SJ WorldNews - шаблон joomla Авто

ရွေးချယ် တင်မြှောက်ပုံစနစ် အမျိုးမျိုးအကြောင်း သိကောင်းစရာများ

Tuesday, 04 June 2019 11:02 Written by  font size decrease font size decrease font size increase font size increase font size

ယမန်နေ့မှ အဆက်

အပိုင်း(၃)

ဦးဆောင်ဆွေးနွေးသူ

ဒီတစ်ခါမှာ ဆရာဆလိုင်းကို မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရွေးချယ် တင်မြှောက်ပုံမှာ FPTP နိုင်သူ အကုန်ယူစနစ်နဲ့ ရွေးချယ်ထားပါတယ်။ ရွေးကောက်ပွဲ အသီးသီးမှာ ဘယ်လိုစနစ်တွေ ပြောင်းလဲကျင့်သုံးခဲ့လဲ အရင်ဆုံး သုံးသပ်ပေးပါဦးခင်ဗျာ။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

ကျွန်တော်တို့နိုင်ငံမှာက လွတ်လပ်ရေး ရပြီးကတည်းက နိုင်တဲ့သူ အကုန်ရစနစ်နဲ့ လာခဲ့တာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကလွဲရင် ဒီနေ့အထိပါပဲ။ အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့က အတော်အလှမ်းဝေးသေးတယ်။ အဲဒါကြောင့်လည်း ကျွန်တော်ထင်တယ် ပထမအကြိမ် လွှတ်တော်တုန်းကလည်း အဲဒီကိစ္စက လွှတ်တော်ထဲ ရောက်သွားပေမယ့်လည်း လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက  အဲဒါစိတ်ဝင်စားမှု အားနည်းခဲ့တယ်။ အဲဒီတုန်းက အသွင်ကူးပြောင်းရေး ကာလဆိုတော့ လုပ်စရာတွေ အရမ်းများတော့ ဒီရွေးကောက်ပွဲစနစ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေ စိတ်ထဲမှာလည်း အရေးမကြီးဘူး။ ပြည်သူတွေကလည်း သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိဘူး။ ပြုပြင်ပြောင်းလဲမှုက ဖြစ်ပါ့မလား၊ ပျက်ပါ့မလား၊ တစ်ဝက်မှာ တစ်ခုခုဖြစ်သွားမလား။ စိုးရိမ်မှု

တွေနဲ့ ပထမငါးနှစ်က ကုန်သွားတယ်။ အခုအချိန်ဆိုရင် ငါးနှစ်လည်းကျော်ပြီ  ရှစ်နှစ်၊ ကိုးနှစ်လောက် ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ၁၉၄၈ ကနေ ဒီနေ့အထိဖြစ်လာတဲ့ စနစ်တွေအားလုံးကို သုံးသပ်ပြီးတော့ ဆွေးနွေးတာတို့၊ နောက်ပြီးတော့ ဘယ်လိုသွားရင်ကောင်းမလဲဆိုတာတို့   ထပ်ပြီးတော့ ဆွေးနွေးဖို့ လိုတယ်။ အဓိကအရေးကြီးတာက နာမည်ကိုက PR။ PR က အချိုးကျ ကိုယ်စားပြုစနစ်။ အချိုးကျ ကိုယ်စားပြုတယ် ဆိုတာ အားလုံးအတွက် ကောင်းတယ်။ နိုင်တဲ့လူ အကုန်ရဆိုတော့ ပထမပြောသလို မဲဆန္ဒနယ်မြေမှာ လူခုနစ်ယောက် ဝင်ပြိုင်တော့ မဲ ၂၅ သာသာလောက်ရတဲ့သူပဲ    အနိုင်ရသွားတယ်။ အဲဒီဟာကျတော့   အချိုးမညီတော့ဘူး။ အချိုးမကျတော့တဲ့ အခါကျတော့ နစ်နာတဲ့သူတွေက ပိုများလာတယ်။ အဲဒါကြောင့်အချိုးညီအောင်လုပ်ရမယ်။ နောက်ပြီးတော့ မနေ့က ဆရာမတို့၊  ဆရာကြီးတို့ဆွေးနွေးတဲ့ အထဲမှာလည်းပါတယ်။ မြန်မာနိုင်ငံရဲ့ Demographic ကို  ကြည့်မယ်ဆိုလို့ ရှိရင် ဗမာတိုင်းရင်းသားမဟုတ်တဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေက လူဦးရေအားဖြင့် ၄ဝ ရာခိုင်နှုန်းရှိပေမယ့် နယ်မြေနေထိုင်မှုက ၆ဝ ရာခိုင်နှုန်းရှိတယ်။ ဗမာတွေက လူဦးရေအရ ၆ဝ ရာခိုင်နှုန်းရှိပြီးတော့ နေထိုင်တဲ့နေရာက Congested ဖြစ်တယ်။ နောက်ပြီးတော့ ၄ဝ ရာခိုင်နှုန်း  မြေကိုပဲပိုင်တယ်။  အဲတော့ ဒီအချိုးမညီမှုတွေကစ  အချိုးညီအောင် ဘယ်လိုလုပ်မလဲ။ လွှတ်တော်ထဲမှာ အချိုးညီညီနှင့် ၆ဝ ရာခိုင်နှုန်း၊ ၄ဝ ရာခိုင်နှုန်း၊  ၅ဝ၊ ၅ဝ အမျိုးသမီး၊ အမျိုးသား တိုင်းရင်းသား လူနည်းစု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အဲဒါတွေအားလုံးညီဖို့က  PR  စနစ်ကို ဒီအတိုင်း ပစ်ပယ်ထားလို့မရဘူး။ ကျွန်တော်တို့နဲ့ အကောင်းဆုံးဖြစ်မယ့်ဟာ ဘယ်ဟာဖြစ်မလဲဆိုတာ  စပြီးတော့ လုပ်ဆောင်ဖို့လိုတယ်လို့ ကျွန်တော်ကတော့ ဆွေးနွေးလိုပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဆရာဆလိုင်းရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ဆရာဦးကိုကိုလှိုင်က ထပ်ပြီး ဆွေးနွေးပေးပါဦးခင်ဗျ။

