မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဧပြီ ၂၂

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုလာမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ပြုလုပ်သူနှင့် လက်ဝယ်ထားရှိသူများအား ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။

 

ထိုသို့ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့် တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာနေ ရှမ်းလေး(ခ)ကျော်သူ(ခ) ကျော်သူအောင်(၂၈)နှစ်(ဘ)ဦးအောင်ငွေ၏ နေအိမ်အား သတင်းအရ သွားရောက်ရှာဖွေရာ ရှမ်းလေး(ခ)ကျော်သူ(ခ)ကျော်သူအောင်အား အသင့်တွေ့ရှိပြီး နေအိမ်အတွင်းမှ လက်လုပ် သေနတ် ၁ လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ကိုယ်ထည် ၃ ခု၊ ဓားရှည် ၂ ချောင်း၊ ဓားမြှောင် ၄ ချောင်း၊ ဓားမ ၁ လက်၊ လေးဂွ ၃ လက်၊ ကုန်းသီး ၃၀ လုံး၊ ဖန်ဂေါ်လီ ၂၀ လုံး၊ ပိုက်ဖြတ်လွှ ၁ ချောင်း၊ ကော်ပိုက် ၁၀ ချောင်း၊ ဆောက် ၂ လက်၊ ဂက်စ်ဘူး ၂ ဘူးနှင့် အခြား ဆက်စပ် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ နေ့လယ် ၁ နာရီအချိန်တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒဏ္ခိဏသီရိမြို့နယ်၊ ဆယ်စုကျေးရွာ အနီးအရောက်၌ ဆယ်စုကျေးရွာဘက်မှ နေပြည်တော်ဘက်သို့ ရွာမကျေးရွာနေ သန်းတိုးအောင်(ခ) သူရဲ(၂၂)နှစ် (ဘ) ဦးအောင်မြင့် မောင်းနှင်ပြီး တစ်ရွာတည်းနေ ကျော်လင်းအောင်(၁၉)နှစ် (ဘ) ဦးအောင်ကျော်ငြိမ်း လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ကျော်လင်းအောင် ကိုင်ဆောင်လာသော ဂျပ်ဖာအတွင်းမှ လက်လုပ်လေသေနတ် ၁ လက်နှင့် သန်းတိုးအောင်(ခ)သူရဲ လွယ်ထားသော လွယ်အိတ်အတွင်းမှ သံဘောစေ့ ၅၀ လုံး တို့အား တွေ့ရှိသိမ်းဆည်းခဲ့သည်။

 

ဆက်လက်၍ မွန်းလွဲ ၂ နာရီအချိန်တွင် လုံခြုံရေးအဖွဲ့က သန်းတိုးအောင်(ခ)သူရဲ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ လက်လုပ်သေနတ်ပြုလုပ်ရာတွင် အသုံးပြု သော စတီးပိုက် ၃ ချောင်း၊ လက်လုပ်သစ်သားဒင် ၁ ခု၊ နေအိမ်ဘီရိုအတွင်းမှ လေသေနတ်စပရိန် ၂ ချောင်း၊ လုပ်သေနတ် ခလုတ် ၁ ခု၊ ဖောက်စက် ၁ ခု၊ ကျောက်စက် ၁ ခုနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပုသိမ် ညွန့်ရပ်ကွက်၊ အတိုက်အမှတ်(၈၃)၊ ၇ လွှာလှေကားထိပ် ထပ်ခိုးပေါ်၌ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါနေရာမှ ပိုတက်စီယမ်နိုက်ထရိတ် ၁၀ ပေါင်ခန့်၊ ကန့် ၅ ပေါင်ခန့်၊ ယမ်းမှုန့် ၂၅ ကျပ်သားခန့်၊ အရှည် ၁၄ လက်မခန့်ရှိ ယမ်းကြိုး ၅၀ ချောင်း၊ အက်စစ်ထည့်ထားသည့် ပုလင်းသေး ၅ လုံး၊ စီလီကွန်ဂန်း ၁ ခု၊ ယမ်းစစ် ဇကာ ၁ ခု၊ ယမ်းထောင်း ကျည်ပွေ့ ၁ စုံ၊ လေမှုတ်စက် ၁ ခု၊ တစ်ဖက်ချွန် သံချောင်း ၂ ချောင်း၊ ကတ်ကြေး ၁ ခု၊ ဆန့်ကျင်စာသားများ ရေးသားထားသော ပိုစတာများအား သိမ်းဆည်းရမိခဲ့သည်။

