မလဲဆိုတာကို နက်နက်ရှိုင်းရှိုင်း သုတေသနပြု လေ့လာဖို့လိုတယ်။ ဟိုစနစ်ကောင်းတယ်၊  ဒီစနစ်ကောင်းတယ် ဆိုတာကို ရပ်တည်ချက်နှင့် လာပြောဖို့မဟုတ်ဘူး။ ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်ရင် လာမယ့်ရွေးကောက်ပွဲမှာ ပိုပြီးတည်ငြိမ်တာတွေ ဖြစ်လိမ့်မယ်။ ဒီ PR

မကျင့်သုံးတဲ့ နိုင်ငံတွေ၊ တချို့နိုင်ငံတွေက  ကျွန်တော်တို့ တိုင်းပြည်လို မဟုတ်ပါဘူး။ ဒီမှာလည်း နည်းနည်းပါးပါးတော့ ရှိတာပေါ့။ ကျွန်တော် လေ့လာကြည့်တဲ့အခါ ဘယ်ရွာက ကျွန်တော့်ကို မဲပေးတယ်။ ဟိုရွာက ကျွန်တော့်ကို မဲမပေးဘူး။ အဲဒီတော့ လျှပ်စစ်မီးပေးမယ်

ဆိုရင် ဒီဘက်ရွာကို လျှပ်စစ်ကြိုးသွယ်လိုက်၊ ကျွန်တော့်ကို ကန့်ကွက်တဲ့လူတွေ လျှပ်စစ်မီး မပေးနဲ့။ အဲဒီလွှတ်တော်အမတ်  အဲဒီဟာတွေကို    အနည်းဆုံး နည်းစေနိုင်တဲ့စနစ်ကPR ဖြစ်တယ်။ အမျိုးသမီး မဲပေးတဲ့ Register လုပ်ပြီးမဲပေးရင် ဟိုမှာက မဲပေးတဲ့လူက အမျိုးသားတွေထက် များတယ်။ ဒါပေမဲ့ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အမတ်နှစ်နေရာပေါင်းမှ အမျိုးသမီးက ၁၅ ရာခိုင်နှုန်းမကျော်ဘူး။ လွှတ်တော်အမတ်က တကယ်လို့   PR သုံးရင်  အမြဲတမ်း ၅ဝကျော်ကျော်လောက် ရှိနိုင်တယ်။ PR သုံးရင် အမျိုးသမီးတွေ  ပိုပြီးအခွင့်အရေး ရသွားတယ်။  ဆရာမကြီးပြောသလို  အချိုးကျ Quota လုပ်မလား။ Primitive Action လုပ်မလား။ ဘယ်လိုလုပ်မလဲ၊  PR  ရှိခဲ့ရင် အမျိုးသမီးက  အမျိုးသမီးကို မဲပိုပေးရင်  ပိုပြီးကောင်းတယ်။   ဒီအားနည်းချက် နောက်ဆုံးရွေးကောက်ပွဲတို့၊ ၂ဝ၁၅ ရွေးကောက်ပွဲတွေ  ဖိလိုက်တော့ မဲဆန္ဒနယ်မြေ တစ်ခုမှာ ကိုယ်စားလှယ်လောင်းကတချို့မှာ ခုနစ်ယောက်လောက် ရပြီး  မဲကကွဲသွားတယ်။ ကွဲတော့ ကိုယ့်အမျိုးမဲက ၃ဝဝ ရတဲ့လူ၊ ၁ဝဝဝ ရတဲ့လူဖြစ်သွားတယ်။

တကယ်တမ်း နိုင်တဲ့လူက ဘယ်လောက်ကို ကိုယ်စားပြုသလဲဆိုရင်  ၃ဝ ရာခိုင်နှုန်းအောက် ပြည်သူတွေကို    ကိုယ်စားပြုပြီး အမတ်ဖြစ်သွားတယ်။ သူ့ကိုထောက်ခံတဲ့လူက ၃ဝ ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ ၇ဝ ရာခိုင်နှုန်းက ကိုယ်စားပြုမယ့်သူ မရှိတော့ဘူး။ ဒီဟာတွေကအစ ကျွန်တော်တို့ဆွေးနွေးပြီး ဘယ်ဟာက မြန်မာပြည်အတွက် အကောင်းဆုံးစနစ်ဖြစ်လာမလဲ။ဒီစနစ်နှစ်ခုထဲက ဆရာမကြီးပြောတဲ့ အခက်ပွားလေးပါ။ ဘယ်ဟာက ကျွန်တော်တို့အတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာ ဆွေးနွေးတာဖြစ်ပါတယ်။ ကျန်တဲ့ကိစ္စကို ဆရာကြီး ဦးကိုကိုလှိုင်တို့က ဒီကိစ္စကို မြန်မာပြည်မှာ အရင်ဆုံး ဆွဲခေါ်လာတဲ့ လူဆိုတော့ သူကပိုပြီးသိပါတယ်။ သူက ထပ်ပြီးရှင်းပြပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။

