SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အရက်၏ ကျန်းမာရေး အန္တရာယ်များ

Wednesday, 27 September 2017 11:32 Written by  font size decrease font size decrease font size increase font size increase font size

အရက်သည် ခန္ဒာကိုယ်အတွက် အဆိပ်အတောက်ဖြစ်ပြီး အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာများကို ထိခိုက်ပျက် စီးစေခြင်း ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းကို ပျက်စီးစေခြင်း စသော ဆိုးကျိုးများ ဖြစ်ပေါ်စေတက်ကြောင်းကို မြဝတီ သတင်းစာဖက် ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင်  (FAME) နှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက် ရပါသည် -

မေး။ ဆရာ အရက်ဆိုရာမှာ ဘယ်လိုမျိုး ဓာတ်ပစ္စည်းတွေ  ပါဝင်တယ်ဆိုတာရယ် အရက်အမျိုးအစားတွေကို ဘယ်လိုမျိုး သတ်မှတ်ခေါ်ဝေါ်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။  

ဖြေ။ အရက်ကို ဓာတုဗေဒအခေါ်အရ Ethyl Alcohol လို့ခေါ်ပါတယ်။ အတိုကောက်အားဖြင့် Ethanol လို့လည်း လူ သိများပါတယ်။ ဓာတုဖော်မြူလာအရ C2H5-OH ဖြစ်ပြီး Ethlygroup (C2H5) မှာHydroxyl group (OH) ပေါင်းစပ် ထားတာဖြစ်ပါတယ်။ အရက်ကို ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းနဲ့ ထုတ်လုပ်တဲ့ နည်းစနစ်ပေါ် မူတည် ပြီး အရက်အမျိုးအစားတွေ ကွဲပြားသွားပါတယ်။ ပါဝင်တဲ့ အီသနောရာခိုင်နှုန်းလည်း ကွဲပြားသွားပါတယ်။ အဓိကအုပ် စုကြီး သုံးစုခွဲထားပါတယ်။ ဘီယာ၊ ဝိုင်နဲ့ယမကာတို့ ဖြစ်ပါတယ်။

မေး။ အရက်ကို သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုး ဖြစ်ပျက်ပြောင်းလဲ သွားတယ်ဆိုတာလည်း ဆေး ပညာရှုထောင့်ကနေ ရှင်းပြပေးပါဆရာ။

