SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လက်တွေ့ အသုံးချ ဆေးနည်းတိုများ (၇)

Thursday, 21 September 2017 12:16 Written by  font size decrease font size decrease font size increase font size increase font size

မေး။ ဆရာရှင့်  ကျွန်မအဆီကျချင်လို့ပါ။ ပျားရည်နဲ့ သံပရာသီးကို ရေနွေးစိမ်သောက်ပါတယ်။ ညနေစာ မစားပါဘူး။ နည်းစနစ်မမှန်လို့လား မသိဘူး။ မပိန်ပါဘူးရှင့်။ အချို့က ပျားရည်အသစ်သောက်ရင် ပိုဝတယ်ပြောတယ်။ မှန်ပါသလားရှင်။

ဖြေ။ ပျားရည်အဟောင်းကမှ လူကို ဝစေတာပါ။ အသစ်ကိုပဲ သုံးစွဲပါ။ အဆီကျချင်ရင် ပျားရည်တစ်ဇွန်း မနက်အိပ်ရာ ထသောက်ပါ။ သက်ရင်းကြီးရွက်နုကို ရေနွေးဖြော အတို့အမြှုပ်လုပ်ပြီး နေ့စဉ် တစ်ရွက်နှစ်ရွက် စားသုံးပါ။ ညအိပ်ရာဝင် ရှောက်ရည်တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ဆားခါးတစ်ဇွန်း (ဟင်းစားဇွန်း) စပ်သောက်ပါ။ ဝမ်းမှန်ပြီး ဗိုက်ချပ်၊ အဆီ ကျစေပါတယ်။

မေး။ ဆရာရှင့် သွေးထဲအဆီများပြီး နှလုံးသွေးကြောကျဉ်း၊ နှလုံးအနည်းငယ်ကြီးပြီး အသည်းအဆီဖုံးစ ပြုနေသူက ပျားရည်စားလို့ရပါသလားရှင့်။

ဖြေ။ ရပါတယ်။ မနက်အိပ်ရာထ ပျားရည်တစ်ဇွန်း ပုံမှန်သောက်ပေးရင် အဆီကျစေတယ်လို့ သုတေသနရှိပါတယ်။ ပျားရည်နဲ့ ရှောက်ရည်စပ်ပြီး သောက်ပေးရင်လည်း သွေးထဲကအဆီ ကျစေပါတယ်။ အချို့က ကြက်သွန်ဖြူ ဥတစ်လုံးကို ပျားရည်နဲ့ ရက်သတ္တပတ်ကြာစိမ်ထားပြီး စားသုံးရင် မကောင်းတဲ့အဆီတွေ ကျစေတယ်လို့ ဆိုပါတယ်။ ဆီးချိုရှိ သူတွေတောင် ကြက်သွန်ဖြူ ပျားရည်ကို တစ်နေ့ ဟင်းစားဇွန်းတစ်ဇွန်း သုံးဆောင်နိုင်တယ်လို့ ဆိုပါတယ်။

မေး။ ဆရာရှင့် သမီးမျက်နှာမှာ မှဲ့ခြောက်လေးတွေလိုလို၊ အသားပိုလေးတွေလိုလို ထွက်လာတာကို ပျောက်ကင်း အောင် ဘယ်လိုလုပ်ရပါ့မလဲ။

ဖြေ။ သံပရာသီးစိတ်နဲ့ ပွတ်ပေးပါ။ ကွမ်းသီးခြမ်းသွေးလိမ်းပါ။ တစ်ပတ်တစ်ကြိမ် ရှားစောင်းလက်ပပ်အနှစ် ကပ်ပေး ပါ။ ရှားစောင်းလက်ပပ်စိမ်ထားတဲ့ အရည်နဲ့ သနပ်ခါးကို သွေးလိမ်းပါ။ စိတ်ရှည်ရှည်နဲ့ ရေရှည်လုပ်ရင် မှဲ့ခြောက် ပျောက်နိုင်ပါတယ်။