ဦးကိုကိုလှိုင်

ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သုတေသန လုပ်ခဲ့ဖူးပါတယ်။ ဘယ်အချိန်တုန်းက လုပ်ခဲ့လဲဆိုတော့    အမျိုးသား ညီလာခံကျင်းပဖို့အတွက်  ပြင်ဆင်နေတဲ့အချိန်မှာ အမျိုးသားညီလာခံကို အထောက်အကူပြုဖို့ အတွက် အဲ့တုန်းက ကျွန်တော်က စစ်ဦးစီးမှူး(ဒုတိယတန်း)နဲ့  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာန(ခွဲ)မှာ တာဝန်ထမ်းဆောင်နေတဲ့ အခါကျတော့ ကျွန်တော်တို့    စစ်ဦးစီးမှူး (ဒုတိယတန်း) နှစ်ယောက်ကို ကျွန်တော်တို့ရဲ့  လူကြီးက တာဝန်ပေးတယ် 'မင်းတို့ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ အထောက်အကူပြုဖို့အတွက် စာအုပ်ရေးကြ၊    မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တဲ့ အခြေခံဥပဒေတွေကို     အခြေခံပြီးတော့ ဒီအခြေခံ ဥပဒေတွေကြောင့် ဖြစ်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေတွေကို   သုံးသပ်ပြီးတော့ အခုအသစ်ဆွဲမယ့်     အခြေခံဥပဒေမှာ ဘာတွေ ဘယ်လိုဖြစ်သင့်လဲ ဆိုတာကို လေ့လာပြီး စာအုပ်ရေး'ဆိုတော့ ကျွန်တော်တို့ စာအုပ်ရေးပြီး ထုတ်ခဲ့ပါတယ်။

