စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားသည့် သစ်သားတံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အမျိုးသား ၁ ဦးအား ဥပဒေနှင့်အညီအရေးယူ

နေပြည်တော်၊ ဧပြီလ ၂၂ 

 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်ရှိ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အမျိုးသား ၁ ဦးအား ဥပဒေနှင့်အညီအရေးယူထားကြောင်း  သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ရန်အောင်မြေရပ်ကွက် ချောင်းဦး-အမြင့်လမ်းပေါ်ရှိ  ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ထားသည့် အလျား ၁၆ ပေ ရှိ သစ်သားတံတားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တံတားအား ကင်မွန်တော်ကျေးရွာနေ ဇော်မြင့်(၅၄)နှစ် (ဘ)ဦးအောင်ကြည်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် တံတား၏ ဘီးလမ်းနှင့် အောက်ခြေ သစ်သားဘောင်များ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

 

အများပြည်သူသွားလာအသုံးပြုလျက်ရှိသော သစ်သားတံတားအား မီးရှို့ဖျက်ဆီးခဲ့သူ ဇော်မြင့်အား ဥပဒေနှင့်အညီအရေးယူနိုင်ရေးအတွက် အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။