ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ အကြမ်းဖက်ဖျက်ဆီးမှုလုပ်ရပ်များအား လုပ်ဆောင်ခဲ့

နေပြည်တော်၊ ဧပြီလ ၂၅    

 

 ဆူပူအကြမ်းဖက်သူလူစုအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များအား မီးပုလင်း၊ လက်လုပ်ဗုံး၊ မီးတုတ်များဖြင့်ပစ်ပေါက်ခြင်း၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား လုပ်ဆောင်လျက်ရှိသည်။

 

 ထိုသို့လုပ်ဆောင်လျက်ရှိရာ ဧပြီလ ၂၄ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် (၃)ရပ်ကွက်နှင့် (၄)ရပ်ကွက်ကြား ဝေဇယန္တာလမ်းမပေါ်မှ ပေါက်ကွဲသံကြား၍ သွားရောက်စစ်ဆေး ခဲ့ရာ ၄/၆ ဗြဟ္မာစိုရ်လမ်းထိပ် လမ်းလယ်ကျွန်းရှိ သစ်ပင်ခြေရင်း၌ ပေါက်ကွဲ ထားပြီးဖြစ်သော လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ရပြိီး ပေါက်ကွဲမှုကြောင့်လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

ညနေ ၅ နာရီ ၂၅ မိနစ်အချိန်တွင် အဆိုပါပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှင့် ၂၅ ကိုက်အကွာရှိ လမ်းလယ်ကျွန်းပေါ်၌ ပေါက်ကွဲသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ လက်လုပ်ဗုံး ၁ လုံးပေါက်ကွဲခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါလမ်းလယ်ကျွန်း တစ်လျှောက်အား ဆက်လက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားရာ ၂ ခုကြား လမ်းလယ်ကျွန်း ပေါ်၌ပင် ဇာအစိမ်းရောင်ဖြင့် အုတ်ထားသော ကော်ပုံး ၁ ပုံးအား မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးရန် ပြုလုပ်နေစဉ် ပေါက်ကွဲသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လမ်းမပေါ်တွင် ဖြတ်သန်းမောင်းနှင်လာသော YGN HH/xxxx PROBOX ယာဉ်၏ နောက်ပိုင်း ဝဲ/ယာမှန် ၂ ချပ် ကွဲကြေ၍ ရှေ့လေကာမှန်တို့ ကွဲအက်ပျက်စီးသွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီး ၂ ဦးနှင့် စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူ အမျိုးသား ၂ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာများအား ရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ပေါက်ကွဲထားပြီးဖြစ်သော Keypad ဖုန်းဖြင့် ဆက်သွယ်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁ လုံး၏အပိုင်းအစများ တွေ့ရှိခဲ့ရသဖြင့် ပတ်ဝန်းကျင်အားရှင်းလင်းခဲ့ရာ ပေါက်ကွဲမှု ဖြစ်သည့် နေရာနှင့် ၁၀ ကိုက်ခန့်အကွာရှိ အိမ်အမှတ်(၆၅၁)  ခြံဝင်းအရှေ့တွင် လက်လုပ်မိုင်း ၁ လုံး ထပ်မံတွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။

 

အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေကူရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေလက်လှလမ်းထောင့်ရှိ “အင်းဝ”ဘဏ်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ဘဏ်ရှေ့ကာရံထားသော သံပန်းခြံစည်းရိုးအား ထိမှန်၍ ကားလမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ မကွေးလမ်းနှင့် ထီးလှိုင်ရှင် အိမ်ယာအဝင်လမ်းသွယ်ရှိ မြို့နယ်ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးဘေးရှိ လမ်းမပေါ်၌ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

 အလားတူ ည ၆ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၇)ရပ်ကွက်နေ ဒေါ်တင်တင်သော်(၅၂)နှစ် (ဘ)ဦးသောင်းညွန့်၏ နေအိမ်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ် ခြံစည်းရိုး အပြင်ဘက်ရှိ ကွန်ကရစ်တံတားပေါ်မှ မပေါက်ကွဲသေးသည့် Grenade Hond China စာတမ်းပါ လက်ပစ်ဗုံး ၁ လုံးအား တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရေမြောင်းအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ 

 

အလားတူ ည ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ ရုံးအောက်ထပ်ရှိ ဖွင့်ထားသောပြတင်းပေါက် မှ ရုံးခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှ ပေါက်ကွဲထားသည့် လက်လုပ်ဗုံး အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

အလားတူ ည ၈ နာရီ ၁၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ် (၃)ရပ်ကွက် ရေမြောင်းအတွင်း၌ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့အတူ အလားတူ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်ရှိ မြဝတီဘဏ်အား ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့ပြီး ဗုံးမှာ ဘဏ်ရှေ့ခြံစည်းရိုးနှင့် မီတာ ၂၀ ခန့်အကွာသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 

