ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်ခဲ့

နေပြည်တော်၊ ဧပြီလ ၂၂   

 

နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ တံတားများပေါ်တွင် လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများ ချထားခြင်းများကဲ့သို့ အဖျက်အမှောင့်လုပ်ရပ်များကို ပိုမို လုပ်ဆောင် လာကြသည်ကို တွေ့ရှိရသည်။

 

ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးမြင့်လွင်(၆၅)နှစ်(ဘ) ဦးလှသန်း၏ နေအိမ်အတွင်းသို့ အကြမ်းဖက်သူ အမျိုးသား ၁ ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ နေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ဦးမြင့်နိုင်ပါ အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ    ညနေ ၃ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၉) ရပ်ကွက်ရှိ ခရိုင်ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးသို့ အကြမ်းဖက်သူ(စိစစ်ဆဲ)က လက်လုပ်ဗုံး ၂ လုံးနှင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံး ၂ လုံးမှာ အဆိုပါရုံးဝင်း အတွင်းရှိ နေအိမ်လိုင်းခန်းရှေ့ မျက်နှာစာနှင့် ဘယ်ဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲ မှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိ ကြောင်း သိရသည်။ 

 

အလားတူ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၃) ရပ်ကွက်၊ ဗဟိုလမ်းနှင့် အုတ်ကျင်းဘူတာရုံ လမ်းထောင့်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ပေါက်ကွဲပြီးဖြစ်သော လက်လုပ်ဗုံး အပိုင်းအစများနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရပ်ကွက်၊ ဦးပွားခုံးကျော်တံတား အရှေ့ဘက်အဆင်းလမ်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူ အမျိုးသား ၁ ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး  လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးရှေ့ရှိ  ဘန်ကာရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။ 

 

အလားတူ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ  အဆိုပါ လက်လုပ်ဗုံးမှာ ရုံးရှေ့ ဝင်ပေါက်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာ အနီးရှိ ရွှေသံလွင်တိုးဂိတ်အနီး ကျိုက်ထိုမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က လက်လုပ်မိုင်း ၁ လုံး ပစ်ပေါက်ခဲ့ရာ အဆိုပါ လက်လုပ် မိုင်းမှာ တိုးဂိတ်နှင့် ပေ ၉၀ ခန့်အကွာ၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ/မြောက်)ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ်ရုံး ခြံဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးဝင်းအတွင်း၌ ပေါက်ကွဲ ပြီးသော လက်လုပ်ဗုံး အပိုင်းအစများနှင့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး ၁ လုံးအား တွေ့ရှိရဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊ မြေမြင့် ရပ်ကွက်နယ်မြေ(၆)ရှိ အမှတ်(၄)စစ်သားစုဆောင်းရေးတပ်ဝင်းအတွင်းသို့ အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ  နေအိမ်လိုင်းခန်းခေါင်မိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်ခေါင်မိုးသွပ် ၂ ပေခန့်နှင့် မျက်နှာကျက်ပေါက်ပြဲ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ည ၇ နာရီ ၅၀ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်၊ နယ်မြေ(၄) အမှတ်(၂၀၀/ခ)နေ ဦးအောင်ဂမ်၏ နေအိမ်ခြံဝင်းအတွင်းသို့ အကြမ်းဖက်သူအမျိုးသား ၁ ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါ လက်လုပ်ဗုံးမှာ နေအိမ် ခြံဝင်းအတွင်းရှိ ဝရန်တာရှေ့ မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၈ နာရီအချိန်ခန့်တွင်  ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအနီး၌ လည်းကောင်း၊ ည ၈နာရီ  ၁၅ မိနစ်အချိန်တွင် အမှတ် (၂)ရပ်ကွက်ရှီ ကွက်သစ်ဈေးရှေ့  တို့၌ လက်လုပ်မိုင်း ၂ လုံးပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုများကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ခြံစည်းရိုးအုတ်တံတိုင်း အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

အလားတူ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၅)  မန်ခိန်ရွှေစက်လမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ မန်ခိန်ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၏ တောင်ဘက် ပေ ၄၀၀ ခန့်အကွာ မန်ခိန် ရွှေစက်လမ်းအစပ်တွင် ပေါက်ကွဲပြီးသော လက်လုပ်ဗုံး အပိုင်းအစများအား တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၂၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၂)ရပ်ကွက်၊ သူဓမ္မာလမ်းမကြီး၊ အုတ်ပုံဆိပ်ဆံတံတားအတက် ဝဲဘက်ခြမ်း တံတားပေါင်ပေါ်၌ လက်လုပ်ဗုံး ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ကော်ပိုက်ဖြင့်ပြုလုပ်ထားသော အရှည် ၇ လက်မ ခန့်ရှိ စနက်တံပါ လက်လုပ်ဗုံး ၁ လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းဘေးရှိ စုပေါင်းရုံးဝင်းအား အကြမ်းဖက်သူအမျိုးသား ၂ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့်‌ ရောက်ရှိလာပြီး ရုံးဝင်းတောင်ဘက်မှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ စုပေါင်းရုံးဝင်းတောင်ဘက် ဝင်ပေါက်အနီး ကျရောက်‌ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဈေးရပ်ကွက်၊ နာရီစင်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ နာရီစင် အရှေ့ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နာရီစင်နှင့် နာရီစင်အနီးရှီ ပိတ်ထားသော အထည်ဆိုင်တို့မှ မှန်အချို့ ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်၊ ခွာညိုလမ်းနှင့် ဇေတဝန်လမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။

 

အလားတူ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလွန်းတောင်ရပ်ကွက်၊ ကြည့်မြင်တိုင်ဘူတာ၊ သံလမ်းအမှတ် (၁၀)နှင့် (၁၁) အကြားတွင် လက်လုပ်ဗုံး ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ယမ်းထုပ်အား ဝါယာကြိုး၊ ဓာတ်ခဲတို့ဖြင့် ဆက်သွယ်ပြုလုပ်ထားသည့် လက်လုပ်ဗုံး ၁ လုံးဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများနှင့် ပါဝင်ပတ်သက်သူများအားလည်း စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။