ဖိလစ်ပိုင်တောင်ပိုင်း၌ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုကြောင့် ၁၅ ဦးသေဆုံး

သောင်းကျန်းမှုများ ဖြစ်ပေါ်နေသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဂျိုလိုမြို့၌ သြဂုတ် ၂၄ ရက်တွင် ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုဖြစ်ပွားရာ လူ ၁၅ ဦးသေဆုံးကြောင်း သိရသည်။

ပထမဖောက်ခွဲတိုက်ခိုက်မှုသည် မွန်းတည့်ချိန်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဂျိုလိုမြို့ပလာဇာအနီးရှိ အဆောက်အအုံရှေ့၌ ရပ်ထားသော စစ်သုံးယာဉ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် စစ်သည်ခြောက်ဦးနှင့် အရပ်သားခြောက်ဦး သေဆုံးကြောင်း အနောက်မင်ဒါနာအိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကော်လက်တိုဗင်လူအန်က ပြောသည်။

ဒုတိယဖောက်ခွဲတိုက်ခိုက်မှုသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပထမတိုက်ခိုက်မှုဖြစ်ပွားရာ နေရာအနီးရှိ လမ်း၌ဖြစ်ပွားခြင်းဖြစ်သည်။

စစ်သည်တစ်ဦးက မသင်္ကာဖွယ်အမျိုးသမီးတစ်ဦး အနားသို့ ချဉ်းကပ်သွားစဉ် ထိုအမျိုးသမီးကဗုံးကို ဖောက်ခွဲလိုက်ခြင်း ဖြစ်သည့်အတွက် အသေခံဗုံးခွဲသူအမျိုးသမီးနှင့် စစ်သည်တို့အပြင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း ဗိုလ်ချုပ် ကော်လက်တိုဗင်လူအန်ကပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း စစ်သည်နှင့် အရပ်သားအယောက် ၇၀ ခန့် ဒဏ်ရာရရှိသွားကြောင်း     ထိုစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးရာဖေးအဘန်ဒါဘာက ပြောသည်။

ယခုဖြစ်ပွားသည့် တိုက်ခိုက်မှုများသည်  ပြီးခဲ့သည့် နှစ်ဇန်နဝါရီလတွင် ဂျိုလိုမြို့၌ပင်ဖြစ်ပွားသည့် ကက်သလစ် ဘုရားကျောင်းကို  ဗုံးခွဲတိုက်ခိုက်မှုနှင့် အလားသဏ္ဌာန်တူကြောင်း၊ အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုနှစ်ခု စလုံးကို အဘူဆေ ယက်စစ်သွေးကြွအဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ကော်လက်တိုဗင်လူအန်က   သုံးသပ်ထားသည်ဟု သိရသည်။                

 Ref: The Straits Times