မေး။ ဆရာ ကျွန်တော် ကွန်ပျူတာနဲ့ အလုပ်လုပ်ရပါတယ်။ မနက်အိပ်ရာထရင် ခေါင်းမကြည်မလင်နဲ့ အုံတုံတုံဖြစ်နေ ပါတယ်။ အိပ်ရေးလည်း ဝပါတယ်။ ဦးရေလည်း ကျိန်းပါတယ်။ ကူညီပါဦးဆရာ။

ဖြေ။ ရှောက်သီးစိတ် အခွံပါ ရေနွေးမတ်ခွက် တစ်လုံးနဲ့ အုပ်ထား၊ စိမ်ထား၊ ညစိမ် မနက်အိပ်ရာထ သောက်ပါ။ ဒန့်သလွန်သီးတောင့်ကိုပြုတ်ပြီး အလယ်က အနှစ်အသားအစေ့ပါ ခြစ်ယူပါ။  ကြက်ဥနဲ့ရောကြော်စားပါ။ ဦးရေကျိန်း တာ ပျောက်ပါတယ်။

မေး။ ကလေးက နားကိုက်တယ်ပြောနေပါတယ်။ ဘယ်လိုလုပ်ရမလဲ။

ဖြေ။ ကြက်သွန်နီဥကို မီးဖုတ် အရည်ညှစ်ပြီး နားထဲထည့်ပေးပါ။ ဘေးစောင်းပြီး အရည်ပြန်ထွက်အောင်လုပ်ပါ။ သုံး ကြိမ်လောက် လုပ်ပေးပါ။ နားပြည်ယိုဖူးရင်တော့ မုန်ညင်းဆီနဲ့ ဆားခါးအနည်းငယ်ကို မီးအပူပေးပြီး နားကျပ်တံနဲ့ ကျပ်ပေးပါ။

မေး။ ကျွန်တော့်အသက် ၂၉ နှစ်ရှိပါပြီ။ ရဟန်းဝတ်ပြီး လူပြန်ထွက်လာတော့ ဆံပင်ရှည်ပြန်ထားတဲ့အခါမှာ ကျွန်တော့် ငယ်ထိပ်မှာ ဆံပင်တွေ ပြန်ပေါက်မလာတော့ပါဘူး။ ဆံပင်ပြန်ပေါက်နိုင်မယ့်နည်းရှိရင် လမ်းညွှန်ပေးပါခင်ဗျာ။

ဖြေ။ ကြိတ်မှန်ရွက်အရည်ကို ခေါင်းမှာ လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင် ခြေဖဝါးဆားပွတ်ပြီး ဒူးအောက်ရေလောင်းပေးပါ။ ခြောက်လလောက် မှန်မှန်လုပ်လို့ ဆံပင်ပြန်ပေါက်သူလည်းရှိတယ်။ ဆေးမြီးတိုကျမ်းတွေမှာတော့ ကြက်သွန် နီဥအရည်ကို ထိပ်မှာလိမ်းပြီး နာရီဝက်အကြာမှာ ခေါင်းလျှော်ပါ။ ပြီးရင် အုန်းဆီနဲ့ သံလွင်ဆီရောလိမ်းပါ။ ရက်ဆက် ကြာကြာလုပ်ရင် ဆံပင်ပြန်ပေါက်တာကို တွေ့ရပါတယ်။

မေး။ ကျွန်မအသက် ၃ဝ မှာ ကလေးမွေးတုန်းက ခွဲမွေးတာပါ။ မီးတွင်းမှာ နနွင်း လုံးဝမသောက်မိပါဘူးရှင့်။ ကလေး မွေးပြီးမှ ညာဘက်ခေါင်းတစ်ခြမ်း ခဏခဏကိုက်ပါတယ်။ ကလေးက ငါးလရှိပါပြီ။ အခုမှ နနွင်းပြန်သောက်ရင် ရပါသလားရှင့်။

