တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်)

(၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်)

၁။      မြန်မာနိုင်ငံတွင် Coronavirus  Disease 2019 (COVID-19)   ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာ များမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀)ရက်မှ သြဂုတ်လ(၃၁)ရက်နေ့အထိ  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်းနှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးအဖြစ် အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆက်လက်ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

၂။       ကမ္ဘာအနှံ့တွင်  COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio  Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal  for  Global  Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ Appeal  for  Global  Ceasefire ကိုထောက်ခံသည့်အနေဖြင့်  COVID-19 ရောဂါကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးနိုင်ရန်အတွက် လက်နက်ကိုင်ပဋိပက္ခတွင် သက်ဆိုင်သူများ အားလုံးအနေဖြင့် အနည်းဆုံး ရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့်  COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန်အပါအဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကာ နိုင်ငံတကာကျင့်ဝတ်များနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ် လိုက်နာရန် တာဝန်ရှိပြီး အခြားနိုင်ငံများနည်းတူ လိုက်နာကျင့်သုံးလျက် ရှိပါသည်။

၃။      ထို့အပြင် တပ်မတော်အနေဖြင့်လည်း   COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို နိုင်ငံ့အရေး၊ အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး