လွဲမှားတဲ့ အယူအဆတွေကြောင့် တစ်နိုင်ငံလုံး ဗိုင်းရပ်ကူးစက်မှုနဲ့ ကြုံတွေ့ရတော့မယ့် တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့  ကိုဗစ်-၁၉  ရောဂါ စတင်ဖြစ်ပွားချိန်မှာ အသွားအလာ တားမြစ်ကန့် သတ်ချက်တွေမချမှတ်ဘဲ   နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို    အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို နမူနာယူ လုပ်ဆောင်ခဲ့ကြတာ မြင်တွေ့ရပါတယ်။

ဒီလိုနမူနာကောင်းတွေ ပြသနိုင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံဟာ    အခုတော့ တစ်နိုင်ငံလုံး ဗိုင်းရပ်ကူးစက်ခံရတော့မယ့် အခြေအနေကို ရောက်ရှိနေပြီလို့  တာဝန်ရှိသူတွေ ကိုယ်တိုင်ပြောလာပါတော့တယ်။

အခုဖြစ်တဲ့ ဗိုင်းရပ်ကူးစက်မှုက ဆိုးမြို့မှာရှိတဲ့ လက်ယာစွန်းရောက် ဆာရန်ဂျေးခရစ်ယာန် ဘုရားကျောင်းကနေ   အစပြု တာပါ။

ဒီဘုရားကျောင်းကနေ အစပြုလိုက်တဲ့ ဗိုင်းရပ်ကူးစက်မှုဟာ အခုဆိုရင် နိုင်ငံအတွင်း မှာရှိတဲ့ ပြည်နယ် ၁၇ ခု စလုံးကို ပျံ့နှံ့သွားပါပြီ။ ဒါဟာ တောင်ကိုရီးယားနိုင်ငံအတွက်တော့ ပထမဆုံးအနေနဲ့ တစ်နိုင်ငံလုံးအနှံ့ ဗိုင်းရပ်ပျံ့နှံ့မှု ဖြစ်လာပါတယ်။

လက်ရှိမှာ တစ်ရက်တစ်ရက်ကို ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက်က ရာဂဏန်းဝန်းကျင်ရှိပါတယ်။ ဒါကြောင့်လည်း လူစုလူဝေးမဖြစ်စေရေးအတွက် တားမြစ်ချက်တွေ၊ နှာခေါင်းစည်းကို မတပ်မနေရ တပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို တာဝန်ရှိသူတွေက ချမှတ်ထားပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဖို့အထိကို     သူတို့က စဉ်းစားနေပါတယ်။

လက်ရှိဗိုင်းရပ်ကူးစက်မှုဟာ ဘာကြောင့်တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားရတာလဲဆိုတဲ့ အကြောင်းရင်းထဲက တစ်ချက်ကတော့ အခုတွေ့ရှိထားတဲ့ ဗိုင်းရပ်ကူးစက်ခံရသူတွေအနက် ၂၀ ရာခိုင်နှုန်းဟာ  ဘယ်ကနေဘယ်လိုကူးစက်ခံရတာလဲ ဆိုတာကို  မသိကြလို့ပါပဲ။

ဒီလိုပြောလို့ တောင်ကိုရီးယားရဲ့ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေး လုပ်ငန်းက မကောင်းလို့လားဆိုတော့လည်း   မဟုတ် ပါဘူး။

ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် အဓိကကျတဲ့ ဗိုင်းရပ်ကူးစက်ခံရသူ တွေနဲ့ ထိတွေ့ဖူးသူတွေကို ဖော်ထုတ်ရာမှာ တောင်ကိုရီးယားနိုင်ငံက တစ်နာရီအတွင်းကို အယောက် ၁၀၀၀ ကျော်အထိ ဖော်ထုတ်နိုင်ပါတယ်။

ဘုရားကျောင်းကနေ အလားတူဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုမျိုးကို ဖေဖော်ဝါရီလမှာ တွေ့ရပါတယ်။ အဲဒီဘုရားကျောင်းကတော့ ဆိုးမြို့ရဲ့တောင်ဘက်  ကီလိုမီတာ ၂၀၀ ခန့်အကွာ ဒယ်ဂူးမြို့မှာရှိတဲ့ ရှင်ချွန်ဂျီဘုရားကျောင်းပါ။