ဖြေ။ နနွင်းက သွေးသားသန့်စင်စေပါတယ်။ သင့်ရုံသောက်ပါ။ နနွင်းကို ပျားရည်နဲ့ရွေးစေ့လောက် လုံးပြီး မနက်သုံး လုံး၊ ညသုံးလုံး နှစ်ကြိမ်သောက်နိုင်ပါတယ်။ နနွင်းကို အရည်ဖျော်ပြီး ဟင်းစားဇွန်းတစ်ဇွန်းစာ သောက်ရင်လည်းရပါတယ်။

မေး။ ကျွန်မ ဆံပင်ဆိုးဆေးတွေ အရောင်ပြောင်းပြီး မကြာခဏဆိုးပါတယ်။ အခု ဆံပင်တွေ ပျက်စီးပြီး ကျဲလာလို့ ဦးရေပြားပေါ်လာပါတယ်။ ဆံပင်ပြန်ကောင်းလာအောင် ဘယ်ဆေး အသုံးပြုရမယ်ဆိုတာ ညွှန်ပြပေးပါ။

ဖြေ။ ဆံပင်သန်နက် ထောလပတ်ရွက်လို့ အဆိုရှိပါတယ်။ ဆံပင်မသန်တဲ့သူ၊ ကျဲတဲ့သူတွေ အရွက်ကို ကြိတ်ခြေပြီး ရတဲ့အရည်ကို ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းပေးပါ။ ပြီးရင် ခေါင်းပေါင်းထားပြီး နာရီဝက်ကြာရင် ခေါင်းလျှော်ပေးပါ။ ဆံပင်အားနည်း၊ ငယ်ထိပ်ကွက်သူတွေ ထောလပတ်ရွက်ကို အခြောက်လှန်း၊ သံပြားပေါ်တင်၊ အပူပေးပြာချ၊ပြာကို အုန်းဆီစစ်စစ်နဲ့စိမ်ထားပြီး ဦးခေါင်းတွင် မှန်မှန်လိမ်းပေးပါ။ မျက်ခုံးမွေးကျဲရင် ထောလပတ်ရွက်ကို အရည်ညှစ်၊ ကွမ်း ရိုးနဲ့တို့ပြီး မျက်ခုံးအရာအတိုင်း လိုက်ဆွဲပေးပါ။

(ဆံပင်ဖြူပြန်နက် အတွင်းစားဆေးနည်း)

၁။ ထောလပတ်ရွက် ၁ ကျပ်သား

၂။ ကြိတ်မှန်ရွက် ၁ ကျပ်သား

၃။ နှမ်းနက်စေ့ ၁ ကျပ်သား

အထက်ပါ အမယ်သုံးမျိုးကို နွားနို့ ၅ဝ ကျပ်သားနဲ့ ရောကျိုပြီး ကုန်နိုင်သလောက် သောက်ပါ။ နေ့စဉ်ရက်ဆက် တစ်လလောက် သောက်ပေးရင် ဆံပင်အားကောင်းပြီး ဖြူတဲ့ဆံပင်ပြန်နက်စေပါတယ်။ (ရှေးဆေးကျမ်းပါဆေးနည်း)