ဖြေ။ ဒီနေရာမှာ နှစ်ပိုင်း ခွဲပြောချင်ပါတယ်။ အရက်သောက်ပြီးတာနဲ့ လတ်တလော ဖြစ်ပျက်ပြောင်းလဲမှုနဲ့ အမြဲတစေ သောက်သုံးမှုကြောင့် ဖြစ်လာရတဲ့ နာတာရှည် ပြောင်းလဲမှုတို့ ဖြစ်ပါတယ်။ လတ်တလောအနေနဲ့ အရက်ကိုသောက် မယ်ဆိုရင်လည်း သောက်တဲ့ အရက်အမျိုးအစားနဲ့ ပမာ ဏပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ ဆရာ့အနေနဲ့ ဖြစ်လာနိုင် တဲ့အကျိုးဆက်တွေကို တစ်ဆင့်ချင်းဆီ ရှင်းပြပေးပါမယ်။ အရက်ကို ပါးစပ်ကနေ သောက်ပြီးရင် အစာရေမျိုပြွန်က တစ်ဆင့် အစာအိမ်ထဲကို ရောက်သွားပါတယ်။ အစာအိမ်ထဲ ရောက်တာနဲ့ ချက်ချင်းဆိုသလိုပဲ အစာအိမ်ရဲ့နံရံတွေ ကနေ အရက်ကို စုပ်ယူပါတယ်။ အစာအိမ်ကို ဖြတ်သန်းပြီး အူသိမ်ထဲကို မရောက်ခင် တစ်ခဏအတွင်းမှာပဲ သောက် လိုက်တဲ့ အရက်ပမာဏရဲ့ ၂ဝ ရာခိုင်နှုန်းကို အစာအိမ်နံရံကစုပ်ယူပြီး ဖြစ်ပါတယ်။ ပြီးရင် အစာအိမ်သွေးကြောတွေ ကနေတစ်ဆင့် အသည်းကို ပို့ပေးပါတယ်။ ကျန်တဲ့ ၈ဝ ရာခိုင်နှုန်း ကတော့ အူသိမ်ကိုရောက်ပြီး အူသိမ်နံရံတစ် လျှောက်စုပ်ယူမှုကြောင့် အူသိမ်ကနေ အူမကြီးမရောက်ခင်မှာဘဲ အားလုံးကို စုပ်ယူပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုစုပ်ယူပြီးတဲ့အရက်အားလုံးဟာ အသည်းကို Portal vein ကနေ တစ်ဆင့်ရောက်ရှိသွားပါတယ်။  အသည်းကနေ အယ်လ်ကို ဟောကိုချေဖျက်ရာမှာ တစ်နာရီကို အယ်လ်ကိုဟောယူနစ် ၁ ယူနစ်သာ ချေဖျက်နိုင်ပါတယ်။ အကယ်၍ တစ်နာရီ အတွင်းမှာ တစ်ယူနစ်ထက်ပိုပြီး သောက်ခဲ့ရင် အသည်းရဲ့ ချေဖျက်နိုင်တဲ့ ပမာဏထက် ပိုသွားတဲ့အတွက် ခုနကပိုနေတဲ့ အယ်လ်ကိုဟောတွေဟာ သွေးထဲကတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိသွားပါ တယ်။ ဟော်မုန်းစနစ်တွေကို လည်းထိခိုက်စေပါတယ်။ ဆီးသွားမှုကို ထိန်းချုပ်ပေးတဲ့ ADH ဟော်မုန်းမထွက်နိုင်အောင် ဟန့်တားပေးလိုက်တဲ့အ တွက် ဆီးပိုသွားစေပါတယ်။ ဒါ့ကြောင့် အရက်သောက်ပြီးရင် ဆီးရွှင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဆီးသွားတဲ့အတွက် ရေဓာတ်ပါ ဆုံးရှုံးမှုရှိပါတယ်။ Dehydration ဖြစ်စေပါတယ်။ နောက်ဆုံးအနေနဲ့ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းကို ရောက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားမှု ထိန်းသိမ်းတဲ့နေရာကို ထိခိုက်စေပါတယ်။ ဒါ့အပြင် စဉ်းစားချင့် ချိန်နိုင်စွမ်းကိုလည်း ထိခိုက်ပါတယ်။

မေး။ ဆရာခုနကပြောတဲ့အထဲမှာ Alcohol Unit ဆိုတာ ဘာကိုဆိုလိုတာပါလဲ ဆရာ။

ဖြေ။ အရက်အမျိုးအစား၊ ပါဝင်တဲ့ အယ်လ်ကိုဟော ပမာဏပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားနေတာမို့ ဘယ်ရွေ့ဘယ်မျှ သောက်ရင် ဘယ်လိုဖြစ်နိုင်တယ်လို့ ပြောဆိုတဲ့အခါမှာ စံသတ်မှတ်ချက်တစ်ခု လိုအပ်လာပါတယ်။ ဒါကို Alcohol Unit လို့ခေါ်ပါတယ်လို့ ဆိုပါတယ်။

မေး။ ရေရှည်စွဲသောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း သိပါရစေ ဆရာ။

ဖြေ။ အရက်ကို ရေရှည်စွဲသောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အဓိက သုံးမျိုးတွေ့နိုင်ပါတယ်။

(၁) လူမှုရေးဆိုင်ရာ ဆိုးကျိုးနှင့် ပြဿနာများ

(၂) စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးနှင့် ပြဿနာများ

(၃) ခန္ဓာကိုယ် အစိတ်အပိုင်းများ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးသည့် ပြဿနာများဆိုပြီး ဖြစ်ပါတယ်။

မေး။ အရက်ကြောင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေကို နည်းနည်း ထပ်ရှင်းပြပေးပါဆရာ။

ဖြေ။ အရက်သောက်နေသူအတွက် လုပ်ငန်းချိန်မှာ ထိခိုက်လာနိုင်ပါတယ်။ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ် နိုင်ပါတယ်။ အရက်မူးနေသူ တစ်ယောက်ဟာ ဥပဒေချိုးဖောက်ဖို့ အင်မတန် လွယ်ကူပါတယ်။

မေး။ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါ အမျိုးမျိုး ဖြစ်နိုင်တယ်ဆိုတာကရော ဆရာ။

