နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၁

 

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ဖြစ်သည့်အတွက် ကာကွယ်ရေး တာဝန်ထမ်းဆောင် နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စစ်စည်းကမ်းကောင်းမွန်ခြင်းနှင့် အမိန့်နာခံတက်မှု ကောင်းမွန်ခြင်းမှ တပ်မတော်တွင် စစ်သားဘဝကို စတင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ အလေ့အကျင့်ကောင်းများသည် တပ်မတော်သားဘဝ တစ်လျှောက်လုံးတွင်ရှိသဖြင့် ရှိပြီးသားကောင်းမွန်သည့် အလေ့အကျင့်ကောင်းများ အပေါ်တွင် မူတည်၍ တပ်များစွမ်းရည်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်၏တာဝန်သည် ပြည်သူကိုကာကွယ်ရန်၊ တိုင်းပြည်၏ရန်ကို ကာကွယ်ပေးရန်ဖြစ်ပြီး ပြည်သူကိုအုပ်ချုပ်သည့် အဖွဲ့အစည်းမဟုတ်ကြောင်း၊ ယခု အခါနိုင်ငံ့အရေးကိစ္စရပ်များကြောင့်သာ ဝင်ရောက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ တပ်မတော်အနေဖြင့် နိုင်ငံ့တာဝန်များကို ဝင်ရောက် ထမ်းဆောင်ခဲ့ရသည်များရှိကြောင်း၊ အဆိုပါကာလများအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကိုလည်း ဖြေရှင်းခဲ့ရကြောင်း၊ တပ်မတော်သည် အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် ကောင်းမွန်သည့်အမွေဖြစ်သဖြင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်း စစ်စည်းကမ်းကောင်းမွန်မှု၊ အမိန့် နာခံတတ်မှုများကိုအခြေခံပြီး မိမိတို့တစ်ဦးချင်း၏ အရည်အသွေး၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်ဌာနချုပ်များ၏ အရည်အသွေးများဖြင့် စုစည်းညီညွတ်စွာဖြင့် ဆောင်ရွက်ပါက ပြည်သူကအားကိုးရသည့် တပ်မတော်၊ တိုင်းပြည်က အားထားရသည့် တပ်မတော် အဖြစ်တည်ရှိနေမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန် များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ထိန်းသိမ်းဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ယခင်ကတပ်မတော်အနေဖြင့် နိုင်ငံရေးတာဝန်များကို ခေတ္တထိန်းသိမ်းဆောင်ရွက် ပေးခဲ့ရသည်များ ရှိကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တာဝန်ယူချိန်တွင် ဖဆပလ အစိုးရမှ နိုင်ငံရေးအရ တိုင်းပြည်အား ထိန်းသိမ်းနိုင်မှု မရှိတော့ခြင်းကြောင့် နိုင်ငံတော်၏ တာဝန်များအား ဥပဒေနှင့်အညီ လွှဲပြောင်းပေးခဲ့ကြောင်း၊ တပ်မတော်မှ ၁၈ လကြာ တဝန်ယူခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာများဆောင်ရွက်၍ တရားမျှတသည့် ရွေးကောက် ပွဲ ကျင်းပ အနိုင်ရပါတီထံ အာဏာပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း၊ ဆက်လက် ပြီး နိုင်ငံတော် ပြိုကွဲမည့် အခြေအနေ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းရေးမငြိမ်မသက် ဖြစ်ပေါ်ခဲ့မှုကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်၏ တာဝန်အား ထမ်းဆောင်၍ တော်လှန်ရေးကောင်စီအဖြစ် ဖွဲ့စည်းပြီး ဥပဒေနှင့် အမိန့်များထုတ်ပြန် နိုင်ငံတော်အား အုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ဆိုရှယ်လစ်စနစ်များတွင် အားသာချက်များရှိသလို အားနည်းချက်များလည်းရှိခြင်းကြောင့် စီးပွားရေးထိခိုက်ခဲ့မှု များဖြစ်ပေါ်ခြင်းနှင့် နိုင်ငံတကာဆက်ဆံခြင်းများ အဆင်မပြေမှုများဖြစ်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတော်အနေဖြင့် အကျပ်အတည်းအခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့နောက် ၁၉၈၈ ခုနှစ်တွင် အရေးအခင်းဖြစ်ပွား၍ အာဏာရ အစိုးရပြိုကွဲခဲ့ပြီး တပ်မတော်အနေဖြင့် နို်ငငံတော်တာဝန်များအား ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရပြီး ဆူပူအကြမ်းဖက်မှု များကြောင့် တပ်မတော်အစိုးရအုပ်ချုပ်ရေးဖြင့် ဆောင်ရွက်ခဲ့ရ ကြောင်း။