မေး။ သမီးတို့ မိသားစုလိုက် ဆေးဘဲဥသုပ် (ဖီတန်သုပ်) မကြာခဏ စားကြပါတယ်ရှင့်။ ဆေးဘဲဥက ခဲဆိပ်သင့်တယ်လို့ Facebook ထဲမှာတွေ့လို့ ကြောက်ပြီး မစားတော့ပါဘူး။ အဆိပ်သင့်ရင် ဘယ်လိုလက္ခဏာတွေပြပြီး အဆိပ်ပြေအောင် ဘာလုပ်သင့်ပါသလဲ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ။ ဆေးဘဲဥက တရုတ်ရိုးရာအစားအစာပါ။ ဖီတန်ဆိုတာ တရုတ်နာမည်ပါ။ ဘဲဥကို မူလက ထုံးရည်နဲ့စိမ်ရာကနေ ထမင်း၊ ရွှံ့၊ ဆား၊ ထုံး၊ စပါးခွံတွေပါ ရောအုံတာတွေ့ရပါတယ်။ ဘဲဥရှားတဲ့အခါ ကြက်ဥနဲ့ ငုံးတွေကိုပါ ဖီတန် လုပ်ရောင်းတာ တွေ့ရပါတယ်။ ဖီတန်ဘဲဥရဲ့ အနှစ်က စိမ်းဝါရောင်၊ အပြင်အကာက အစိမ်းပုပ်ရောင်ကနေ မီးခိုး ရောင်၊ ကြာကြာထားရင် အနက်ရောင်ထိပြောင်းပြီး အသားမှာ ဂျယ်လီကဲ့သို့ ပျစ်ခဲသွားတာ တွေ့ရပါတယ်။ အနံ့မှာ ချဉ်စူးစူးနဲ့အက်စစ်နံ့ ထွက်ပါတယ်။ စူးရှတဲ့အရသာရှိတဲ့အတွက် ခရမ်းချဉ်၊ ကြက်သွန်နီက မွှန်တဲ့အနံ့နဲ့ ပေါင်းလိုက်ရင် ခံတွင်းလျှာအရ သာပွင့်ပြီး စားချင်စရာ ဖြစ်ပါတယ်။ ငရုတ်သီးစိမ်း တောင့်လေးတွေပါ  ညှပ်ထည့်သုပ်စားကြ တယ်။

စားသုံးသူများလာတဲ့အခါမှာ ၁ဝ ရက်ကနေ တစ်လလောက်စိမ်ရတဲ့ သမားရိုးကျနည်းအတိုင်း မလုပ်တော့ဘဲ ဓာတုဆေးရည်စိမ်ပြီး အမြန်ခဲအောင်လုပ်လာကြတယ်။ သုတေသီတစ်ယောက်ရဲ့ အဆိုအရ ကယ်လ်ဆီယမ်ဟိုက်ဒြောဆိုက်နဲ့ ဆိုဒီယမ်ကာဗွန်နိတ် ဖျော်ရည်မှာစိမ်ပြီး အမြန်နည်း လုပ်လာ တယ်လို့ ဆိုပါတယ်။ ဆေးရည်စိမ်တဲ့ ဆေးဘဲ ဥရဲ့ ဆိုးကျိုးကတော့ ဘဲဥအတွင်း ဝင်ရောက်တဲ့ ဓာတုဆေးကြောင့် ခဲဆိပ်သင့်တာပါ။ ခဲဆိပ်သင့်တဲ့ လက္ခဏာတွေ ကတော့ အော့အန်၊ ဗိုက်နာ၊ အသက်ရှူမဝ၊ ရင်တုန်မောပန်း၊ အိပ်မပျော်၊ ဝမ်းလျှော၊ သွေးပေါင်တက်သွေးတိုးပြီး အလွန်ဆိုးရင် ဦးနှောက်အမြှေးရောင်၊ အကြောသေ၊ ပန်းသေ၊ ပန်းညှိုးရောဂါတွေထိ ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင် တွေကဆိုပါတယ်။ ခဲဆိပ်သင့်၊ မသင့်ကို စိုးရိမ်ရင် သွေးဖောက်စစ်ကြည့်ပြီး သိနိုင်တယ်လို့ဆိုပါတယ်။ အခုခေတ်မှာ အစားအသောက်တွေကို စီးပွားဖြစ် မူမမှန်တဲ့နည်းလမ်းတွေနဲ့ ထုတ်လုပ်ကြလို့ စားစရာရှားလာပြီလို့ ဆိုနိုင်ပါတယ်။ အရာရာသတိပြု စားသုံးကြပါ။

မည်သည့်အစာ အဆိပ်မဆို အဆိပ်သင့်လျှင် အောက်ပါအတိုင်း ဆောင်ရွက်ပါ။

၁။ ကုန်းကန်စွန်း သို့မဟုတ် ကန်စွန်းရိုးနီကိုထောင်း အရည်ညှစ်ပြီး အကြမ်းပန်းကန် တစ်လုံးစာ သောက်ပါ။