ဖြေ။ အရက်စွဲနေသူ တစ်ယောက်အနေနဲ့ စိတ်နဲ့ပတ်သက်တဲ့ ချို့ယွင်းမှုတွေ ဖြစ်လေ့ရှိပါတယ်။

(၁) Depression- စိတ်ကျရောဂါဖြစ်ခြင်း၊

(၂) Anxiety - စိတ်လှုပ်ရှားမှု၊ စိတ်ကယောက်ကယက် ဖြစ်စေခြင်း၊

(၃) Alcoholic hallucinosis - ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ အရပ်ထဲမှာတော့ အရက်ကြောင် ကြောင်နေတယ်လို့ ပြောလေ့ရှိပါတယ်။

မေး။ အရက်ကြောင့် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု အကြောင်းကိုလည်း ဆက်ပြီး ရှင်းပြပေးပါဆရာ။

ဖြေ။ အရက်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဦးခေါင်းကနေ ခြေဖျားအထိ အားလုံးကို ထိခိုက်စေပါတယ်။ အရက်ဆိုတာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက် တစ်မျိုးပါပဲ။ အဓိကအနေနဲ့ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာထိခိုက်ပျက်စီးမှု ပြဿနာများ၊ အသည်းထိခိုက်ပျက်စီးမှု ပြဿနာများ၊ ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်း ပျက် စီးမှု ပြဿနာများ၊ အခြားအဖွဲ့အစည်းများ ထိခိုက်ပျက်စီးမှု ပြဿနာများဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။

မေး။ အရက်ကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုတွေကို သိပါရစေဆရာ။

ဖြေ။ အရက်ဆိုတာ တိုက်စားတတ်တဲ့ အာနိသင်ရှိပါတယ်။ အရက်ကိုသောက်လိုက်ရင် ပါးစပ်ကနေတစ်ဆင့် အစာရေ မျိုတစ်လျှောက် ပူပြီးဆင်းသွားပါလိမ့်မယ်။ ကြာရှည်သောက်ရင် အစာရေမျိုပြွန်နဲ့ အစာအိမ်တစ်လျှောက်ရဲ့ အတွင်း ဆုံးအလွှာမှာရှိတဲ့ အချွဲလေးတွေ ထုတ်ပေးတဲ့ ဆဲလ်လေးတွေကို ပျက်စီးစေပါတယ်။ အူထဲမှာရှိတဲ့ အကျိုးပြုဗက်တီး ရီးယားတွေကို အရက်ကသေစေတဲ့အတွက် အကျိုးပြု ဗက်တီးရီးယားတွေ လျော့နည်းသွားပြီး မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ပိုပြီးဆိုးတဲ့ လူတွေမှာတော့ အစာရေမျိုကင်ဆာ (Oesophageal cancer)၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ပါတယ်။

