ဆောက်လုပ်ဆဲနေအိမ် အတွင်း၌ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖားကန့်  သြဂုတ်  ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်ရှိ ဆောက်လုပ်ဆဲနေအိမ်၌ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ဘိန်းဖြူ ၂၇ ဒသမ ၁ ဂရမ်ခန့်  ဖမ်းဆီးရမိကြောင်း   လုံးတုံနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ    လုံးတုံနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ်လင်းလင်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝိုင်းချစ်၂၂ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအား   ဆောက်လုပ်ဆဲနေအိမ်အတွင်း အသင့်တွေ့ရှိရပြီး စိုးဝေ ၁၈ နှစ်အား နေအိမ်အိပ်ခန်းတွင် တွေ့ရှိရသည်။

ဆက်လက်၍ရှာဖွေရာ စိုးဝေအိပ်သည့်အိပ်ရာခေါင်းအုံးအောက်ရှိ  အဖြူရောင် ကော်ဘူးအတွင်းမှ ဘိန်းဖြူအလေးချိန် သုညဒသမ ၁ ဂရမ်ခန့်နှင့်  ဝိုင်းချစ်အိပ်သည့် အိပ်ရာဝဲဘေးရှိ သံသေတ္တာအတွင်းမှ အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့်ထုပ်လျက် အနီရောင် ဆပ်ပြာခွက်များအတွင်း အကြည်ရောင်ကြွပ်ကြွပ်အိတ်များဖြင့် ထည့်ထားသည့်

ဘိန်းဖြူအလေးချိန် ၉ ဂရမ်ခန့်စီပါ သုံးခွက်စုစုပေါင်းဘိန်းဖြူအလေးချိန် ၂၇ ဒသမ ၁ ဂရမ်ခန့် ကာလတန်ဖိုးငွေကျပ် ၂၁၆၈၀၀၀ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

ထို့နောက် ၎င်းင်းတို့နှစ်ဦးအား စစ်မေးရာ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို လွန်ခဲ့သောနှစ်ရက်ခန့်က ၎င်းင်းတို့၏ အဒေါ်ဖြစ်သူသန်းကြည် ၄၃ နှစ်က လာရောက်အပ်နှံထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သန်းကြည်၏ နေအိမ်ကို သက်သေများနှင့်အတူ   သွားရောက်ရှာဖွေရာ   ၎င်းအားနေအိမ်တွင်  အသင့်တွေ့ရှိရပြီး   မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်   ပစ္စည်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝိုင်းချစ်၊ စိုးဝေနှင့် သန်းကြည်တို့သုံးဦးအား လုံးတုံနယ်မြေ ရဲစခန်းက မယ(ပ)၄၆/၂၀၂၀၊  မူး/စိတ်

ဥပဒေပုဒ်မ   ၁၉(က)/၂၁ ဖြင့်  အမှုဖွင့် အရေးယူထားကြောင်း သိရသည်။