အဲ့ဒီစာအုပ်က 'ရွှေပြည်တော် မျှော်မဝေးသည်မို့' ၁၉၉၃ ခုနှစ်မှာ ထုတ်တာ။ အဲ့ဒီတုန်းက ကျွန်တော်တို့မျှော်လင့်ခဲ့တာ ရွှေပြည်တော် မျှော်လို့မဝေးတော့ဘူးပေါ့။ အဲ့ထဲမှာ ရွေးကောက်ပွဲရဲ့ Result တွေပေါ်မှာ လေ့လာခဲ့တာရှိပါတယ်။    ဆရာဆလိုင်းပြောတဲ့ ဖဆပလခေတ်က  ၅၆  ရွေးကောက်ပွဲမှာ ဖဆပလက မဲ ၁၇ သိန်း ကျော်ကျော်လောက် ရတယ်။ သူ့ရဲ့ အဓိက အတိုက်အခံဖြစ်တဲ့ ပမညတ မဲ  ၁၁ သိန်းကျော်ရတယ်။ အဲ့တော့ ပမညတအပါအဝင် အတိုက်အခံ စုစုပေါင်း အားလုံးမဲက ၁၅ သိန်းကျော်ရတယ်။ အမတ်နေရာရတော့ ဖဆပလက ၁၄၄ နေရာရသွားပြီးတော့ ပမညတ က ၄၆ နေရာပဲရတယ်။ အစွန်းထွက်လောက်ပေါ့။  ဒါက အစောန ပြောတဲ့ FPTP ရဲ့ အကျိုးဆက်တွေ။ အဲ့လိုမျိုး   အကျိုးဆက်တွေက ရှိနေတဲ့အတွက်ကြောင့်မို့ ဘာဖြစ်သလဲဆိုတော့ ပါတီကြီး တစ်ခုတည်းကနေပြီး  အုပ်စီးလာပြီးတော့မှ လွှတ်တော်တွေမှာဆိုရင်   အဲ့တုန်းက အမတ်တွေက တက်ချင်မှတက်တယ်၊ မတက်ချင်လည်းမတက်ဘူး။ မတက်တက်၊ တက်တက် သူတို့ရဲ့အဆိုတွေက အောင်မှာပဲဆိုတဲ့ဟာတွေ ဖြစ်လာတယ်။ ဒေသကိုလည်း ပြန်ပြီးတော့ ကြည့်စရာမလိုတော့ဘူးတွေ ဖြစ်လာတယ်။ ဒီကိစ္စတွေက  ဖဆပလကို   လူထုထောက်ခံမှု ကျဆင်းသွားစေတဲ့ အချက်တွေထဲမှာလည်း အများကြီးပါပါတယ်။ နောက်တစ်ခုက (၉ဝ)ရွေးကောက်ပွဲမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က  ဘယ်လောက်ရလဲ ဆိုတော့ ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄၇ နေရာမှာ အနိုင်ရတာ ၃၉၂၊ မဲရတာက ၅၂ ဒသမ ၅ ရာခိုင်နှုန်းပဲ ရခဲ့တာဖြစ်ပါတယ်။ တစညက ၄၁၃ မှာ ယှဉ်ပြိုင်တာ နိုင်တာ  ၁ဝ နေရာပဲ ရှိတယ်။  သူ့ရဲ့မဲရရှိတဲ့  ရာခိုင်နှုန်းက ၁၈ ဒသမ ၅၆  ဆိုတော့ ၂ဝ ရာခိုင်နှုန်း နီးပါးလောက်ရတာပါ။ ဒါကလည်း first  past  the  Post ရဲ့ အခြေအနေတွေကြောင့်မို့ ဖြစ်သွားတယ်။  တကယ်လို့သာ  Proportional Representativeပေါ့။ ဆရာမကြီးတွက်တဲ့ threshold တွေနဲ့တွက်ပြီးတော့မှ တစ်နိုင်ငံလုံးမှာ ရရှိတဲ့ ခိုင်လုံမဲ ဆန္ဒမဲတွေကို ရွေးချယ်ခဲ့ရတဲ့   ကိုယ်စားလှယ် အရေအတွက်တွေနဲ့ စားပြီးတော့Total ကို ကြည့်မယ်ဆိုရင် ရနိုင်တဲ့ ကိုယ်စားလှယ် NLD က ၂၆၄ ရပြီးတော့မှ  တစညက ၉၃ ရမယ်။ အဲ့ဒါမျိုးလေးတွေပေါ့။ အားကောင်းတဲ့ အတိုက်အခံတစ်ခုအဖြစ် ပေါ်ထွက်လာပြီးတော့မှ အချင်းချင်း ချိန်ညှိလို့ ရနိုင်မယ်။    တကယ်လို့သာ အကောင်အထည်ဖော်ဖြစ်ရင်ပေါ့။  အဲ့လိုမျိုး တော်တော်လေး ကွာသွားတဲ့ အခါကျတော့ Power Transition (အာဏာကိုလွှဲပြောင်း) ပေးရမယ့် အနေအထားမှာ တစ်ဖက်ကလည်း စိုးရိမ်မှုတွေ များသွားတဲ့ အချိန်မှာ မလိုလားအပ်ဘဲနဲ့ နိုင်ငံရေးမှာ ပြဿနာတွေ အများကြီး ပေါ်လာခဲ့တယ်လို့ သုံးသပ် တင်ပြချင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဟုတ်ကဲ့ပါ။ ဆက်လက်ပြီး ဆရာမကြီးကို မေးချင်တာက ကျွန်တော်တို့ နိုင်ငံအနေနဲ့ PR  လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြု စနစ်ကို အသုံးပြုမယ်ဆိုရင် ဘာတွေ ပြောင်းလဲသွားနိုင်တယ်ဆိုတာ  ဆရာမကြီးရဲ့အမြင်လေးကိုလည်း သိပါရစေ။