မေး။ အရက်ကြောင့် အသည်းထိခိုက်ပုံကိုလည်း ဆက်ရှင်းပြပေးပါဆရာ။

ဖြေ။ အရက်သောက်တာကြာလာရင် အသည်းထိခိုက် ပျက်စီးတတ်တယ် ဆိုတာတော့ အရက်သောက်တဲ့သူတိုင်း နီးပါး သိကြပါတယ်။ စဖြစ်ခါစကတော့ အသည်းအဆီဖုံးခြင်းကနေ အချိန်ကြာကြာ သောက်တာနဲ့အမျှ အသည်း တဖြည်းဖြည်း ခြောက်လာပါတယ်။ဒါကို Cirrhosis of liver ဟု ခေါ်ပါတယ်။ သောက်တဲ့ပမာဏ များလေလေ စော စောဖြစ်လေ ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး သောက်သုံးတဲ့ ပမာဏတူညီခဲ့ရင် အမျိုးသမီးတွေမှာ ပိုပြီးစောစော ဖြစ်ပါတယ်။ အသည်းခြောက်တဲ့ လက္ခဏာတွေကတော့ အစပိုင်းမှာ အားနည်းတာ၊ မောပန်းလွယ်တာ၊ စားချင် သောက်ချင်စိတ် လျော့နည်းလာတာ၊ ပျို့ချင်အန်ချင်တာ၊ ဗိုက်ထဲမှာနေလို့ မကောင်းတာ၊ ကိုယ်အလေးချိန်ကျလာ တာတွေ ဖြစ်တတ်ပါတယ်။ နည်းနည်းပိုဆိုးလာရင် လူကပိန်ပြီး အသားအရေတွေ ခြောက်သွေ့လာပါမယ်။ ခြေ ထောက်တွေ ဖောလာတတ်ပါတယ်။ ပိုဆိုးရင်တော့ ဗိုက်ထဲမှာ ရေဖျဉ်းစွဲလာတတ်ပါတယ်။ အရေပြားကိုကြည့်လိုက် ရင်လက်ဖဝါး၊ ခြေဖဝါးတွေ ရဲနေတတ်ပါတယ်။ မျက်လုံးတွေ အနည်းငယ်ဝါလာပြီး အရေပြားကလည်း ဝါလာနိုင်ပါ တယ်။ မျက်နှာနဲ့ ရင်ဘတ်နေရာတချို့မှာ အနီရောင်သွေးကြောမျှင်လေးတွေ ပင့်ကူပုံသဏ္ဌာန်တွေ့ရတတ်ပါတယ်။ လက်နဲ့ဖိလိုက်ရင် ဖြူသွားပါတယ်။ဒါကို Spider naevi လို့ခေါ်ပါတယ်။ ပြီးရင်ပြန်ပြီး နီလာပါတယ်။ သွေးကြောလေးတွေကြောင့် ဖြစ်တာပါ။

မေး။ အရက်ကြောင့် ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းကို ဘယ်လိုများ ထိခိုက်စေပါသလဲဆရာ။  

ဖြေ။ အရက်ဟာ ဦးနှောက်နဲ့ အာရုံကြော အဖွဲ့အစည်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ ဥပမာ-Cerebral cortex (Frontal lobe) လို့ခေါ်တဲ့ ဦးနှောက်ရဲ့ ရှေ့ပိုင်းနေရာကို ထိခိုက်ခဲ့ရင် စဉ်းစားနိုင်မှုကိုထိခိုက်ခြင်း၊ ဆုံးဖြတ်ချက် ချ မှတ်မှုမှားယွင်းခြင်း၊ မချနိုင်ခြင်း၊ ချီတုံချတုံဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပွင့်ထွက်ပြီး ပြောချင်တာ လျှောက်ပြောခြင်း၊ အာရုံငါးပါး ခံစားမှုများထိခိုက်ခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။ Medulla ဆိုတဲ့နေရာကိုထိခိုက်ရင် လှုပ်ရှားချင်သလို လှုပ်ရှားလို့မရဘဲ ဖြစ်တတ်ပါတယ်။ ဥပမာ- မတ်တတ်ရပ်ချင်ပေမယ့် ရပ်လို့မရတာမျိုး (Impaired voluntary movement) ဖြစ်နိုင်ပါ တယ်။Cerebeller ဆိုတဲ့ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ထိခိုက်ရင်တော့ Coordinated movement တွေ ထိခိုက်ပါတယ်။ ဥပမာ- လမ်းလျှောက်ရင် ယိုင်ထိုးယိုင်ထိုးဖြစ်တာ၊ ပစ္စည်းတွေယူရင် မမြဲတာ၊ တုန်တုန်တုန်တုန် ဖြစ် နေတာ၊ စကားတွေဗလုံးဗထွေး ဖြစ်နေတာတွေ ဖြစ်နိုင်ပါတယ်။ ပိုပြီးအေ ရးကြီးတဲ့ နေရာကတော့ မှတ်ဥာဏ်တွေ သိုမှီးတဲ့ Hippocampus ဖြစ်ပါတယ်။ ဒါ့ကြောင့် မှတ်ဥာဏ်ထိခိုက်တာအစ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေ ဘာမှမသိ တော့တာ "Alcohol blackout" တွေဖြစ်နိုင်ပါတယ်။ ရေရှည်စွဲလမ်းနေရင်တော့ မှတ်ဥာဏ်လုံးဝ ပျက်စီးတဲ့ရောဂါအ ထိ ဖြစ်နိုင်ပါတယ်။ ခြေဖျားလက်ဖျားကိုသွားတဲ့ အာရုံကြောတွေကို ထိခိုက်တဲ့အတွက် Peripheral Neuropathy လို့ခေါ်တဲ့ထုံတာ ကျဉ်တာတွေလည်း အဖြစ်များပါတယ်။ အထူးသဖြင့် ဗီတာမင် ဘီ-၁ ချို့တဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒါ့ကြောင့်  အရက်စွဲသူ တစ်ယောက်အနေနဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေလို့ အများနဲ့ယှဉ်ရင် နောက်မှာပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။