ဦးကိုကိုလှိုင်

ဆရာဆလိုင်းငွန်ကျုံးလျန်ရဲ့ဆွေးနွေးချက်ကို နားထောင်ပြီးတော့ စောစောကပြောတဲ့ နှစ်ခုပေါ့နော်။  ပထဝီအနေအထားနဲ့ လူဦးရေ။ အင်္ဂလိပ်လို ပြောရင်တော့ Geographical Factor  နဲ့ Demographical Factorပေါ့။ အဲနှစ်ခုကို အချိုးညီချိန်ဆဖို့က နိုင်ငံရေး တည်ငြိမ်မှုအတွက် အများကြီး အရေးကြီးပါတယ်။ အဲတော့ ဒီမိုကရေစီရဲ့ အဓိကအနှစ်သာရက ကိုယ်စားပြုမှုပေါ့နော်။ ကိုယ်စားပြုတာက   ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင် သလဲဆိုတာက တော်တော်လေး အရေးကြီးပါတယ်။

ဟိုးခေတ်တုန်းက ဂရိတို့၊ အေသင်တို့ခေတ်တုန်းက   ရှေးဦး ဒီမိုကရေစီတုန်းကတော့ နိုင်ငံလေးတွေကလည်း မြို့ပြနိုင်ငံလေးတွေ၊ လူဦးရေကလည်း နည်းတယ်။   နည်းတဲ့အခါကျတော့ တိုက်ရိုက် ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုတော့   လူတိုင်းပါဝင်တယ်။ ခုချိန်အထိလည်း Switzerland တို့မှာ Kantonတွေမှာ လူအားလုံးပါဝင်တဲ့ Assembly ကြီးတွေလုပ်ကြတာရှိပါသေးတယ်။ လူနည်းရင်တော့ ရတာပေါ့။လူများလာတဲ့ အခါကျတော့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ပဲ ကိုယ်စားပြုပြီးတော့မှ သူတို့ရဲ့အရေးကိစ္စတွေကို ဆွေးနွေးကြရတဲ့  ကိုယ်စားပြု ဒီမိုကရေစီဆိုတာ ပေါ်ပေါက်လာတယ်။ အဲဒီကတည်းက ကိုယ်စားပြုမှုတွေ ဒီမိုကရေစီမှာ အလွန်ကို အရေးကြီးလာတယ်။ အဲဒီတော့ ဘယ်သူတွေကို ကိုယ်စားပြုသလဲ။ များသောအားဖြင့် ဘာဖြစ်လာသလဲဆိုတော့ ကိုယ်စားပြုခံရတဲ့လူတွေက အရင်တုန်းကတော့ သူတို့က ပြည်သူထဲကလူတွေပဲ။ ကိုယ်စားပြုခံရတဲ့ နေရာလည်း ရောက်သွားရော သူတို့က Elite လို့ခေါ်တဲ့ လက်တစ်ဆုပ်စာ ရေပေါ်ဆီ လူတန်းစားဖြစ်လာတယ်။ အောက်နဲ့ကင်းကွာသွားတယ်။ အဲဒါမျိုးတွေဖြစ်လာတယ်။ အဲဒီထဲမှာမှ အုပ်စုတစ်စုလောက်ပဲ စောစောက ဆရာဆလိုင်းပြောတဲ့  ၂၅ ရာခိုင်နှုန်းက ရွေးချယ်လိုက်တဲ့ တစ်ခုလုံးရဲ့ အရေးအခင်းကို စီမံရတဲ့အခါမှာ  သူ့ရဲ့အကျိုးစီးပွားသည် သူ့ကိုထောက်ခံတဲ့ ၂၅ ရာခိုင်နှုန်းလောက်ပဲ သူက ပိုဦးစားပေးမှုတွေဖြစ်လာရင် ကျန်တဲ့ ၇၅ ရာခိုင်နှုန်းလောက်က အပစ်ပယ်ခံရတာမျိုးဖြစ်လာရင် တည်ငြိမ်မှုကို ထိခိုက်မယ်။ အားလုံးရဲ့အကျိုးစီးပွားကို မျှမျှတတ အချိုးကျကျ ပါဝင်နိုင်ဖို့က ခက်ခဲသွားမယ်။ ဒါတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ  ဆရာပြောသလိုပဲ ၄ဝ  ရာခိုင်နှုန်းသော   လူဦးရေနည်းပါးသော တိုင်းရင်းသားအုပ်စုတွေနဲ့  ၆ဝ ရာခိုင်နှုန်းသော ဗမာတိုင်းရင်းသား သူတို့နဲ့ကြားထဲမှာ ကွာဟမှုတွေ ကျဉ်းမြောင်းသွားဖို့ အဲဒီတော့ ဘယ်လိုမျိုး ပိုင်းခြားပြီးတော့ ဘယ်လိုမျိုး ကိုယ်စားပြုကြမလဲ။ ဒါတွေက တော်တော်လေး အရေးပါတဲ့ စဉ်းစားစရာလေးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေကို ပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပဲ အတတ်နိုင်ဆုံးတော့ လူဦးရေနည်းတဲ့ တိုင်းရင်းသားလူမျိုးစု တွေကို အခြေအနေတွေ ဖန်တီးပေးဖို့အတွက် ကြိုးစားခဲ့ကြတာပေါ့နော်။ ဒါကြောင့် တကယ်တမ်း ပြောရလို့ရှိရင် ၂ဝဝ၈ အခြေခံဥပဒေမှာကိုကပဲ ပြောရမယ်ဆိုရင် လူနည်းတဲ့အုပ်စုတွေကို တော်တော်များများ မျက်နှာသာ ပေးထားတာတွေ တွေ့ရတယ်။ အောက်လွှတ်တော် ပြည်သူ့လွှတ်တော်မှာ ဆိုလို့ရှိရင် မဲဆန္ဒနယ်မြေတွေဆိုရင်  ဆရာမကြီး ဒေါ်မြင့်ကြည် ပြောခဲ့သလို တစ်မြို့နယ်ကို တစ်ယောက်။ တစ်မြို့နယ်ကို တစ်ယောက်ဆိုလို့ ရန်ကုန်မှာဆို လှိုင်သာယာမှာဆို လူငါးသိန်းလောက်ရှိတယ်။ သူကလည်း တစ်ယောက်ပဲ ကိုယ်စားပြုတယ်။ သို့သော်လည်း ဝေးလံခေါင်းပါးတဲ့ မြို့နယ်လေးတွေဖြစ်တဲ့ ဒီးမောဆိုတို့၊ ပူတာအိုတို့၊ မချမ်းဘောတို့လို သူတို့တွေကျ လူဦးရေက ထောင်ဂဏန်း၊  သောင်းဂဏန်းလောက်ပဲ ရှိပေမယ့် သူတို့ကလည်း  ကိုယ်စားလှယ် တစ်ယောက်ရတယ်။  အဲ့လိုဆိုပြန်တဲ့အခါကျတော့ လွှတ်တော်နှစ်ရပ် စနစ်မှာ ယေဘုယျအားဖြင့် နိုင်ငံရေးသိပ္ပံမှာ အောက်လွှတ်တော်သည် လူဦးရေအချိုးပေါ်မှာ   မူတည်ရတယ်။ အမေရိကန်မှာဆိုရင် လူခုနစ်သိန်းမှာ လူတစ်ယောက်နဲ့ တွက်ပြီးတော့မှ လုပ်ကြတယ်။ ကျွန်တော်တို့က လူဦးရေကို အခြေမခံဘဲနဲ့ ပထဝီအနေအထားကို  အခြေခံပြီးတော့ မြို့နယ်တစ်ခုကို တစ်ယောက်ဆိုပြီး  ပေးထားတယ်။   တကယ်တမ်းပြောရရင် လူနည်းစုတွေကို အခြေအနေ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အဲ့လိုပဲ အထက်လွှတ်တော်မှာဆိုလည်း ပြည်နယ်ကြီးသည်၊ သေးသည်မဟုတ်ဘူး။ လူအများပေါ့နော်။ ၁၂ ယောက်ဆို ၁၂ ယောက်။ အဲလိုမျိုး သတ်မှတ်ပေးထားတာသည်  ဒါလည်းပဲ လူဦးရေနည်းပါးတဲ့ တိုင်းရင်းသားတွေ အတွက်ကို ပိုပြီးတော့    ပါဝင်နိုင်ဖို့ပေးထားတယ်။

