တောင်ကြီးမြို့နယ်၌ သစ္စာပန်းများ ဈေးကျဆင်းခြင်းကြောင့် စိုက်ပျိုးတောင်သူများ အမြတ်နည်းပါး

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် ဒုံခရာကျေးရွာတွင် စိုက်ပျိုးထားသော သစ္စာပန်းများ ဈေးကျဆင်းခြင်းကြောင့် စိုက်ပျိုးတောင်သူများ အမြတ်ငွေ နည်းပါးကြောင်း သစ္စာပန်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

''သစ္စာပန်းစိုက်တာ ရှစ်နှစ်လောက်ရှိပါပြီ။ သစ္စာပန်းက မျိုးဥကို စိုက်ရတာ ဧပြီလကုန်လောက်ဆို စပြီးစိုက်ပါတယ်။ စိုက်ပြီး တစ်လလောက်နေရင် ပေါင်းရှင်းပြီး ပေါင်လုပ်ပေးပါတယ်။ မိုးကျပြီဆိုတာနဲ့ မြေသြဇာကျွေးရတယ်။ ဇူလိုင်လလောက်ဆို ပန်းတွေ စပြီးခူးလို့ရပါပြီ။ တစ်ခါစိုက်ထားပြီး ဖေဖော်ဝါရီလဆို ပန်းဥမျိုးကို ပြန်တူးထားလို့ရတယ်။ နောက်နှစ် မြေအသစ်မှာ ပြန်စိုက်ရတယ်။ ဒီနှစ်စိုက်ပြီးသား မြေမှာ ပြန်စိုက်ရင် ပန်းလည်းမလှဘူး၊ မျိုးဥလည်း ပြန်မရဘူး။ အရင်နှစ်က သစ္စာပန်းပေါ်စမှာ ၁ဝ ပင်တစ်စည်းကို ဖောက်သည်က ၁ဝဝဝ နဲ့လာယူတယ်။ လှိုင်လှိုင်ထွက်တော့လည်း တစ်စည်းကို ၈ဝဝ လောက်ထိရတော့ ၁ဝ သိန်းလောက်ရင်းတာ သိန်း ၃ဝ လောက်ပြန်ရတယ်။ ဒီနှစ်တော့ ရာသီဥတုကလည်းမကောင်း၊ COVID ရောဂါကလည်းဖြစ်တော့ ပန်းပေါ်စမှာ လာဝယ်သူမရှိဘူး။ ဒီနှစ်က ၁ဝ သိန်းကျော် ရင်းထားတာတောင် သိန်း ၂ဝ လောက်ပဲ ပြန်ရသေးတယ်။ ပန်းတွေကိုတော့ တောင်ကြီးက ဖောက်သည်တွေက ရွာထဲထိ  လာဝယ်ကြတယ်'' ဟု ဒုံခရာကျေးရွာမှ သစ္စာပန်း စိုက်ပျိုးတောင်သူ ဒေါ်နန်းနွယ်ကပြောသည်။

အဆိုပါ ဒုံခရာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ သစ္စာပန်း၊ ပန်းထိမ်ငိုပန်း၊ ပြောင်း၊ မြေပဲ၊ ကြက်သွန်ဖြူနှင့် စတော်ဘယ်ရီများကို ရာသီအလိုက်စိုက်ပျိုးကြပြီး   နှစ်ရှည်သီးပင်အဖြစ် ထောပတ်များ စိုက်ပျိုးကြသည်။ ဒုံခရာကျေးရွာ၌ သစ္စာပန်းပေါ်ချိန်တွင် ၁ဝ ပင်တစ်စည်း အရိုးရှည်လျှင် ငွေကျပ် ၆၅ဝ၊ အရိုးတိုလျှင် ငွေကျပ် ၅ဝဝ ရှိသဖြင့် စိုက်ပျိုးသူများ အမြတ်ငွေ နည်းပါးလျက်ရှိကြောင်း  သိရသည်။