မောင်တောမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် သြဂုတ် - ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကျီးကန်းပြင်ကျေးရွာ အနီးရှိ စစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်ထွက်မှုများအား စစ်ဆေးနေစဉ် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာဘက်မှ ငါးခူရကျေးရွာဘက်သို့ ပြည့်ဖြိုးဦး(ဘ)ဦးသန်းနိုင် မောင်းနှင်ပြီး မနုနုခိုင်(ဘ) ဦးလှသိန်းမောင်တို့ လိုက်ပါလာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့် စစ်ဆေးရာ မနုနုခိုင် ကိုင်ဆောင်သည့် ပန်းရောင်လက်ကိုင်အိတ်နှင့် ၎င်းခန္ဓာကိုယ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၅၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၇၀ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ငါးခူရကျေးရွာနေ ရှော်ရှီးတန်မောက်(ဘ) ဂူလာမင်း၏နေအိမ်အား သွားရောက်ရှာဖွေစစ်ဆေးရာ ၎င်းအားတွေ့ရှိရပြီး မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ မနုနုခိုင်ထံမှ မူးယစ် ဆေးဝါးများ ရရှိပါက နေအိမ်၌ ဝှက်ထားပြီး ပြန်လည်ရောင်းချရန် ချိတ်ဆက်ယူဆောင်ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ၎င်းအားဖမ်းဆီးခဲ့သည်။အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား ပြင်ဖြူနယ်မြေ ရဲစခန်းနှင့် ငါးခူရနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။