သို့သော်လည်း အဲဒါနဲ့ လိုက်လျောညီထွေဖြစ်အောင် အချိုးကျ ကိုယ်စားလှယ်စနစ်နဲ့ ပေါင်းစပ်လို့ရှိရင်  ဥပမာ  အထက်က အမျိုးသား လွှတ်တော်လိုနေရာမှာ ပေါင်းစပ်လို့ရရင် အောက်မှာရှိတဲ့ပြည်နယ် လွှတ်တော်လို၊ တိုင်းဒေသကြီး လွှတ်တော်လိုနေရာမှာ ပေါင်းစပ်လို့ရှိရင်၊ PR စနစ်နဲ့ပေါင်းစပ်လို့ရှိရင် စဉ်းစားစရာတွေ၊ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ သို့သော် ကိုယ်နဲ့ ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် မဲဆန္ဒရှင်တွေရဲ့ အရည်အချင်း၊ အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေပေါ့နော်။ ကိုယ့်ရဲ့စီမံမယ့် အဖွဲ့အစည်းတွေရဲ့ အရည်အချင်းတွေနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အများကြီးလေ့လာ သုတေသနပြုပြီး ဆွေးနွေးဖို့တော့ လိုအပ်ဦးမယ်ထင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဆရာမကြီးက ထပ်မံဖြည့်စွက် သုံးသပ်ပေးပါဦးခင်ဗျာ။