အဲဒီအချိန်တုန်းကတော့     ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ  ထိန်းချုပ်လိုက်နိုင်ပါတယ်။ ဒါပေမဲ့  အရင်အချိန်နဲ့  လက်ရှိအချိန်က အခြေအနေချင်း မတူတော့ပါဘူး။ ဒါကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ဗိုင်းရပ် ကူးစက်မှုက တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားရတာဖြစ်ပါတယ်။

ဘာကြောင့်ပါလဲ။

အခုဖြစ်နေတဲ့ ဗိုင်းရပ်ကူးစက်မှုတွေထဲက အများစုဟာ နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့အပြင် မြို့တော်ကြီးလည်း ဖြစ်တဲ့ ဆိုးမြို့မှဖြစ်ပါတယ်။  ဆိုးမြို့မှာ လူဦးရေ ၁၀ သန်းကျော် ရှိပါတယ်။

ဗိုင်းရပ်ကူးစက်ခံထားရဖွယ်ရှိတဲ့ လက်ယာစွန်းရောက်ဘုရားကျောင်းအသင်းဝင်တွေ ယုံကြည်ထားတာက  သူတို့ရဲ့ဘုရား

ကျောင်းကိုပိတ်ဖို့အတွက် အစိုးရက တမင်ရည်ရွယ်ချက်ရှိရှိ ကြံစည်ထားတာ ဖြစ်တယ်လို့ ယုံကြည်ထားတာပါ။ ဒီလိုယုံကြည်မှုဟာ သိပ်ကိုအန္တရာယ်များ ပါတယ်။

အခုလို ဗိုင်းရပ်ကူးစက်မှု မဖြစ်ခင်က ဆာရန်ဂျေးဘုရားကျောင်း အဖွဲ့ဝင်တွေဟာ စနေနေ့တိုင်းတွေ့ဆုံမှုတွေ လုပ်ပြီး တောင်ကိုရီးယားသမ္မတကို    လူသိရှင်ကြားစွပ်စွဲရှုတ်ချဖို့အတွက်     အိမ်ပြာတော်ဆီကို ကြွေးကြော်သံတွေနဲ့အတူ ချီတက်လေ့ရှိပါတယ်။

ဒါကြောင့်  ဗိုင်းရပ်ကူးစက်မှုကို အကြောင်းပြပြီး သူတို့ရဲ့ဘုရားကျောင်းကို ပိတ်ဖို့ အစိုးရက အကွက်ကျကျ စီစဉ်ထားတာ ဖြစ်တယ်လို့ ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာတွေက ပြောပါတယ်။

ဘုရားကျောင်းဘက်က ဒီလိုပြောဆိုမှုဟာ သိပ်တော့ သဘာဝမကျပါဘူး။ ဒါ့အပြင် သူတို့ဟာ ဘုရားကျောင်း အသင်းဝင်တွေရဲ့ အမည်စာရင်းကို ထုတ်ဖော်ပြောဖို့ကိုလည်း ငြင်းဆန်ထားပါတယ်။

တာဝန်ရှိသူတွေအနေနဲ့   အသင်းသားတွေရဲ့ အမည်စာရင်းကို ရရှိမှသာ  ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်မှာပါ။ လက်ရှိမှာတော့  အသင်းသား ၈၈၀ နီးပါးကိုသာ ဗိုင်းရပ်စစ်ဆေး ထားရပါသေးတယ်။ နောက်ထပ်ရာ ပေါင်းများစွာ ကျန်ဦးမယ်လို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။

ကျန်ရှိနေသေးတဲ့ ရာပေါင်းများစွာသော လူတွေဟာ  ဗိုင်းရပ်ကူးစက် ခံထားရနိုင်ပြီး လူကြားထဲမှာ ဗိုင်းရပ်ကို ပျံ့နှံ့နေစေဖွယ် ရှိပါတယ်။ တာဝန်ရှိသူတွေက အသင်းသားအမည်စာရင်းအပြည့်အစုံ ရရှိစေဖို့အတွက် ရှာဖွေဝရမ်းနဲ့အတူ  ဝင်ရောက်ရှာဖွေရာမှာလည်း ဘုရားကျောင်းကငြင်းဆိုမှုတွေကိုသာ တွင်တွင်လုပ်ပါတယ်။