 အလားတူ ည ၉ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၇)ရှိ အနီးစခန်းရဲကင်းအား အကြမ်းဖက်သူ အမျိုးသား(၃)ဦး (စိစစ်ဆဲ)က ရဲကင်းစခန်း၏ နောက်ကျော ဘက်မှ လက်လုပ်မိုင်း ၉ လုံး ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံး ၉ လုံးမှာ ရဲစခန်းနောက်ကျော မြေကွက်လပ်သို့ ကျရောက်ခဲ့ပြီး ၄ လုံးမှာ ပေါက်ကွဲ၍ ကျန် ၅ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်းနှင့် တစ်ချိန်တည်းမှာပင် အကြမ်းဖက်သူအမျိုးသား ၁ ဦး(စိစစ်ဆဲ)က ရဲကင်းစခန်းအရှေ့မှ စခန်းအတွင်းသို့ အထုပ် ၃ ထုပ်ဖြင့် ထပ်မံပစ်ပေါက်ခဲ့ရာ အဆိုပါအထုပ်များမှာ ရဲကင်းစခန်းအမိုးပေါ်သို့ ကျရောက်ခဲ့ပြီး ၁ ထုပ်မှာ ပေါက်ကွဲကာ အခြား ၂ ထုပ်မှာ ပေါက်ကွဲမှုမရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ မပေါက်ကွဲသည့် အထုပ် ၂ ထုပ်မှာ ကြွတ်ကြွတ်အိတ်အခွံများ ဖြစ်သည်ကို တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် ရဲကင်းစခန်းအမိုး အနည်းငယ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်မတော် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ထို့ပြင် မင်းတပ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက် စဉ် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အထွေထွေအုပ်ချုပ်ရေးရုံးအနီးရှိ ဘောလုံး ကွင်းရှေးသို့အရောက်၌ ဘောလုံးကွင်း ပွဲကြည့်စင်ပေါ်မှ လူ ၂၀ ဦးခန့်က တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခြောက်လှန့်ပစ်ခတ်ခဲ့သည်။ အဆိုပါ ဆူပူအကြမ်းဖက်သူများ၏ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

 

အလားတူ ယနေ့နံနက် ၆ နာရီအချိန်ခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့ နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ သိုက်ချောင်းတံတားအောက်ရှိ အုတ်နံရံအပေါက် အတွင်း၌ လက်လုပ်မိုင်း ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

 အလားတူ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ “မြန်မာ့စီးပွားရေးဘဏ်(၁)” အနီး ၂၅ လမ်းနှင့် ၂၆ လမ်းကြား၊ ၈၂ လမ်းမပေါ်တွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲထားသော လက်လုပ်မိုင်း အပိုင်းအစများ တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘိုးဘုံရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးအား ရန်ကုန်−မော်လမြိုင်ကားလမ်းအတိုင်း ဝေါဘက်မှ ကျိုက်ထိုမြို့ဘက် သို့ အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်မိုင်းမှာ မီးသတ်ရုံးရှေ့ ကွန်ကရစ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မီးသတ်ရုံး ပြတင်းပေါက်မှန် ၁ ချပ်ကွဲ၊ မီးငြှိမ်း သတ်ယာဉ် ၁ စီး အနည်းငယ်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

 

အလားတူ နံနက် ၇ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းသာရရပ်ကွက်နေ ဦးအောင်စိုး (၅၂)နှစ် ၏ နေအိမ်ရှေ့ခြံတံခါးပေါက်အနီးတွင် လက်လုပ်မိုင်း ၁ လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း ၁ လုံးအားတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ ပြုလုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

            အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက် ရန်ကုန်−မန္တလေးကားလမ်း ဘူတာကုန်းတံတားအဆင်းလမ်းဘေးရှိ MPT ဆက်သွယ်ရေးကေဘယ်လ် ကြိုးသံပုံးအနီးတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ရေသန့်ဘူးအတွင်း ယမ်းပြင်းမှုန့်များနှင့် ဘောစေ့တို့အား ရောစပ်၍ Keypad ဖုန်းဖြင့်ဆက်သွယ်ပြုလုပ်ဖောက်ခွဲထားသော လက်လုပ်မိုင်း ၁ လုံး၏ အပိုင်းအစများ တွေ့ရှိခဲ့ရပြီး အဆိုပါပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေးကေဘယ်လ်ကြိုးများ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

 

 အလားတူ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၁၉ လမ်းနှင့် လမ်း ၆၀ ထောင့်ရှိ ရဲစခန်းရှေ့ ဘန်ဘာအတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ၁၉ လမ်းအတိုင်း အရှေ့မှ အနောက်သို့ အကြမ်းဖက်သူအမျိုးသား ၂ ဦး(စိစစ်ဆဲ)တို့ မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးမှ လက်လုပ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ အဆိုပါလက်လုပ်ဗုံးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနေသော သဲအိတ်ဘန်ဘာအနီး ကျရေက်ခဲ့ပြီး ပေါက်ကွဲမှုမရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။