အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ မပြီးဆုံးမီ နော်ဝှစ်ချ်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တစ်ကျော့ပြန်လည်တက်ရောက်ခွင့်ရရှိ

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမပြီးဆုံးမီ  ပွဲစဉ် (၄၂) ကစားအပြီးတွင် နော်ဝှစ်ချ်အသင်းသည် ပရီးမီးယားလိဂ်သို့   တက်ရောက်ခွင့် ရရှိရန်   သေချာနေပြီဖြစ်ကြောင်း သိရသည်။

နော်ဝှစ်ချ်အသင်းသည် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၄၂)တွင် ဘုန်းမောက်အသင်းကို ၃ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့် ခဲ့သော်လည်း ရမှတ် ၉၀ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ပြိုင်ပွဲပြီးဆုံးရန်  လေးပွဲအလိုတွင် အမှတ်ပေးဇယားအဆင့်(၃)နေရာမှ ဆွမ်ဆီးအသင်းကို ရမှတ် ၁၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲပြီးဆုံးရန် လေးပွဲအလိုတွင်ပင် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းခွင့်ရရှိရန် သေချာနေခြင်း ဖြစ်သည်။

အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ အသင်းသုံးသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သော်လည်း အဆင့်(၁)နှင့် (၂) နေရာမှ အသင်းနှစ်သင်းသာ တိုက်ရိုက်တက်ရောက်ခွင့်ရရှိပြီး အဆင့်(၃)မှ (၆)နေရာအထိ အသင်းလေးသင်း အနေဖြင့် ရှုံးထွက်အဆင့်ကစားပြီးမှသာ   တစ်သင်းက  တက်ရောက်ခွင့်ရရှိခြင်း ဖြစ်သဖြင့်  နော်ဝှစ်ချ်အသင်းသည် ပြိုင်ပွဲမပြီးဆုံးမီ ပရီးမီးယားလိဂ် တက်လှမ်းခွင့်တစ်နေရာ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ပွဲစဉ် (၄၂) ကစားပြီးချိန်တွင် အဆင့်(၂)နေရာမှ ဝက်ဖို့ဒ်အသင်းကို ရှစ်မှတ်အထိ  ဖြတ်ထားနိုင်ပြီး  ချန်ပီယံဆု အတွက်လည်း  နီးစပ်လျက်ရှိကြောင်း သိရသည်။              

Ref;Dailymail