မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ရှိ “ရွှေအကယ်ဒမီ” ဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၁၅ ဦးမှ ဆိုင်အားမီးရှို့ဖျက်ဆီးကာ ငွေများ ယူဆောင်ထွက်ပြေး

နေပြည်တော်၊ ဧပြီ ၁၃

 ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ရှိရွှေအကယ်ဒမီဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်အား အကြမ်းဖက်သူ ၁၅ ဦးမှ ဆိုင်အားမီးရှို့ဖျက်ဆီးကာ ငွေများ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာနေ ဦးရွှေခိုင်(၆၅)နှစ် () ဦးဘဝင်း ပိုင်ဆိုင်သောရွှေအကယ်ဒမီဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်သို့ မျက်နှာဖုံးများစွပ်ထားသော အကြမ်းဖက်သူ အမျိုးသား ၁၅ ဦး (စိစစ်ဆဲ)တို့သည် ဆိုင်ကယ် စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း မီးခိုးဗုံး လုံးဖြင့် ပစ်ပေါက်ကာ ဓားများကိုယ်စီ ကိုင်ဆောင် ဝင်ရောက်လာ၍ ဆိုင်အတွင်းရှိ ပစ္စည်းများအား ရိုက်ခွဲဖျက်ဆီးကာ ဓာတ်ဆီပုလင်းများ ဖြင့် ဆိုင်အားမီးရှို့ခဲ့ပြီး ဆိုင်ကောင်တာအတွင်းမှ ငွေကျပ် ၁၀ သိန်းခန့်အား ယူဆောင်ကာ မန္တလေးမြို့ဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး အဆိုပါအကြမ်းဖက်သူများ၏ ဖျက်ဆီးမီးရှို့ခဲ့မှုကြောင့် ဆိုင်အတွင်းရှိ စားပွဲ၊ ထိုင်ခုံများ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှရွှေအကယ်ဒမီဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်အား ဖျက်ဆီးကာ မီးရှို့ခဲ့၍ ငွေများအား ယူဆောင်သွားသူ အကြမ်းဖက်သူ အမျိုးသား ၁၅ ဦး(စိစစ်ဆဲ)အား ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။