ဒေါက်တာ ဒေါ်မြင့်ကြည်

ကျွန်မတို့နိုင်ငံရဲ့ Geographical ဧရိယာအရဆိုရင် ကျွန်မတို့က ပြည်နယ်တို့၊ တိုင်းဒေသကြီးတို့ ခွဲထားတယ်။ တချို့ ပြည်နယ်တွေက လူဦးရေကနည်းတယ်။ တချို့ပြည်နယ်တွေကျ လူဦးရေကများတယ်။ စောစောက ဆရာပြောသလိုပဲ ရန်ကုန်မှာဆို Congested ဖြစ်တော့ လူဦးရေကများတယ်။ ဒါပေမဲ့ ကျွန်မတို့က ဘာဖြစ်လာသလဲဆိုတော့ဥပမာ ချင်းပြည်နယ်ဆို ချင်းလူမျိုးတွေပဲ မဟုတ်ဘဲ  ဗမာတွေလည်းရှိတယ်။  အခြား တိုင်းရင်းသားတွေလည်း ရှိတယ်။ နောက် ရခိုင်ပြည်နယ်ဆိုလည်း အလားတူပဲ ရခိုင်လူမျိုးပဲမဟုတ်ဘူး ဗမာတွေလည်း ရှိတယ်။ အခြားလူမျိုးတွေလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်မတို့ဆီက ပြည်နယ်တို့၊ တိုင်းဒေသကြီးတို့ သတ်မှတ်ပေမယ့်လို့ ဒီတစ်ဦးချင်း၊ တစ်ဦးချင်း စဉ်းစားလို့မရဘူး။ အများကစုနေတယ်။

စုနေတဲ့အခါကျတော့    အခုလက်ရှိစနစ်ကတော့ အတတ်နိုင်ဆုံးတော့ အဆင်ပြေအောင် ဖန်တီးပေးထားတာ ဘာလဲဆိုရင် သုည ဒသမ ၁ ရာခိုင်နှုန်း တိုင်းရင်းသား ရှိလို့ရှိရင် သူ့အတွက် One Seat ပေးတယ်။ ဒါလေးကတော့ အဲဒါလေးကို ဖြေထားတာပေါ့နော်။

ဒါပေမဲ့ PR  ကိုကျင့်မယ်ဆိုလို့ ရှိရင် ဒါကတော့ဖန်တီးပေးထားတာ။ ဒါပေမဲ့ ဖန်တီးပေးပေမယ့်လို့ ရွေးကောက်ခံရင် ပါမလာတာ။ အဲတော့ ရွေးကောက်ပွဲစနစ်ကို တကယ်လို့ PR များသုံးရင် ပေးတဲ့အတိုင်း ရလဒ်ထွက်လာမလား ဆိုတာက စဉ်းစားစရာပေါ့နော်။ နောက်ပြီးတော့    Constituency  တွေကိုပဲ ဘယ်လောက် အတိုင်းအတာအထိ ညှိနိုင်မလဲ။

ဘယ်လောက်  Proportionately  လုပ်ပေးနိုင်မလဲ ဆိုတာကိုတော့  ကျွန်မတို့ဒါတွေကို  ဆွေးနွေးပြီးတော့  ညှိနှိုင်းဖို့ လိုမယ်ထင်ပါတယ်။

ဦးဆောင်ဆွေးနွေးသူ

ဆက်လက်ပြီး ဆရာဆလိုင်းကို မေးချင်တာက နိုင်သူအကုန်ယူစနစ်ကို ၁၉၄၇ ခုနှစ်နဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင့်သုံးလာခဲ့တဲ့အခါမှာ ကြုံတွေ့ရတဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပတ်သက်ပြီး သုံးသပ်ပေးစေချင်ပါတယ်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်

ပထမပိုင်းမှာ ကျွန်တော်ဆွေးနွေး ထားသလိုပါပဲ။ ဖဆပလ သမိုင်းကိုကြည့်မယ် ဆိုလို့ရှိရင် ဆရာဦးကိုကိုလှိုင်လည်း နည်းနည်းတော့ ထည့်ပြောသွားပါတယ်။ ၁၉၄၈ ကနေ ၁၉၆ဝ လောက်အထိ  လွှတ်တော်ထဲမှာ ဘာဖြစ်လဲဆိုတော့ ဥပဒေပြုကြတယ်။ အနိုင်ရတဲ့ပါတီက တင်လာသမျှ အဆိုကို ဆန့်ကျင်ဘက်ပါတီက အကုန်ကန့်ကွက်တယ်။ အတိုက်အခံပါတီက တင်လာသမျှကို အနိုင်ရပါတီက အကုန်ကန့်ကွက်တယ်။ အဲတော့ လေးနှစ်လောက်မှာ လွှတ်တော်ထဲမှာ အဆိုပေါင်း ၁ဝဝ ကျော်ဝင်မယ်။ ဘယ်တော့မှ နှစ်ဖက်ညှိပြီးတော့ ဒီဟာလေးတော့ လုပ်ရအောင်ဆိုတာမရှိဘူး။ ခင်ဗျားမကြိုက်ရင်လည်း ကျွန်တော်နိုင်မှာပဲ။ ကျွန်တော်သွားသွင်းရင်လည်း နိုင်မှာမဟုတ်ဘူး။ သူတို့က အကုန်ကန့်ကွက်မှာပဲဆိုတော့ လွှတ်တော်မတက်ဘူး ဆိုတာတွေဖြစ်လာတယ်။ အဲဒါက ဒီသမိုင်းမှာပေါ့။ ရယ်စရာကောင်းတာက အဆိုတစ်ခုကို သူတို့တင်တယ်။ အဲဒါကဘာလဲဆိုတော့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုတဲ့ အဆိုပေါ့။ မြန်မာပြည်မှာ နျူကလီးယား လက်နက်မှမရှိတာကို။ အဲဒီအခါကျတော့ ဘာမှပြောစရာမရှိတဲ့အတွက်  ဒီတစ်ခါရော အကုန်ထည့်ရအောင်ဆိုပြီး အတိုက်အခံရော၊ ဖဆပလရော တစ်ခါတည်း ထောက်ခံဖူးတဲ့ သာဓကရှိတယ်။ အဲဒါက အဲဒီတုန်းက ကျင့်သုံးနေတဲ့ဟာရဲ့  အားနည်းချက်ပေါ့။

