လျှာနာခွာနာရောဂါ

ဆရာရေ ထုံးစံအတိုင်း ကလေးဖျားပြန်ပြီဗျာ။

စားဝတ်နေရေးအတွက် ညနေပိုင်းတွင်ထိုင်ရသော အထူးကုဆေးခန်းသို့လာနေကျ ကလေးဖခင်တစ်ဦးက ဆိုလာသည်။ ထားဝယ်သံဝဲဝဲနှင့် စကားပြောလေ့ရှိသည်။  လူငယ်လင်မယားက   ဆေးခန်းသို့ မကြာခဏ ရောက်လာလေ့ရှိသည်။ ရောက်လာလျှင်လည်း မိဘနှစ်ဦးစလုံးနှင့် သားတစ်ယောက်၊ သမီးတစ်ယောက် မိသားစုလေးယောက်စလုံး လာလေ့ရှိသည်။ ကလေးများကိုအလွန်ဂရုစိုက်သည်။ အနည်းငယ်နှာစေး၊ ချောင်းဆိုးသည်နှင့်ပင် လာပြလေ့ရှိသည်။

ယခုတစ်ကြိမ်ဖျားသည်က   အကြီးမလေး။

အသက် ၄ နှစ်ခန့်ရှိပြီ။ မူကြိုတက်နေပြီ။ ရောဂါရာဇဝင်ကို မေးကြည့်တော့ ဖျားနေသည်မှာ နှစ်ရက်ခန့်ရှိပြီ။

အဖျားသိပ်မကြီးလှ။ ၁၀၀-၁၀၁ ဒီဂရီဖာရင်ဟိုက်ခန့်သာရှိသည်။ သို့ရာတွင် ကလေးက ပါးစပ်နာ၊ လည်ချောင်း နာသည်ဟုပြောသည်။ အစားအသောက်စားရန်ငြင်းသည်။ ထို့ကြောင့် အနည်းငယ် နုံးခွေနေလေသည်။

ကလေးကိုစမ်းသပ်ကြည့်တော့  အနည်းငယ်နုံးခွေသည်မှအပ အခြေအနေမဆိုးလှ။ အပူချိန်လည်း ရှိသည်ဆိုရုံသာ။ အရည်ခန်းခြောက်မှုလည်း အနည်းငယ်သာရှိသည်။ သွေးခုန်နှုန်းက အနည်းငယ်မြန်နေသည်။ ခြေ၊ လက်များတွင် ကြည့်တော့ ခြေဖဝါး၊လက်ဖဝါးနှင့် ခြေသလုံး၊ လက်ဖျံစသည်တို့တွင် အနီစက်လေးများနှင့် အရည်ကြည်ဖု ကလေးများ တွေ့ရသည်။ ယားယံခြင်းမရှိ။ မိဘတို့ပင် သတိမထားမိ။

အဆုတ်၊ နှလုံး၊ ဝမ်းဗိုက်တို့က ပုံမှန်ပင်။

ကလေးများအား စမ်းသပ်လျှင်  သွေးပေါင်ချိန်ခြင်း၊ ပါးစပ်ထဲသို့ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ခြင်း၊ နားထဲသို့ နားကြည့်ကိရိယာနှင့် ထိုးကြည့်ခြင်းစသည့် ကလေးကြောက်မည့် စမ်းသပ်မှုမျိုးကို နောက်ဆုံးမှ လုပ်ရသည်။ စောစောစီးစီး လုပ်မိပါက ကျန်သည့်အစိတ်အပိုင်းတို့ကို စမ်းသပ်ရခက်သွားတတ်သည်။

ထို့ကြောင့် ပါးစပ်၊ လည်ချောင်းစသည်တို့ကို ကြည့်ခြင်းကို နောက်ဆုံးမှ ကျွန်တော်လုပ်လေ့ရှိသည်။ ကလေးကိုပါးစပ်ဟခိုင်း၍ “အား”ဟု အော်ခိုင်းစဉ် အာသီး၊  လည်ချောင်း စသည်တို့ကို လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ရသည်။ လိုအပ်ပါက တစ်ခါသုံး လျှာဖိပြားဖြင့် လျှာကိုဖိ၍ လည်ချောင်းကို ကြည့်ရသည်။

ထိုသို့ကြည့်လိုက်မှ  ရောဂါကိုသိလိုက်ရသည်။

ပါးစောင်၊ လျှာနှင့်အာခေါင်မိုးတို့တွင် အနီဖုလေးများနှင့် အရည်ကြည်ဖုလေးများ တွေ့ရသည်။ အထူးသဖြင့် အာသီးနှစ်ဖက်အနီး အာခေါင်မိုးတွင် နီဝါဝါအဖုလေးများ တစ်ဖက်သုံးလုံးခန့် စီတန်းရှိနေသည်။

လည်ချောင်းကလည်း    အတော်နီရဲနေသည်။

ထို့ကြောင့်ပင် ပါးစပ်နာ၍ မစားနိုင်၊ မသောက်နိုင်ဖြစ်နေခြင်း ဖြစ်သည်။

ဤရောဂါကို လက်၊ ခြေ၊ ပါးစပ်နာရောဂါဟုခေါ်သည်။ ကျွဲ၊ နွား၊ ဝက်စသည့် သတ္တဝါတို့တွင်လည်း အလားတူရောဂါမျိုး တွေ့ရတတ်သည်။ ယင်းကို “လျှာနာခွာနာ” ဟုခေါ်သည်။ ရောဂါလက္ခဏာချင်းတူသော်လည်း ကျွဲ၊ နွားများတွင်ဖြစ်သော ရောဂါနှင့် လူတွင်ဖြစ်သောရောဂါ ဆက်စပ်မှုမရှိ၊ ဖြစ်ပွားသော ဗိုင်းရပ်ပိုးကတစ်မျိုးစီ ဖြစ်သည်။