ဒေါက်တာ ဒေါ်မြင့်ကြည်

ဒါနဲ့ပတ်သက်လို့တော့    အစောပိုင်း ဦးကိုကိုလှိုင်ရော၊ ဒေါက်တာ ဆလိုင်းရော ပြောတဲ့အထဲမှာ တော်တော်များများ ပါသွားပါပြီ။ အစောန ပြောသလို စနစ်တစ်ခုကို ကျင့်သုံးတာက ကြာလည်းကြာပြီ။ ဒီစနစ်ရဲ့ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ကျွန်မတို့လည်း သိပြီဆိုတော့ ဒေါက်တာဆလိုင်းပြောသလိုပဲ တကယ်လို့ အခြားစနစ်တစ်ခု ပြောင်းရင်ရော ကျွန်မတို့ ဘယ်လောက် အကျိုးရနိုင်လဲဆိုတော့ စဉ်းစားရဖို့လိုတာပေါ့။ ဒီလိုစဉ်းစားမယ်ဆိုရင် ကျွန်မတို့တစ်ထိုင်တည်း ဆွေးနွေးရုံနဲ့တော့  မပြီးဘူးပေါ့။ ဘယ်လိုစနစ်ကို ကျွန်မတို့နိုင်ငံနဲ့    အကိုက်ဆုံးဖြစ်မယ်ဆိုတာကို ကျွန်မတို့     သုတေသနတွေ လုပ်ရမယ်၊

နောက်ပြီးတော့ ဒီစနစ်ကိုလည်း ကျွန်မတို့က  In Touch ဖြစ်အောင် ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ပြည်သူတွေကပါ ဒီစနစ်ကို နားလည် သဘောပေါက်ပြီးတော့  တကယ်အကျိုး သက်ရောက်မှုရှိတယ်၊ မရှိဘူးဆိုတာကို သူတို့ကိုယ်တိုင်က နားလည်လာတဲ့အခါမှာ ဆိုရင်တော့   ဒါပိုပြီးတော့   Effective  ဖြစ်တယ်၊ ပိုပြီးတော့ ထိရောက်တာ။

ဘယ်စနစ်က အကောင်းဆုံး၊ ဘယ်စနစ်ဆိုတာ အဆိုးဆုံးမရှိဘူး။ အရေးအကြီးဆုံးက ဘယ်စနစ်က ကျွန်မတို့နဲ့ ဘယ်စနစ်နဲ့ အကိုက်အညီဆုံးဆိုတာ  ရှာဖို့ပဲလိုတယ်။ အဲ့ကိုက်တဲ့ စနစ်ရတဲ့အချိန်မှာ ကျွန်မတို့နိုင်ငံရဲ့ ရွေးကောက်တင်မြှောက်တဲ့ အခြေအနေတွေက အရမ်းကောင်းလာတာ ဖြစ်လာမှာလို့ ကျွန်မတော့ ခံယူပါတယ်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

ဆရာမပြောလို့  မနေ့က  ဦးကိုကိုလှိုင် ပြောတာ သတိရတယ်။ ကျွန်တော်တို့ စနစ်နှစ်ခုနဲ့ စနစ်နှစ်ခုရဲ့ အစွယ်အပွားလေးတွေ စဉ်းစားနေတဲ့ အချိန်မှာ  ဆရာပြောသလိုပဲ ရွေးကောက်ပွဲဆိုတာ ဘယ်လောက်အရေးကြီးလဲ ဆိုတဲ့ဟာပေါ့။     မနေ့ကလည်း ဆရာပြောသလိုပဲ  သြစတြေးလျမှာဆိုရင် မဲမပေးရင် ဒေါ်လာ ၂ဝ လျော်ရတယ်ဆိုတာ အဲ့ဒါမျိုးကို ကျွန်တော်တို့တိုင်းပြည်မှာလည်း စနစ်တစ်ခုကို  ကျင့်သုံးတော့မယ် ဆိုတာနဲ့ အဲ့ဒီဟာရဲ့    အစွယ်အပွားတွေကိုလည်း စဉ်းစားဖို့လိုတယ်။ ကျွန်တော် မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ   အခု  ရွေးကောက်ပွဲ သုံးကြိမ်တွေ့တယ်။  ကျွန်တော်သဘောမကျတဲ့ ဟာက  ဘာလဲဆိုတော့  ရန်ကုန်မှာ နေနေတဲ့ ချင်းတွေက သူ့အိမ်လည်း ရှိတယ်၊ ပင်စင်လည်း ရပြီးပြီ၊ ရွေးကောက်ပွဲသွားတော့ သူမွေးတဲ့ရွာမှာ ရွေးကောက်ပွဲ သွားရွေးတယ်။ နောက်ပြီးတော့ ရွေးလည်းခံရော လွှတ်တော်ပြီးတာနဲ့ ရွာမပြန်တော့ဘူး။ နေပြည်တော်တန်းလာပြီး   ဒီမှာထိုင်နေတယ်။ အဲ့တော့ သူတို့ကို ကျွန်တော်ပြောတယ်  'ခင်ဗျားတို့ ဘယ်သူ့ကို ကိုယ်စားပြုလဲ၊ ခင်ဗျားတို့ရွာက မဲတွေကို ယူယူပြီးတော့ ရန်ကုန်မှာ ထိုင်နေတာတော့ မတရားဘူးပေါ့'။ ဥပမာဆိုပါတော့ အမေရိကန်မှာ အရေးကြီးတာက Residency ပေါ့၊  ကျွန်တော်  ဘယ်မြို့နယ်မှာနေလဲ၊ အမေရိကန်မှာဆို  အခွန်သုံးခု ပေးရတယ်။