ဒီဘက်၂ဝဝ၈ ဖွဲ့စည်းပုံအသစ် ဝင်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ကြည့်မယ် ဆိုလို့ရှိရင် ပထမပိုင်းမှာ ဆွေးနွေးသွားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁ဝ မှာမဝင်တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီက အစိုးရရော၊ လွှတ်တော်ရော ဦးဆောင်သွားတယ်။ နောက်ကြားဖြတ်မှာ ကျတော့လည်း၄၃ ၊ ၄၂ နေရာလောက်ဆိုတော့ NLDက အကုန်လုံးနီးပါး နိုင်ပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ မလုပ်နိုင်ခဲ့ဘူး။  ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကြည့်ပြန်တော့လည်း ပြည်ခိုင်ဖြိုးက အရင်တုန်းက အများကြီးနိုင်ခဲ့ပေမယ့် NLD ဝင်လာတဲ့အခါကျတော့ ၄ဝ နေရာ ကျော်ကျော်လေးပဲ နိုင်တယ်။ အဲဒီတော့ သူ့ရဲ့အတိုက်အခံ အင်အားက ဘာမှပြောလို့ကို မရတော့ဘူး။ လွှတ်တော်ထဲမှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အစိုးရကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဆိုတော့ ဒီလိုတွေဖြစ်နေတဲ့ ဟာကို  ကြည့်လို့ရှိရင် တကယ်လို့  PR သာ ကျင့်သုံးခဲ့သော် ဆရာကြီး ဦးကိုကိုလှိုင် ပြောသလို ဒီလောက်ကြီး အစွန်းထွက်ပြီးတော့ တစ်ဖက်က နိုင်စရာမရှိဘူး။ နှစ်ဖက်စလုံးက ပူးပေါင်းပြီးတော့ ဒီတိုင်းပြည်အတွက် လုပ်ကြစို့။ ခင်ဗျားပါတီ၊ ကျွန်တော့်ပါတီ   ခဏလေးဘေးချိတ်။

ကျွန်တော်တို့တိုင်းပြည် တည်ငြိမ်စွာ အသွင်ကူးပြောင်းဖို့ စီးပွားရေး၊  ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး တိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ ဆွေးနွေးမှုက ရှိတယ်။ မမျှတဲ့အခါကျတော့ အင်အားကြီးတဲ့လူက အင်အားသေးတဲ့လူကို အမြဲတမ်း ဘေးဖယ်တာရှိတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှမဟုတ်ဘူး  တခြားနိုင်ငံမှာလည်း ဒီအတိုင်းပါပဲ။ 

နိုင်ငံရေးဆိုတာ အယူဝါဒကို အခြေခံပြီးတော့ ဖွဲ့ထားတဲ့အတွက် ဒီဟာတွေက ပထမ ၄၇   ဖွဲ့စည်းပုံ အခြေခံဥပဒေရယ် နောက်ပြီးတော့  ဒီဘက်မှာ  ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ   ကျွန်တော်တို့ ကျင့်သုံးတဲ့ ရွေးကောက် တင်မြှောက်ခြင်း စနစ်ရဲ့ အားနည်းချက်တွေပေါ့နော်။ ဘယ်ပါတီနိုင်လို့ ဘယ်ပါတီရှုံးလို့ ဆိုတာ ကျွန်တော့်မှာမရှိဘူး။ ဒါပေမယ့် ဒီစနစ်ကြောင့် ထွက်လာတဲ့ ရလဒ်က ကျွန်တော်တို့မှာ စဉ်းစားစရာဖြစ်လာတယ်။ နောက်တစ်ချက်က မတူညီတဲ့ ရွေးကောက်ပုံစနစ်နဲ့ သူ့ရဲ့အစွယ်အပွားတွေကို ကျင့်သုံးလိုက်တာနဲ့ ကျွန်တော်တို့က တစ်ခါတည်း ဒီပြသနာလည်း ပြေလည်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ စဉ်းစားစရာရှိတာက ဆရာမကြီးတို့ ရွေးကောက်ပွဲ ကော်မရှင်သက်တမ်းက အစိုးရသက်တမ်းနဲ့ တူနေတယ်။ အစိုးရတစ်ခုအသစ် ပြောင်းလာတာနဲ့ ကဲအိမ်ပြန်ကြတော့ဆိုပြီး အိမ်ပြန်ခွင့်လေး ပေးလိုက်ပြန်။ နောက်တစ်ယောက် ပြန်တက်လာ

ရော။ အစိုးရ အပြောင်းအလဲဖြစ်တာနဲ့ ရွေးကောက်ပွဲကော်မရှင်လည်း အပြောင်းအလဲ ဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဒီစနစ်ကို ဘယ်ဟာပဲသုံးသုံး ကျွန်တော်တို့ ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူက   အားကိုးတဲ့ ရွေးကောက်ပွဲ ကော်မရှင်၊ သမာသမတ်ကျတဲ့ ကော်မရှင်၊ ငွေရေးကြေးရေးအရ တတ်နိုင်တဲ့ကော်မရှင်၊ နည်းပညာအရ တော်တဲ့ကော်မရှင်၊ နောက်ပြီး သူ့ကိုဖြုတ်ချင်တိုင်းဖြုတ်၊ ခန့်ချင်တိုင်းခန့်လို့မရတဲ့ တရားလွှတ်တော်ချုပ်လို အသက် ၇ဝ ပြည့်တဲ့အထိ ခင်ဗျားတို့ ကော်မရှင်ထဲမှာ လုပ်လို့ရတယ်ဆိုတဲ့ ဟာတွေကိုကအစ အများကြီး ထည့်သွင်း စဉ်းစားပေးဖို့လိုတယ်။

