မြို့နယ်အချို့၌ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင်အသုံးပြုမည့်လက်နက်၊ပစ္စည်း၊ကိရိယာများအားလက်ဝယ်ထားရှိသူများနှင့်အတူဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဧပြီ - ၂၅

 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအားပြုလုပ်သူ၊ လက်ဝယ်ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီး လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၄ ရက်တွင် မူဆယ်မြို့၊ နန်းတော်ဂိတ်အနီး ပြည်ထောင်စု လမ်းမကြီး၌ တာယာကွင်းများစုပုံမီးရှို့မှုတွင်ပါဝင်ခဲ့သည့် ဆူပူအကြမ်းဖက်သူ ဝင်းမင်းထွန်း(ဘ) ဦးသန်းအောင်၊ နိုင်လင်းထက်(ဘ)ဦးအောင်ထွန်း၊ ပြည့်ဖြိုးမောင်(ဘ) ဦးအောင်ကျော်၊ မနန်းဉမ္မာဦး (ဘ) ဦးမောင်စိုင်း၊ မနှင်းနှင်းဦး(ဘ)ဦးသန်းအေးနှင့် မအီခမ်(ဘ) ဦးအိုက်ယိုင်တို့ ၆ ဦးအား ကောင်းနောင် ရပ်ကွက်၊ အိမ်အမှတ်၊ (က/၇၂)၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဆူပူအုံကြွစေရန် လှုံ့ဆော်စာများ လိုက်လံရေးသား ဖြန့်ဖြူးနေသူများဖြစ်သည့် ဝေယံ(ဘ)ဦးအောင်အောင်ဇော်၊ မစန္ဒီညွန့်ဝင်း(ဘ)ဦးညွန့်ဝင်းနှင့် မအေးသန္တာအောင်(ဘ)ဦးခင်မောင်သန်းတို့ ၃ ဦးအား တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု(၁)လမ်းပေါ်၌လည်းကောင်း၊ မင်းတပ်မြို့၊ ကန်ပက်လက်လမ်းခွဲအနီး၌ အမျိုးသား ၃ ဦးအား လက်လုပ်မိုင်း ၈ လုံးနှင့်လည်းကောင်း၊ ပဲခူးမြို့၊ ဉဿာမြို့သစ်၊ ရပ်ကွက်ကြီး(၃)၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ရေမြောင်းကူးတံတားရှိ တံတားကြမ်းခင်းနှင့် ကွန်ကရစ်တန်းကြား၌ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ပဲခူးမြို့နယ်၊ လှော်ကားကျေးရွာ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ရာဘာခြံအတွင်း ခြံစောင့်ဖြစ်သူမြင့်စိုး(ခ) မင်းလျှံ အပါအဝင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို  လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများနှင့် ဆူပူအကြမ်းဖက်မှုတွင် အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဦးဖိုးသုန် ရိပ်သာလမ်း၊ အမှတ်(၁၇)(B)နေမင်းမင်း (စိစစ်ဆဲ)၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိဘဲနေအိမ်အတွင်းမှ ဒူလေး၄လက်၊လက်လုပ်သေနတ်၁လက်၊မြှားတံ၃၁၀ချောင်း၊လက်လုပ်ဗုံး၄လုံး၊ ဂျင်ကလိများနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၄)ရပ်ကွက်‌နေဇော်ဇော်အောင်(၃၇)နှစ်(ဘ) ဦးကျော်ကျော်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ဇော်ဇော်အောင အား လည်းကောင်း၊ နံနက် ၁၁နာရီခွဲခန့်တွင် အဆိုပါရပ်ကွက်နေ မျိုးကျော်ကျော်(၂၃)နှစ် (ဘ)ဦးညီအောင်၏ နေအိမ်အားထပ်မံဝင်ရောက်ရှာဖွေခဲ့ရာမျိုးကျော်ကျော် အားနေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်သုံးပြုသည့် ပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 

 ထို့အတူမွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၄) ရပ်ကွက်နေသန်းစိုး(၆၀)နှစ်(ဘ)ဦးညွန့်တင်၏နေအိမ်အား သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအားနေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်သုံးပြုသည့် ပစ္စည်းများနှင့်အတူ အတူဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

 

အလားတူညနေ ၅ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ထန်းခြောက်ပင်လမ်းဆုံရှိ"ရွှေမင်းသမီး" အဆောက်အဦနှင့် "ထွန်းရွှေရောင်" လက်ဘက်ရည် ဆိုင်ကြားလမ်းဘေး၌ ဆန္ဒပြရာတွင်အသုံးပြုသည့်ပစ္စည်းများ တွေ့ရှိကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ဆူပူအကြမ်းဖက်ရာတွင်သုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

 

၎င်းအပြင် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ ဒေါ်သန္တာအောင် (၄၅)နှစ် (ဘ) ဦးသိန်းအောင်၏ နေအိမ်အားသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်သန္တာအောင်နှင့်အတူ နေအိမ်အတွင်းမှ ဒူးလေးများ၊ ဓားများနှင့် အခြားဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ည ၁၀ နာရီအချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်နေကျော်မင်းသူ(၃၄)နှစ်(ဘ) ဦးကျော်စိန်၏နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာကျော်မင်းသူအား နေအိမ်၏အနောက်ဘက်ခြံဝင်းအတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် သုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့အတူ ည ၁၁ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင် ရပ်ကွက်နေကျော်ဆန်းဦး(ခ)ရာဇာ(၅၀)နှစ်(ဘ)ဦးကျော်ဦး၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ရာနေအိမ်အတွင်းမှ ကျော်ဆန်းဦး (ခ) ရာဇာအား ဆူပူအကြမ်းဖက်ရာတွင်သုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် ဧပြီလ ၂၅ ရက်တွင် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ ကျည်တောင်ကန် ဘူတာနှင့် ဖြတ်ခွဲဘူတာအကြားရှိ ရထားသံလမ်းကူးတံတား အောက်ခြေမြေကာနံရံ လေထွက် ပေါက်အတွင်း၌ ဒေသန္တရလက်လုပ်မိုင်း ၁ လုံးအား သိမ်းဆည်းရမိခဲ့သည်။ နေ့လယ် ၁၁ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းအတွင်း ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုသည့် ပစ္စည်းများတွေ့ရှိကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိစာကြည့်တိုက်အခန်းတွင်းမှ ဆူပူအကြမ်းဖက်ရာတွင်သုံးပြုသည့် ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

 

အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်နေကြည်ထွေး (၂၇)နှစ် (ဘ) ဦးဉာဏ်ထွန်း ၏နေအိမ်အားသတင်းအရဝင်ရောက် ရှာဖွေခဲ့ရာနေအိမ်အတွင်းမှ ကြည်ထွေးအားပြုလုပ်ဆဲလက်လုပ်သေနတ် ၁ လက်၊ သေနတ်သစ်သား ကိုယ်ထည် ၁ ခု၊ ဂက်စ်ဘူး ၁ ဘူးတို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။

 

အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအားလက်ဝယ်ထားရှိသူများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဥပဒေနှင့်အညီ အရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။