မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဧပြီ ၂၅

 

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုအများစုမှ ၎င်းတို့၏ သဘောဆန္ဒပြများအလျောက် ၎င်းတို့ထံတွင်ရှိသော တူမီးသေနတ်များနှင့် လက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

 

ထို့သို့အပ်နှံရာတွင် ဧပြီလ ၂၄ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်မှ လက်လုပ်သေနတ် ၅ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများမှ လက်လုပ်သေနတ် ၁၉ လက်အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်မှ လက်လုပ်သေနတ် ၄ လက်အား လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်မှ  တူမီးသေနတ် ၄ လက်အား လည်းကောင်း၊ စလင်းမြို့နယ်မှ တူမီးသေနတ် ၆ လက်အား လည်းကောင်း၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်မှ တူမီးသေနတ် ၂ လက်နှင့် လက်လုပ်သေနတ် ၁ လက် အားလည်းကောင်း ကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသီးသီးအပ်နှံခဲ့ကြောင်း သိရသည်။

 

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ်များနှင့် ဒူးလေးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိပါသည်။