 

 အလားတူ ညနေ ၄ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမု တုံရပ်ကွက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးနေစဉ် ဆင်ဖြူဈေးဘက်မှ မူဆယ် ဘက်သို့ ကောင်းမှုတုံရပ်ကွက်နေ နောင်လတ်(၂၃)နှစ်(ဘ)ဦးဘရန်ဂျာ မောင်းနှင်ပြီး ဟိုမွန်ရပ်ကွက်နေ လျန်းဆိုင်(၂၆)နှစ် (ဘ)ဦးချစ်ဖွယ် လိုက်ပါလာသော 9l-7242 Wish ယာဉ်အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်တွင် ဂက်စ်ထည့်၍ ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်အား တွေ့ရှိခဲ့ သိမ်းဆည်း ရမိခဲ့သည်။

 

 အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် လှေခုတ်ကျေးရွာနေ  အောင်လှ(၅၄)နှစ်(ဘ)ဦးချစ်တင်၏ နေအိမ်တွင် ဂျင်ကလိပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ ၎င်းအား နေအိမ်တွင် မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ဂျင်ကလိ ၁၀ ချောင်း၊ မီးခြစ်ဆံ ဗျောက် ၂၀၀၀၀ ချောင်း တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ည ၆ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကြက်လျှာ ကျေးရွာနေ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော မြို့နယ် NLD ဉက္ကဌ ဟောင်းဖြစ်သူ ကျော်ဝင်းအား ၎င်း၏နေအိမ်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးရာ ကျော်ဝင်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ၎င်း၏နေအိမ်မှ PSI စက် ၁ လုံး အား သိမ်းဆည်းရမိခဲ့ပြီး ကျော်ဝင်း အိမ်အနီးရှိ ကြက်ခြံအား ဝင်ရောက်ရှာဖွေစဉ် ကြက်ခြံပိုင်ရှင် ကျော်အောင်(၃၇)နှစ် (ဘ)ဦးထွန်းမြင့်အား လက်လုပ် သေနတ် ၁ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်နေ စိုးမြတ်မင်း(စိစစ်ဆဲ)၏ နေအိမ်တွင် ဆန္ဒပြရာတွင် အသုံးပြုသော  ပစ္စည်းများ သိမ်းဆည်းထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ စိုးမြတ်မင်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ ဦးထုတ် ၁၄ လုံး၊ ဓာတ်ငွေ့ကာ ၆ ခု၊ ဖန်ဂေါ်လီ ၁၀ လုံး၊ ကုံးသီး ၁၀ လုံး၊ လေးခွ ၂ လက်၊ ဓားရှည် ၂ ချောင်း တို့အား တွေ့ရှိ သိမ်းဆည်းခဲ့သည်။

 