 

ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်း နိုင်ရန်အတွက် ဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေး အရပ်ဘက်အုပ်ချုပ်ရေး ဆိုင်ရာများကို ကြိုတင်ပြောင်းလဲဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီ လျှောက်လှမ်းမှုတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း၊ တပ်မတော်ကိုလည်း အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သဖြင့် များစွာတိုးတက် ပြောင်းလဲလာခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တပ်မတော်မှ အာဏာလွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက် ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိသဖြင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေအားပြင်ဆင်ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း NLD ပါတီအနေဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် ကန့်ကွက် မှုမရှိဘဲ လက်ခံခဲ့ကြောင်း။

 

NLD ပါတီအစိုးရတာဝန်ထမ်းဆောင်ချိန် ကာလအတွင်း ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ထိခိုက်ခဲ့ရပြီး စီးပွားရေး ဆိုင်ရာများထိခိုက်ကျဆင်းခြင်း လာသဖြင့် ပြည်သူများမှ ၎င်းတို့အပေါ် ယုံကြည်မှုများ လျော့နည်းလာကြောင်း၊ ပြည်သူများအနေဖြင့် ၎င်းတို့အပေါ်ယုံကြည်မှု နည်းပါး လာသည်ကို တွေ့ရှိရသဖြင့် NLD ပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ သည်ကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် မဲမသမာမှုဖြင့် တက်လာသည့် အစိုးရအား လက်ခံရန်မဖြစ်နိုင်ကြောင်း၊ မည်သည့်နိုင်ငံတွင်မဆို မဲမသမာမှုပြုလုပ် ခြင်းအား လက်ခံမှုမရှိကြောင်း၊ ယခု စိစစ် သည့်အချိန်တွင်လည်း မဲမသမာမှုဖြစ်စေရန် ဆောင်ရွက်ချက်များအပြင် ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှုများကိုပါ စစ်ဆေး တွေ့ရှိရကြောင်း၊ မဲစာရင်းများအား ပြန်လည်စစ်ဆေးလျက်ရှိပြီး မဲမသမာမှု ဖြစ်ပွားသည့် မဲစာရင်းများအား ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဥပဒေနှင့် အညီသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ရက်နေ့ နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သော်လည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နောက်ပိုင်း တွင် မဲမသမာမှု ပြုလုပ်မှုတွင်ပါဝင်ခဲ့သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှ ဝိုင်းဝန်းသွေးထိုးမြှောက်ပင့်ခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းများကြောင့် ဆူပူအကြမ်း ဖက်မှုများ၊ စက်ရုံအလုပ်ရုံများအား မီးရှို့ဖျက်ဆီးမှုများနှင့် သတ်ဖြတ်မှုများအထိ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့အား စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) ထုတ်ပြန်ခဲ့ရာ ယခုအခါ ဆူပူမှုများနည်းပါးလာပြီဖြစ်ပြီး ပြန်လည်တည်ငြိမ်လာပြီဖြစ် ကြောင်း၊ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ်စေရန်အတွက် လူမှုကွန်ရက်များတွင်သွေးထိုး လှုံ့ဆော်နေသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ဆောင်ရွက်ရာတွင် ကောင်စီအဖွဲ့ဝင်များအား တာဝန်ပေးအပ်ရာတွင် တပ်မတော် သားများသာသီးသန့်တာဝန်ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များပါ ထည့်သွင်းတာဝန်ပေးအပ်ထားကြောင်း၊ ထိုသို့ အရပ်ဘက်ပုဂ္ဂိုလ်များကို တာဝန်ပေးအပ်ရခြင်းသည် တပ်မတော်နှင့် ပြည်သူများမှ လိုလားသည့် ဒီမိုကရေစီစနစ်ပျက်ယွင်းမှု မရှိစေရန်အတွက် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တပ်နယ် အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြကြောင်း သတင်း ရရှိသည်။