ဒါကြောင့် နိုင်ငံအတွင်း ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေ ပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေသူမှန်သမျှကို အရေးယူအပြစ်ပေးဖို့   သမ္မတမွန်ဂျေးအင်က တောင်းဆိုထားပါတယ်။

ဒါတွေဟာ အရင်အချိန်နဲ့ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ မတူညီမှုတွေနဲ့ ဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ဖို့အတွက်  ခက်ခဲမှုတွေပဲဖြစ်ပါတယ်။

ရှင်ချွန်ဂျီဘုရားကျောင်းကနေ စတင်တဲ့ ကူးစက်မှုတုန်းကဆိုရင်  ဘုရားကျောင်းတာဝန်ရှိသူတွေက   အသင်းသားတွေရဲ့ အမည်စာရင်းအပြည့်အစုံကို တာဝန်ရှိသူတွေ လက်ထဲအပ်ပေးတဲ့အပြင် သင်းအုပ်ဆရာကိုယ်၌က ပြည်သူကို တောင်းပန်တာပါ။

အခုတော့   အရင်အချိန်၊  အရင်လိုအခြေအနေနဲ့ မတူတဲ့အတွက် တောင်ကိုရီးယားတစ်နိုင်ငံလုံးအနေနဲ့    ဗိုင်းရပ်ကူးစက်မှုကို ရင်ဆိုင်ခံစားရတော့မှာ ဖြစ်ပါတယ်။

ဗိုင်းရပ်ကူးစက်ခံရသူ အများစုကလည်း ဘယ်ကနေကူးစက်မှန်း မသိတဲ့အတွက် ကျန်းမာရေးတာဝန်ရှိသူတွေက သတိပေးချက်တွေ၊   ကြိုတင်ပြင်ဆင်မှုတွေကိုသာ တိုးမြှင့်လုပ်ဆောင်နေရပါတယ်။

ဒီလိုသတိပေးချက်တွေ၊ ကြိုတင်ပြင်ဆင်မှုတွေမှာ ပြည်သူတွေအနေနဲ့ပါဝင်ဖို့ကိုသာ တာဝန်ရှိသူတွေက တောင်းဆိုနိုင်ပါတော့တယ်။

တောင်ကိုရီးယားနိုင်ငံဆိုတာ ကြိုတင်ပြင်ဆင်မှု အားကောင်းပြီး ထင်ရှားကျော်ကြားတဲ့ စမ်းသပ်၊ ခြေရာခံ၊ ဇာစ်မြစ်လိုက်ဆိုတဲ့စနစ်ကို အသုံးပြုနိုင်တဲ့ နိုင်ငံပါ။

ဒီလိုနိုင်ငံမှာတောင်မှ အခုဖြစ်တဲ့ဗိုင်းရပ်ကူးစက်မှုကို ချက်ချင်းမဖြေရှင်းနိုင်သေးပါ

ဘူး။ တစ်ရက်တစ်ရက် ဗိုင်းရပ်ကူးစက်ခံ

ရသူအရေအတွက်က ရာဂဏန်းဝန်းကျင်ကနေ ဆက်လက် မြင့်တက်လျက်ရှိပါတယ်။

ဒါကြောင့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုဆိုတာ ထိန်းချုပ်ရန် အလွန်ခက်ခဲသော ဗိုင်းရပ်ကူးစက်မှု ဖြစ်တာကို မြင်တွေ့ရမှာပါ။

ဒါ့အပြင် အခုဖြစ်ပွားနေတဲ့ ကူးစက်မှုဟာ လွဲမှားတဲ့ အယူအဆကြောင့်ဖြစ်လာတာဖြစ်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံ အတွက်တော့ အကြီးမားဆုံးသော အန္တရာယ်ဖြစ်လာနေပြီပဲ ဖြစ်ပါတယ်။   

Ref: BBC