အဲတော့ Constitution နှစ်ခုနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှစ်ခုရဲ့ အားနည်းချက်ဆိုတာ အဲ့ဒီအခြေခံဥပဒေက ပြဌာန်းထားတဲ့ ရွေးကောက်ပွဲစနစ် အားနည်းချက်၊ အဲဒီအခြေခံ ဥပဒေကပါတဲ့ ရွေးကောက်ပွဲ စနစ်ကို အကောင် အထည်ဖော်စေမယ့် Institutionတွေကအစ ကျွန်တော်တို့က ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ ကျွန်တော်ဆွေးနွေးချင်ပါတယ်။

ဒေါက်တာ ဒေါ်မြင့်ကြည်

ဟုတ်ပါတယ်။ ဒါကတော့ ရွေးကောက်ပွဲ ကော်မရှင်တွေမှာ ကျွန်မတို့လည်း လုပ်ခဲ့ဖူးတယ်။ သို့သော်လည်း ဘယ်လိုလည်းဆိုတော့ အခု term ကို သတ်မှတ်လိုက်တဲ့ အခါမှာ ဒီတစ်ဖွဲ့က အသားကျသွားနေတဲ့အခါမှာ နောက်တစ်ဖွဲ့က အသစ်တက်လာတဲ့ အခါကျတော့ သူကတစ်ခါ အသစ်ပြန်ဖြစ်တယ်။ ဒါကိုလည်း လေ့လာဖူးပါတယ်။ တစ်ချို့နိုင်ငံတွေရဲ့ ကော်မရှင်တွေမှာ ခန့်တာကိုက ပထမတစ်ဝက်ကို စခန့်တယ်။ နောက်ငါးနှစ်ဆို နောက်တစ်ဝက်ခန့်တယ်။ အဲဒီအခါကျ အစဉ်အဆက် ကလေးတွေ ရှိတဲ့အခါကျတော့ သူ့ရွဲှ့ Trend ကပြတ်မသွားဘူးပေါ့။ ဒီလိုစနစ်ကလေးကို ကျင့်သုံးရင်းတော့ ကျွန်မက ဟိုတုန်းက တွေးခဲ့တယ်ပေါ့ ဒီလုပ်ငန်းကလည်း စဉ်ဆက်မပျက်ဘူး။ အခုဒီလို PR တို့ ကျင့်မယ်ဆိုရင် လေ့လာဖို့တွေ၊ အတွေ့အကြုံတွေ အများကြီး လိုသေးတယ်။ အခု ပြီးခဲ့တဲ့ ကော်မရှင် ရွေးကောက်ပွဲတွေမှာလည်း အလားတူပဲ   ပထမဆုံး   ကျွန်မတို့ကို စခန့်တုန်းက  ကော်မရှင်အကြောင်းကို လုံးဝ မသိဘူး။  ရွေးကောက်ပွဲကို  ထိတွေ့တာ အင်မတန် နည်းတော့ ပထမဦးဆုံး ရွေးကောက်ပွဲက ရှစ်လလောက်အတွင်းမှာ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးခဲ့ရတယ်။ အတက်နိုင်ဆုံး  ညွှန်ကြားချက်တွေ တပြေးညီတည်း ထုတ်ကြရတယ်။  နောက်ရွေးကောက်ပွဲကျတော့ ပထမထက် ပိုပြီးတော့ ပြည့်စုံလာတယ်။ အရှေ့က အားနည်းချက်တွေကို ပြင်တယ်။ နောက်ထပ် ဘာတွေကို လုပ်သင့်တယ် ဆိုတာကို လုပ်လာတယ်။  တကယ်လို့ နောက်ကော်မရှင်ကို ထပ်ပြီး လုပ်မယ်ဆိုရင် ဒီကအားနည်းချက်တွေကို ထပ်ဖြည့်မယ်ဆိုရင် ဒီကော်မရှင် လုပ်ငန်းကလည်း အောင်မြင်သွားမှာပေါ့။ term တခုထားတာထက် တဝက်ဆီ  termကို  လဲပြီး ခန့်တာမျိုးလည်း ဖြစ်ရင် ဒီကော်မရှင်ရဲ့လုပ်ငန်းကလည်း ပိုအောင်မြင်တယ်လို့တော့ တွေးမိပါတယ်။

ဦးကိုကိုလှိုင် 

ကျွန်တော်ဒီနေရာမှာ စဉ်းစားမိတာလေးပေါ့။ ဒီနိုင်ငံရေး အထူးသဖြင့် ဒီရွေးကောက်ပွဲနှင့် ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေးက Electoral Politics ပေါ့။ ဘာနဲ့တူသလဲဆိုရင် ဘောလုံးပွဲတပွဲနဲ့ တူတယ်။ ဘောလုံးပွဲတစ်ပွဲမှာ  ယှဉ်ပြိုင်ဘက် အသင်းနှစ်သင်း   ရှိမယ်။ 