မေး။ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ အနေနဲ့ အရက်သောက်မယ်ဆိုရင် အထဲမှာရှိတဲ့ မိမိရဲ့ရင်သွေးကို ဘယ်လိုများ ထိခိုက်မှုရှိနိုင်ပါသလဲဆရာ။

ဖြေ။ ထိခိုက်မှုအရမ်းကို ရှိပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်အနေနဲ့ အရက်သောက်လိုက်ရင် အချင်းကနေတစ်ဆင့် ကလေးဆီကို တိုက်ရိုက်ရောက်ပါတယ်။ ကြီးထွားနေဆဲဖြစ်တဲ့ သန္ဓေသားကို အဆိပ်ကျွေးသတ်သလို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ အရက်ဆိုတာ သန္ဓေ သားအတွက် ပြင်းထန်တဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။

မေး။ ညဘက် အရက်သောက်ပြီး နောက်တစ်နေ့ အိပ်ရာထတဲ့အခါ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ခေါင်းမူးပြီး ပျို့ချင်အန်ချင်ဖြစ်တာ၊ ပါးစပ်တွေ အာခေါင်တွေခြောက်ပြီး နေမထိထိုင်မသာ ဖြစ်တာတွေဟာ ဘာကြောင့်ဖြစ်တာပါလဲ ဆရာ။

ဖြေ။ ခုနကပြောခဲ့တဲ့ လက္ခဏာတွေကို Hangover effect လို့ခေါ်ပါတယ်။ တစ်ပတ်လုံးလုံး အလုပ်တွေလုပ်ပြီး သောကြာနေ့ညမှာ သူငယ်ချင်း မိတ်ဆွေတွေနဲ့အတူ အရက်တွေသောက်ပြီး စနေနေ့မနက် မိုးလင်းရင် ကြုံရလေ့ရှိပါတယ်။

(၁) ခေါင်းကိုက်ခြင်း- မိုးလင်းတာနဲ့ ခေါင်းတအား ကိုက်ပါတယ်။ အဓိက အကြောင်းရင်းကတော့ အယ်လ်ကိုဟော ကနေ အသွင်ပြောင်းသွားတဲ့ Acetaldehyde အဆိပ်တွေဟာ ခေါင်းထဲမှာ လာရောက်ထိခိုက်စေလို့ ဖြစ်ပါတယ်။ ညဘက်မှာ အသောက်များလေလေ နောက်တစ်နေ့မနက်မှာ ပိုကိုက်ေ လဖြစ်ပါတယ်။ (၂) ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း ကတော့ အရက်ကြောင့် ခန္ဓာကိုယ်ခုခံစနစ်ဖြစ်တဲ့ သွေးဖြူဥတွေကနေ Cytokine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်လို့ဖြစ်ပါတယ်။ အရက်ဆိုတာ ခန္ဓာကိုယ်ကနေမလိုလားတဲ့ ဓာတ်ပစ္စည်းဖြစ်တော့ နောက်ထပ်ထပ်ပြီး ဝင်မလာအောင် ထပ်ပြီးမသော က်ဖြစ်အောင် ခုခံအားစနစ်က သဘာဝကျကျ တွန်းလှန်ထားတဲ့ သဘောဖြစ်ပါတယ်။ (၃) ရေငတ်တာ၊ အာခေါင်ခြောက်တာ ဖြစ်တာတွေကတော့ ရေဓာတ်လျော့နည်းသွားလို့ ဖြစ်ပါတယ်။ အရက်သောက်လိုက်ရင် ADH ဟော်မုန်းတွေ အထွက်လျော့သွားလို့ ဆီးပိုသွားပါတယ်။ တစ်ညလုံး ဆီးထထ သွားနေတော့ မနက်မိုးလင်းတဲ့အခါ ရေ ဓာတ်တွေလျော့နည်းလို့ ဒီလိုမျိုးခံစားရတာ ဖြစ်ပါတယ်။ (၄) ခေါင်းမူးတာ၊ ကိုယ်လက်တွေ လေးလံထိုင်းမှိုင်းပြီး မသယ်ချင်ဖြစ်တာကတော့ သွေးထဲမှာဂလူးကို့စ်တွေ လျော့နည်းနေလို့ ဖြစ်ပါတယ်။ အသည်းကနေ ဂလူးကို့စ်တွေ လုံလုံလောက်လောက် မထုတ်ေ ပးနိုင်လို့ ဖြစ်ပါတယ်။Energy ရဖို့လုံလောက်တဲ့ ဂလူးကို့စ်မရလို့ ဖြစ်ပါတယ်။ (၅) ဗိုက်နာခြင်းကတော့ အစာအိမ်ရောင်လို့ ဖြစ်ပါတယ်။ အထူးသဖြင့် အရက်သောက်တဲ့အခါ အစာလုံလောက်မှုမရှိရင် (အမြည်းမပါခဲ့ရင်) အရက်ကြောင့် အစာအိမ် ရောင်တတ်ပါတယ်။ အဲ့ဒီအခါမှာ ဗိုက်နာတတ်ပါတယ်။