ဤ လက်၊ ခြေ၊ ပါးစပ်နာရောဂါက အစားအစာ၊ ရေစသည်တို့မှ ကူးစက်တတ်သော ဗိုင်းရပ်ပိုးများ အုပ်စုဝင်(Coxsackie A 16 နှင့် Enterovirus 71) တို့ကြောင့် အများဆုံးဖြစ်သည်။

ယင်းသေးငယ်လှသော ဗိုင်းရပ်ပိုးများက အနာ၊ အရည်ကြည်ဖုများထဲတွင်ရှိနေသည်။  တစ်ဦးမှတစ်ဦးသို့ မသန့်ရှင်းသော လက်၊ အသုံးအဆောင်ပစ္စည်းတို့မှ ကူးစက်နိုင်သည်။ ရောဂါပျိုးချိန်က ၃ ရက်မှ ၇ ရက်ခန့်သာရှိသည်။ ကူးစက်မြန်၍ ကပ်ရောဂါအဖြစ် ပျံ့နှံ့လွယ်သည်။ ယခုပင် တစ်နေ့သုံး၊ လေးယောက်ခန့် တွေ့နေရသည်။ အိမ်နီးနားချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ စသည့်နိုင်ငံတို့တွင် ဖြစ်ပွားခဲ့၊ ဖြစ်ပွားလျက်ရှိကြောင်း အင်တာနက်တွင် ဖော်ပြထားသည်။

သားငယ်လေးကိုကူးနိုင်သလား  ဆရာ။

စိုးရိမ်တတ်သော ကလေးဖခင် ကိုမင်းမင်းက မေးလာသည်။

ကူးဖို့ အလားအလာများပါတယ်။

မကူးအောင် ဘယ်လိုလုပ်ရမလဲဆရာ။

သူတို့နှစ်ယောက်ကလည်း တပူးတွဲတွဲပဲ။ ခွဲထားလို့လည်း ရမှာမဟုတ်ဘူး။

သမီးလေးကို မကြာခဏလက်ဆေးဖို့ ပြောရမှာပဲ။ ခင်ဗျားတို့လည်း လက်ဆေးရမယ်။ အသုံးအဆောင်တွေ ဥပမာ-လက်ကိုင်ပဝါ၊ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါသီးသန့်ထားရမယ်။ ပုံမှန် တစ်ကိုယ်ရေသန့်ရှင်းရေးတွေပေါ့ဗျာ။ ဒါပေမဲ့လည်း ကူးဖို့တော့များပါတယ်။

ဘာဖြစ်တတ်သလဲ၊ စိုးရိမ်ရလား ဆရာ။

စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါက ဗိုင်းရပ်ပိုးကြောင့် ဖြစ်တာဆိုတော့ အချိန်တန် သက်သာသွားမှာပါ။ ဒီကြားထဲမှာတော့ အဖျားကျအောင်၊ အနာသက်သာအောင် ပါရာစီတမောကို တစ်နေ့လေးကြိမ်လောက်ပေးထားရမယ်။  ပါးစပ်နာတာ သက်သာအောင်ထုံဆေးပါတဲ့၊  ပါးစပ်ထဲကိုလိမ်းလို့ရတဲ့ ဆေးပေးလိုက်မယ်။ အာခေါင်ထဲကိုတော့ လိမ်းလို့ရမှာ မဟုတ်ဘူး။

ဘာတွေရှောင်ရမလဲဆရာ။

ပါးစပ်နာနေတော့ ပူတဲ့စပ်တဲ့အရာဆို  စားလို့ရမှာမဟုတ်ဘူး။ အရည်ရော၊ အဖတ်ရော မပူမစပ်တာ  အကုန်စားလို့ ရပါတယ်။ နို့တို့၊ နို့ဆန်ပြုတ်တို့ဆိုရင် ပိုကောင်းမယ်။  များများသောက်ခိုင်းရမယ်။

နောက်ဆက်တွဲရောဂါရော ဘာတွေဖြစ်တတ်သလဲ။

ဗိုင်းရပ်ပိုးကြောင့် ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ရောင်တာတွေတော့  ဖြစ်နိုင်ပါတယ်။ ဖြစ်တော့ ဖြစ်ခဲပါတယ်။ ကလေးအယောက် ၁၀၀၀၀ မှာ တစ်ယောက်လောက်တော့ ဖြစ်နိုင်တယ်။ ဦးနှောက်ရောင်ဖြစ်ရင်တော့ အသက်အန္တရာယ်လည်း ပေးနိုင်ပါတယ်။ တရုတ်မှာ ကလေး ၇၀၀၀၀ ကျော်မှာ ၁၇ ယောက် အသက်ဆုံးရှုံးတယ်ဆိုတာ ဖတ်လိုက်ရပါတယ်။

ကာကွယ်ဆေးထိုးလို့ရော ရသလားဆရာ။

ဒီရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။

ကလေးကို မူကြိုလွှတ်လို့ရမလားဆရာ။

မူကြိုကိုတော့ မလွှတ်သင့်သေးဘူး။ ဒီတစ်ပတ်လောက် အတွင်းမှာ တခြားကလေးတွေကို ကူးစက်သွားနိုင်တယ်။

နောက် သုံးရက်ခန့်အကြာ ပြန်လာပြသည့်အခါတွင်မူ ခြေ၊ လက်၊ ပါးစပ်မှာ အနာလေးများ ပျောက်စပြုနေပြီ။ အဖျားလည်း ကျနေပြီ။ အစားအသောက်လည်း ဝင်နေပြီဖြစ်သည်။  ။

ပါမောက္ခဒေါက်တာစောဝင်း

(ကလေးကျန်းမာရေး)