အဲဒီယှဉ်ပြိုင်မယ့် အသင်းတွေကို စည်းမျဉ်းနှင့်အညီ ကစားဖို့ကို ထိန်းကြပ်ပေးရတဲ့ ဒိုင်လူကြီးပေါ့။ ကွင်းလယ်ဒိုင်သူကြီးရှိသလို ဘေးကစည်းကြပ်ဒိုင်တွေလည်း ရှိတာပေါ့။ အဲဒီသုံးဦး သုံးဖလှယ်ကြားထဲမှာ ယုံကြည်မှု ရှိနေဖို့လိုတယ်။ အသင်းနှစ်သင်းကြားမှာ စည်းမျဉ်းအတိုင်းပဲ လူမချဘူး၊ တိတ်တိတ်ပုန်း လက်ကလေးနဲ့ မထိဘူး။ အဲဒါမျိုးတွေ မဖြစ်အောင် ဒိုင်သူကြီးက လူကျွံဘော မဖြစ်အောင်  လူကျွံဘောဖမ်းရမယ်။ Foul ပေးရင်ပေးရမယ်။ အနီကဒ်ပြရမယ်။ အဝါကဒ် ပြရမယ်။ သူအလုပ် သူလုပ်ရမယ်။ ဒိုင်လူကြီး ကောင်းကောင်း၊  တဖက်အသင်းတွေရဲ့ စိတ်ဓာတ်ကလည်း ကောင်းမယ်ဆိုရင် အဲဒီဘောလုံးပွဲတွေက အင်မတန်မှာပဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ကြည့်လို့လည်း ကောင်းတယ်။   အောင်လည်း အောင်မြင်တယ်။  အဲလိုမှာ မဟုတ်ဘဲ တဖက်က ဒိုင်လူကြီးကိုပါ ဆွဲသွင်းပြီးတော့  ၁၃ ယောက်နဲ့ ၁၁ ယောက်၊ ၁၄ ယောက်နဲ့ ၁၁ ယောက်  အဲဒါမျိုးတွေ ကန်နေမယ်ဆိုရင် မကောင်းပြန်ဘူး။ ဒါကြောင့်မို့  ဆရာမကြီး ပြောသလို Term အလိုက် သွားလို့ရှိရင်  အစိုးရရယ်၊ လွှတ်တော်ရယ် စုပြီးတော့ အစိုးရဆိုတာသမ္မတပေါ့။ Nominate လုပ်ပြီး   လျာထားပြီးတော့   ခန့်တယ်အတွက်ကြောင့်  FPTP ကတော့ တစ်ပါတီ

တည်းက ရကြတာများတဲ့အတွက်ကြောင့်  ကိုယ်လူကိုယ်ပဲ ခန့်ကြတယ်။ နောက်ပါတီကလည်း သူလူကို သူပြန်ရွေးမယ်။ အဲလိုမျိုးနဲ့ပဲ ဖြစ်သွားနိုင်တယ်ဆိုတော့ ယုံကြည်မှု(Trust ) က ထိခိုက်တဲ့ အနေအထား  ရှိပါတယ်။ဒါကြောင့်မို့လို့  တခြားနိုင်ငံတွေမှာဆိုရင် ဆရာဆလိုင်း ပြောသလို တရားလွှတ်တော်ချုပ် လို့ အသက် ၇ဝ အထိကို ဖြုတ်လို့မရဘူး။ အိန္ဒိယမှာ ရွေးကောက်ပွဲ ကော်မရှင်းမှာ ရွေးကောက်ပွဲ မဟာမင်းကြီးဆိုပြီး ခန့်တယ်။ သူကအစိုးရအမှုထမ်း ဖြစ်တယ်။ သူက ဘယ်အစိုးရတက်တက် ဘယ်ပါတီပဲ တက်တက် သူလုပ်ပေးရမည့်အလုပ်က ရွေးကောက်ပွဲ လုပ်ပေးနေရမယ်။ ရွေးကောက်ပွဲအတွက် သူနိုင်ငံက အရမ်းကြီးတော့  အထွေထွေ ရွေးကောက်ပွဲဆို လနဲ့ချီပြီး လုပ်ရတယ်။ ကြားဖြတ်တွေကလည်း စဉ်ဆက်မပြက် လုပ်နေရတယ်။ 