မေး။ အရက်ကို စနစ်တကျ မဖြတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် အရက်ကို ရုတ်တရက် ဖြတ်လိုက်ရင်ဖြစ်လာနိုင်တဲ့ ဆိုး ကျိုးလေးကိုလည်း ပြောပြပေးပါ။  

ဖြေ။ အရက်စွဲနေသူ တစ်ယောက် ပုံမှန်သောက်နေရာကနေ ရုတ်တရက် ဖြတ်လိုက်ရင် Alcohol withdrawal လက္ခဏာတွေ ပေါ်လာပါမယ်။ အဲ့ဒါတွေကတော့

(၁) Psychological symptom - ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ပူပန်နေခြင်း၊ စိတ်နှင့်ကိုယ်လွတ်ပြီး တစ်ခုခုလုပ်မိခြင်း၊

(၂) Autonomic symptom - နှလုံးခုန်နှုန်း မြန်လာခြင်း၊ ချွေးထွက်လွန်ခြင်း၊ မျက်စိသူငယ်အိမ် ကျယ်လာခြင်း၊ ပျို့ ခြင်း၊ အန်ခြင်း၊

(၃) Delirium tremers - စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ မရှိသည်များကိုမြင်ခြင်း၊ ကြားခြင်း၊ လက်တွေတုန်ခြင်း၊

(၄) Seizure - တက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ဆွေးနွေးပြီး စနစ်တကျဖြတ်ဖို့ လိုပါတယ်။

မေး။ ဆရာ့အနေနဲ့ မြဝတီ စာဖတ်ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသလဲ ဆရာ။  

ဖြေ။ ဒီနေ့ခေတ်မှာ ဘီယာကစလို့ အရက်အမျိုးမျိုးဟာ မြို့တိုင်းနယ်တိုင်းမှာ အလွယ်တကူရရှိလို့ နေပါတယ်။ အရက် ဟာခန္ဓာကိုယ်အတွက် အဆိပ်သာဖြစ်တာမို့ နဂိုထဲက မသောက်တဲ့သူတွေ၊ အထူးသဖြင့် လူငယ်တွေ အနေနဲ့ စမ်းပြီး မသောက်ကြဖို့ ပြောချင်ပါတယ်။ အရက်ကိုသောက်နေသူတွေ အနေနဲ့လည်း အတတ်နိုင်ဆုံး လျှော့သောက်ကြဖို့၊ တစ်ပတ်မှာ ၁၄ ယူနစ်ထက်မပိုကြစေဖို့ ဂရုပြုစေလိုပါတယ်။ လျှော့နိုင်လေ ကောင်းလေဖြစ်ပါတယ်။ အကယ်၍ ဒီ့ထက်ပိုပြီး သောက်နေမယ်၊ အရက်စွဲရောဂါရနေမယ်၊ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ထိခိုက်နေပြီ ဆိုရင်တော့ ကျွမ်းကျင်နားလည်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အရက်ဖြတ်ကြပါလို့ တိုက်တွန်းလိုပါတယ်။ မြဝတီ

Read 2014 times
Rate this item
(0 votes)
Last modified on Wednesday, 27 September 2017 11:43