ဆက်လက်၍ ၎င်း၏အိမ်ဘေးကပ်လျက်ရှိ စိုးမြတ်မင်း၏ တူတော်စပ်သူ ထူးကိုကို(ခ) ဘိုးထူ(၂၈)နှစ် (ဘ)ဦးတင်ထွန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ထူးကိုကို(ခ)ဘိုထူအား တွေ့ရှိ ထိန်းသိမ်းပြီး နေအိမ်အတွင်းမှ လေသေနတ် ၁လက်၊ လေးဂွ ၂ လက် ၊ ကုံးသီး ၁၉ လုံးနှင့် သံဘောစေ့ ၉ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဧပြီလ ၂၂ ရက်နေ့ နံနက်  ၆ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ ၁၀/မြောက်ရပ်ကွက်၊ ရတနာပုံ (၄)လမ်း၊ တိုက်အမှတ်(၆၁၀)၊ ၆ လွှာသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ မင်းသိန်းကျော်(၁၈)နှစ်(ဘ)ဦးဇော်မင်းထွန်းပါ အမျိုးသား ၇ ဦးနှင့်အတူ ကျည်ကာ အင်္ကျီ ၅ ထည်၊ ရှူးဖိနပ် ၈ ရံ၊ နှားခေါင်းစွပ် ၇ ခု၊ လက်လုပ်မိုင်း ၅ လုံး၊ ဗျောက်လိပ် ၁၁ ခုပါ ၄ ထုပ်၊ သံစက္ကူ ၅၀ ခု၊ သံဘောစေ့ ၂ ထုပ်၊ ယမ်းကြိုး ၁၀ ချောင်း၊ ကန့်ထုပ် ၁ ထုပ်၊ အောက်ဆီဂျင်ဘူး ၃ ဘူးတို့အား သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ နေ့လယ် ၁ နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ဝေပုလ္လ (၁)လမ်းထိပ်ရှိ ဝိဇရဓမ္မာရုံအတွင်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဓမ္မာရုံဘေး ကန်အတွင်းမှ ဒိုင်းမျိုးစုံ ၁၉ ခု၊ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော သေနတ်ကိုယ်ထည် ၁ ခု၊ ဖိုက်ဘာဦးထုပ် ၉၂ လုံး၊ ကျည်ကာ အင်္ကျီ ၆၅ ထည်၊ ဓာတ်ငွေ့ကာ ၂၁ ခု၊ မီးခိုးကာမျက်မှန် ၇ ခုတို့အား တွေ့ရှိသိမ်းဆည်း ရမိပြီး ဓမ္မာရုံအတွင်း ဆက်လက်ရှာဖွေရာ ရဲလင်းထွဋ်(၄၅)နှစ် (ဘ) ဦးကြည်မြင့်အား အနက်ရောင် စစ်သုံး အဝေကြည့်မှန်ပြောင်း ၁ လက်၊ Icom ၁ လုံး၊ ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ စမ်းချောင်း မြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်၊ ကြည့်မြင်တိုင်ဘူတာမှ သံလမ်း အမှတ်(၁၀)နှင့် (၁၁)ကြား၌ ဒေသန္တရလက်လုပ်ဗုံး ၁ လုံးတို့အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာရှိ တိုက်အမှတ်(၄)၊ အခန်း(၁)၌ ပြည့်ဖြိုးကျော်(ဘ)ဦးမြင့်ကျော်၊ စိုးညီညီ(ဘ)ဦးလှဌေး၊ စကားဝါကို(ဘ)ဦးကိုလေးနှင့် နွယ်နီလင်း (ဘ)ဦးသိန်းချိုတို့ ၄ ဦးအား ဆူပူအကြမ်းဖက်မှုတွင်အသုံးပြုသည့်ပစ္စည်းများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ မြင်းခြံမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ငွေဇင်ယော် ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေး ဆိုင်ရှိပစ္စည်းများအား မီးရှို့ဖျက်ဆီး ရာတွင်ပါဝင် ခဲ့သည့် ဇော်ပိုင်ဦး(ခ)အရှည်ကြီး(ဘ)ဦးဇော်မင်းထွန်းအားလည်းကောင်း၊ ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်၊ ကမ်းနား လမ်းဘေးရေမြောင်းအတွင်းမှ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်သေနတ် ၁၀ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ အခြားဆက်စပ် ပစ္စည်းများအားလည်းကောင်း၊ တောင်ငူမြို့၊ ရွှေဆံတော် ဘုရား၊ အရှေ့ဘက်မုခ်အနီး၌ ဆူပူအကြမ်းဖက်သူ မိုးခန့်ဇော်(ခ) ကိုဖြိုး (ဘ)ဦးညွှန့်ဝင်းအား ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများဖြင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။

 

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။