ဆယ့်နှစ်ရာသီပတ်လုံး အိန္ဒိယရွေးကောက်ပွဲကော်မရှင်က အလုပ်ရှုပ်တယ်။ သူ့ကိုလည်း အမြဲခန့်ထားပေးမှရတယ်။ဒါကလည်း စနစ်တစ်မျိုးရှိတယ်။  Low Trust လို့ ခေါ်တဲ့ တဖက်နဲ့ တဖက် ယုံကြည်မှု အရမ်းနည်းတဲ့ လူအဖွဲ့အစည်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲ တခုလုပ်မယ်ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်းကို ဘယ်သူမှာ စိတ်မချဘူး။ ဟိုဘက်ပါတီကလည်း စိတ်မချဘူး။ ဒီဘက်ပါတီကလည်း စိတ်မချဘူး။ ရွေးကောက်ပွဲ နီးလာရင် ဟိုတုန်းကဆိုရင် Caretaker Government လုပ်ရတယ်။ အဲဒီ Caretaker Government ကို တပ်က  ကိုင်ထားတယ်။ တပ်ကနေမှာ ယာယီအုပ်ချုပ်ရေးမှူး ဆိုပြီး  ဝန်ကြီးချုပ်မရှိဘူး။ ယာယီ အုပ်ချုပ်ရေးမှူးကနေ သက်ဆိုင်ရာမှာ ဝန်ကြီးမဟုတ်ဘူး။ တာဝန်ခံတွေ ခန့်ပြီးတော့ နိုင်ငံတော် အုပ်ချုပ် စီမံခန့်ခွဲတယ်။ တချိန်တည်းမှာပဲ ရွေးကောက် ပွဲအတွက် ပြင်ဆင်ပေးတယ်။ အဲဒါကို တစ်နှစ်အတွင်း ရွေးကောက်ပွဲ ပြီးအောင် ကျင်းပတယ်။ တခါတရံ တစ်နှစ်တည်းနဲ့ မလုပ်နိုင်တော့ Caretaker Government  က တနှစ်ကျော်သွားတာတွေ ရှိတယ်။ အဲဒီမှာ တော်တော်လေးကို ပူညံပူညံ ဖြစ်သွားတယ်။  သူတို့တွေ ကြောက်တာက  ပထမတချက်က ရွေးကောက်ပွဲမှာ မသမာမှုလုပ်မှာ ကြောက်တယ်။  ဒုတိယအချက်က နိုင်တဲ့သူက အာဏာလွှဲမပေးမှာကို ကြောက်တယ်။  အဲဒီလိုမျိုး Low Trust တဲ့အခါ ဘောလုံးအသင်းနှစ်သင်းက မယုံကြည်ခဲ့တဲ့အခါမှာ ဆရာဆလိုင်း ပြောသလို တစ်ယောက်က တင်လာရင် တစ်ယောက်က ပုတ်ချမယ် ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပါတီတခုက နိုင်သွားတယ် ဆိုရင် ကျန်တဲ့အတိုက်အခံပါတီက ညစ်တာပဲဆိုပြီး လွှတ်တော်ကို မတက်တော့ဘူး။ အာဏာရပါတီ တခုတည်းကပဲ လွှတ်တော်မှာ ထိုင်ပြီးတော့ လုပ်နေရပြန်တော့လည်း ဒါက Check and Balance မရှိဘူး၊ ဒီမိုကရေစီ မရှိဘူးဆိုပြီး အပြောခံရမယ်။ အဲလိုနည်းလမ်းမျိုးတွေနဲ့ နိုင်ငံရေး ကစားတာမျိုးတွေ ရှိလာတယ်။ တကယ်လို့ အချိုးကျ ကိုယ်စားလှယ်စနစ်ကို သွားမယ်ဆိုရင်တော့ ဒီပါတီတွေက တစ်ယောက်နဲ့တစ်ယောက် မဖြစ်မနေ ညှိနှိုင်းကြမယ်။ ညှိနှိုင်းမှာ အစိုးရဖွဲ့လို့ ရမယ်။ အတိုက်အခံဘက်မှာလည်း  ညှိနှိုင်းပြီးမှာ လုပ်ကြတယ်။ အတိုက်အခံမှာကော အာဏာရအုပ်စုမှကော အသံတွေက အမျိုးမျိုး ရှိကြတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်လို့ မရအောင် တစောင်းစေးနဲ့ မျက်ချေးအုပ်စုကြီး နှစ်စုရှိတာတောင် ဘေးကအသေးတွေက   အဲဒီလိုမလုပ်နဲ့၊ အဲဒီလောက်ကြီးတော့ ပြောလို့ မဖြစ်သေးဘူး ငါတို့အဆင်ပြေအောင် အလုပ်ဖြစ်အောင် ငါတို့ ဘယ်လိုလုပ်ကြမလဲဆိုပြီး အကုန်လုံးက လိုက်လိုက်လျောလျော ဖြစ်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်   ညှိနှိုင်းတဲ့ အတက်ပညာကိုလည်း  သုံးလာကြတယ်။

ဒါတွေက   အဆင်ပြေချောမွေ့စေတယ်။ ဒါကလည်းလူပေါ်မှာ မူတည်ပါတယ်။ ကိုယ်အချင်းချင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်က ရန်ဖြစ်ရင် ခိုင်မာတဲ့ပေါ်လစီကို ထွက်မလာဘဲနဲ့ ရပ်တန့်နေမယ်ဆိုရင်    ပြဿနာရှိတယ်။

တခါတလေကျတော့ ဒီညွှန်ပေါင်းကို ရှာလို့မရလို့  အစိုးရကို မဖွဲ့နိုင်လို့ နှစ်နဲ့ချီ ကြာနေတာတွေလည်း ရှိတယ်။ ဘယ်အပေါ်မှာ မူတည်သလဲဆိုရင် နိုင်ငံရေးသမားတွေရဲ့ စိတ်အခံ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး၊ တစ်ပါတီနဲ့ တစ်ပါတီ ဆက်ဆံရေးက သူတို့ ဖြတ်သန်းလာတဲ့ အတိတ်ဘဝ၊ သမိုင်းကြောင်း၊ ခံစားချက်တွေမှာ မူတည်ပါတယ်။ နိုင်ငံရေးကို ခံစားချက်ပေါ်မူတည်ပြီး လုပ်ကြတာများတယ်။ ဦးနှောက်ကို သုံးပြီး ဆင်ခြင်တုံ

ဥာဏ်နဲ့ လုပ်တာက ရှားတယ်။ ခံစားမှုကို အလွန်အကျွံဦးစားပေးလိုက်လို့ ရှိရင်လည်း အလုပ်မဖြစ်တော့ဘူး။ အဲဒီနှစ်ခုကို မျှတအောင် ထိန်းနိုင်ပြီးတော့ ကိုယ်လိုရာခရီးကို သွားနိုင်တော့မှာ နိုင်ငံတခုရဲ့  တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို   တည်ဆောက်နိုင်မယ်လို့

ကျွန်တော်အနေနဲ့ သုံးသပ်ချင်ပါတယ်။   

ဆက်လက်ဖော်ပြပါမည်။

Read 187 times
Rate this item
(0 votes)
Last modified on Tuesday, 04 June 2019 11:04