၂။ ကန်စွန်းရွက်ပြုတ်ရည်ကို မတ်ခွက်တစ်လုံးစာ နေ့စဉ်သောက်ပေးရင် ကြာရှည်မိထားသော အစာအဆိပ်ပြေစေပါ တယ်။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်မပျက် နေ့စဉ်ကြော်ချက်စားပါကလည်း အဆိပ်သင့်တာ ကာကွယ်နိုင်ပါတယ်။

၎။ ကန်စွန်းဥ (အတွင်းသား ခရမ်းရောင်ရှိတဲ့ဥ)ကို ပြုတ်စားပါ။ အဆိပ်သင့်တာ၊ ဓာတ်ရောင်ခြည်သင့်တာတွေကနေ ကာကွယ်ပေးပါတယ်။ အဆိပ်ပြေစေတယ်လို့ ဆိုပါတယ်။

မေး။ ဆရာရှင့် ချိုင်းချွေးနံ့ဆိုးတဲ့ ညီမလေးကို ဘာလုပ်ပေးရမလဲရှင့်။ အရွယ်နဲ့မလိုက်အောင် ချွေးနံ့ဆိုးလို့ပါ။

ဖြေ။ ဒုတ္ထာခဲကို ရေဖျော်ပြီး ချိုင်းမှာ ပွတ်ပေးပါ။ (ပရဆေးဆိုင်မှာ ဝယ်ပါ။) တမာရွက်ခြောက်ကို ပြာချ၊ အဲဒီပြာကို ပေါင်ဒါမှုန့်နဲ့ရောပြီး ချိုင်းမှာပွတ်ပေးရင်လည်း ချွေးနံ့ သက်သာပါတယ်။ ကျောက်ချဉ်ခဲကို ရေနဲ့သွေးပြီး ချိုင်းမှာ လိမ်း ပေးရင်လည်း သက်သာစေနိုင်ပါတယ်။ တမာရွက်ပြုတ်ရည်နဲ့ တစ်ပတ်တစ်ကြိမ်လောက် ချိုးပေးရင် ကိုယ်ချွေးနံ့ ကောင်းစေပါတယ်။

မေး။ သမီးအမေရဲ့သွားဖုံးမှာ အပူဖုလေးတွေ ဖြစ်နေတယ်။ အပူအစပ်စားလို့လည်း မရတော့ပါ။ ဖြစ်နေတာ နှစ် ပတ်လောက်ရှိပြီ။ ဆားရည်လည်း ငုံပါတယ်။ ပျောက်ကင်းအောင် ဆေးနည်းလေးပြောပြပါ။

ဖြေ။ အပူကန်တာပါ။ မိုးတွင်းမှာ ခြေထောက်ရေစိုရင် ဖြစ်တတ်ပါတယ်။သရက်သီးအစေး လောင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ပုဏ္ဍရိက်ပန်းပင်အရွက်၊ အရိုးတံတွေပါ သုံးခွက်တစ်ခွက်တင်ပြုတ်ပြီး ငုံပေးပါ။ ဆားအနည်းငယ် ထည့်ပြုတ်ရင် ပိုကောင်းပါတယ်။ ထမင်းကို ရေငှဲ့ချက်ပြီး ထမင်းရည် ပူပူမှာ ဆားအနည်းငယ် ခပ်သောက်ပေးရင် လည်း အပူကန်နာတွေ သက်သာစေနိုင်ပါတယ်။ သင်္ဘောသီးစိမ်း အညှာက ထွက်တဲ့အစေးကို ပျားရည်နဲ့ရောစပ်ပြီး တို့ပေးရင်လည်း သွားဖုံးအပူကန်နာတွေ ပျောက်ကင်းစေပါတယ်။  ကြည်လွင်မြင့် (မုဒြာ)

Read 1155 times
Rate this item
(0 votes)
Last modified on Thursday, 21 September 2017 12:19