ဥပဒေနှင့်မညီသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ လိုင်စင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဧပြီ ၂၂

 

မိုးကုတ်မြို့ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်နေပြီး ဆရာဝန်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်မညီဘဲ CDM ပြုလုပ်လျက်ရှိသည့် ဒေါက်တာ အာကာသစ်ထွန်း(လက်ထောက်ဆရာဝန်)သည် ပြင်ပပုဂ္ဂလိကဆေးရုံဖြစ်သည့် သမားတော်ဆေးခန်း၌လည်းကောင်း၊ ဒေါက်တာ ယုမောင် (လက်ထောက်ဆရာဝန်)သည် စွမ်းအားသစ်ဆေးခန်း၌လည်းကောင်း၊ ဒေါက်တာ ကျော်သူရ (လက်‌ထောက်ဆရာဝန်)သည် ကျပ်ပြင်ရှိ ပုဂ္ဂလိက(အမည်မရှိ)ဆေးခန်းတစ်ခု၌လည်းကောင်း၊ မော်လမြိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာသဲဝါလင်း(လက်‌ထောက်ဆရာဝန်)သည် အဓိပတိဆေးခန်း၌ လည်းကောင်း ဆေးကုသမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

သို့ဖြစ်၍ မိမိတို့၏ တာဝန်နှင့်ကျင့်ဝတ်များကို လျစ်လျူရှုပြီး CDM ပြုလုပ်နေသည့် ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အရေးယူသည့်ပြင် ၎င်းတို့အား လက်ခံ၍ ဆေးကုသခွင့်ပေးနေသော သမားတော်ဆေးခန်း၊ စွမ်းအားသစ်ဆေးခန်း၊ ကျပ်ပြင်ရှိ ပုဂ္ဂလိက (အမည်မရှိ)ဆေးခန်းနှင့် အဓိပတိဆေးခန်းတို့အား ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့်အညီ လိုင်စင် ပယ်ဖျက်ပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားပါသည်။