ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သဖြင့် စိုက်ပျိုးသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်း၌ ဂန္ဓမာပန်းဈေးကွက် ကောင်းမွန်သောကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ယခုနှစ် ဂန္ဓမာပန်းဈေးကွက်မှာ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင်သာ ဈေးကွက်ပျက်ခဲ့ပြီး အခြားလများတွင် ဈေးကွက်ကောင်းမွန်ကြောင်း၊ လက်ရှိတွင် ရွှေဝါဝင်းဂန္ဓမာပန်းပွင့်  ၁၅ ပွင့်ပါ   တစ်စည်းလျှင်  ဖောက်သည်ဈေးငွေကျပ်  ၅ဝဝ၊ ကြွေဖြူတစ်စည်းလျှင်  ငွေကျပ် ၆ဝဝ ဖြင့် ရောင်းချကြကြောင်းနှင့် မြေတစ်ဧကလျှင် ဂန္ဓမာပန်းမျိုး ၅ဝဝဝဝ စိုက်ပျိုးပြီး ငွေကျပ်သိန်း ၃ဝ ကျော်အထိ ရရှိကြောင်း ပန်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ဂန္ဓမာပန်းစိုက်ရန်အတွက် ပထမဦးစွာ ထယ်ရေးပြင်ခြင်းကို စနစ်တကျ ပြုလုပ်ကြရကြောင်း၊ ထယ်ရေးပြင်ပြီးသည်နှင့် ပေါင်များကို တစ်ပေါင်နှင့်တစ်ပေါင်ကြား တစ်တောင်ခန့်ခြားထားကာ ရေပိုက်လမ်းအဖြစ် ထားရှိကြရကြောင်း၊   ဂန္ဓမာပန်းပျိုးပင်များကို ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၁ဝ မှ ၁၂ ကျပ် အထိပေးရကြောင်း၊ လက်ရှိတွင် ပန်းပေါင် တစ်ပေါင်လျှင် အပင်အရေအတွက် ၁၂ဝဝ ဝင်ဆံ့သည့်   ပမာဏအတိုင်းအတာဖြင့်  စိုက်ပျိုးထားကြောင်း၊  မြေအနေအထားအလိုက် ပေါင်အတိုအရှည်ကို လိုသလို ပြုလုပ်ကာ  မြေတစ်ဧကလျှင်  ပန်းပင် ၅ဝဝဝဝ စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက ပန်းပေါင်များကို ရက်ခြားကာ စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

ပန်းပျိုးပင်စတင် မစိုက်ပျိုးမီ ခြဆေးများ ခံထားရပြီး စတင်စိုက်ပျိုးမည့်နေ့တွင် ရှေ့မှပန်းပေါင်ကို ရေစိုနေအောင် လောင်းကာ နောက်မှမြေအတွင်း ထိုးစိုက်ရကြောင်း၊ ထိုသို့ပန်းစိုက်ပြီးသည်မှစကာ ရေလောင်းရကြောင်း၊ ရေလောင်းမှုတွင် ရာသီဥတု ပူပါက တစ်နေ့လျှင် သုံးကြိမ်အထိ လောင်းရပြီး ရာသီဥတုအေးပါက နှစ်ကြိမ်သာ လောင်းရကြောင်း၊  ပန်းပင်များဖြစ်ထွန်း အောင်မြင်ရန်အတွက် ၁၅ ရက်တစ်ကြိမ် မြေဆီကျွေးပေးရကြောင်း၊ စိုက်ပြီးသုံးလကျော်၊ လေးလအရောက်တွင် ပန်းများ ဈေးကွက်အတွင်း ရောင်းချနိုင်သည့် အနေအထားသို့ ရောက်ရှိကြောင်း၊ မန္တလေးမြို့အနီးရှိ စိုက်ခင်းများမှာ စန်းဘား၊ ကြွေဖြူနှင့် လက်ကီးမျိုးများကို   အများစုစိုက်ပျိုးကြောင်း၊ ဂန္ဓမာပန်းပင်တစ်ပင်လျှင် အပွင့်ကိုးပွင့်မှ ဆယ်ပွင့်အထိ ပွင့်ကြောင်း၊ လက်ရှိတွင် ပန်းဈေးကွက်ကောင်းမွန်သည့်အတွက် နွေရာသီစိုက်ခင်းအဖြစ် ပန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ဂန္ဓမာပန်း စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။