တစ်ခုကFederal  အခွန်ပေးရတယ်၊ တစ်ခုက  ပြည်နယ်အခွန် ပေးရတယ်၊ တစ်ခုက Country မြို့နယ်မဟုတ်ရင် ခရိုင်ပေါ့ အခွန် သုံးခုပေးရတယ်။

အဲ့ဒီအခွန်သုံးခု ခြောက်လပေးပြီးမှသာ ကျွန်တော်တို့က မဲပေးခွင့်ရှိတယ်။ မဟုတ်ရင်တော့ ဟိုးရွာက လာတဲ့သူတွေ လာပြီးတော့၊ ဟိုးဘက်ပြည်နယ်ကလူတွေ  လာပြီးတော့ သူတို့ထောက်ခံတဲ့သူကို အသားကုန် မဲပေးပြီးတော့ ပြန်ထွက်သွားမှာ။ အဲ့တော့ ဒီဟာမျိုးတွေ

ကစ ကျွန်တော်တို့တွေက PRစနစ်ကောင်းလား၊ နိုင်တဲ့လူ အကုန်ယူစနစ်က ပိုကောင်းလားဆိုတဲ့ဟာတွေ  ကျွန်တော်တို့ထည့်ပြီး စဉ်းစားဖို့လိုတယ်။ ဒါကြောင့် ဆရာမကြီးပြောသလို ကျွန်တော်တို့ တစ်ထိုင်တည်းနဲ့ ဒီကိစ္စဟာ ဘယ်တော့မှ အဖြေထွက်မှာ မဟုတ်ဘူး။ ဒီဟာတွေအပြင်၊ ဒီစနစ်တွေအပြင် နောက်ကွယ်မှာ ထပ်ထပ်ပြီးတော့ ဖြည့်စွက်စရာတွေ အများကြီးရှိတယ်။ ဥပမာဆိုပါစို့ ဒီကြားဖြတ်မှာ စည်ပင်ရွေးကောက်ပွဲမှာ ၁ဝ  ရာခိုင်နှုန်းကျော်ကျော်ပဲ မဲပေးသွားတယ်။ အဲ့ဒီဟာက ဘာကြောင့်လဲ၊ ဘာအားနည်းလို့လဲ 'မထူးပါဘူးကွာ၊ သွားပေးလည်းမထူးဘူး' အဲ့ဒီဟာကြောင့်လား။  ဒါဆိုရင်  ထူးလာအောင် ကျွန်တော်တို့က ဘာလုပ်ရမလဲဆိုရင် ကျွန်တော်တို့အားလုံးကို  စုပြီးတော့ မနက်ဖြန် သန်ဘက်ခါ ဒီစနစ်ကို ပြောင်းလိုက်မယ်ဆိုရင်လည်း မရဘူး။  အမှန်ဆို  ဆရာ ဦးကိုကိုလှိုင်တို့ လုပ်လို့  ကျွန်တော်တို့လည်း PR တွေဘာတွေကို ဖတ်ပြီးတော့  နားလည်လာတာ။  ရွာထဲမှာရှိတဲ့လူကို PRဆိုတာဘာလဲဆိုတာ သွားမေးကြည့်။ မသိပါဘူး။ ကျွန်တော်တို့က အချိန်ယူပြီး စနစ်တကျနဲ့ လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ကျွန်တော်က ထပ်ပြီးတော့ ဆွေးနွေးချင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Read 214 times
Rate this item
(0 votes)
Last modified on Monday, 03 June 2019 10:54