ခက်ခဲကြမ်းတမ်းမှုများကြားမှ ပိုလီယိုကင်းစင်သွားပြီဖြစ်တဲ့ အာဖရိက

အာဖရိကတိုက်ဆိုတာ အာရှတိုက်ပြီးနောက် ကမ္ဘာပေါ်မှာ လူဦးရေဒုတိယမြောက် အများဆုံးတိုက် ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ဒသမ ဘီလီယံရှိကာ ရောဂါဘယအထူပြောဆုံးဒေသ တစ်ခုဆိုရင်လည်း မမှားပါဘူး။

အခုတော့ အဲဒီရောဂါဘယတွေထဲက တစ်ခုဖြစ်တဲ့ ပိုလီယိုရောဂါဟာ အာဖရိက တိုက်မှာကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာလိုက်ပါပြီ။

ကမ္ဘာပေါ်မှာရှိတဲ့ဒေသ အများအပြားမှာ ပိုလီယိုရောဂါကင်းစင်သွားတာကြာပါပြီ။ လတ်တလောမှာ ပိုလီယိုရောဂါဖြစ် ပွားမှုက  အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာပဲ ရှိပါတော့တယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကဆိုရင် အာဖရိကဒေသ တစ်ခုလုံးမှာရှိတဲ့ ထောင်ပေါင်းများစွာသော ကလေးငယ်တွေဟာ ပိုလီယိုရောဂါကြောင့် အကြောသေဝေဒနာ ခံစားခဲ့ရပါတယ်။

အာဖရိကဒေသ တစ်ဝန်းလုံးမှာ ပိုလီယိုဗိုင်းရပ်ကူးစက်မှု ဖြစ်တာက ၁၉၉၆ ခုနှစ်ပါ။ အဲဒီအချိန်တုန်းက အာဖရိကနိုင်ငံ အားလုံးမှာရှိတဲ့ ကလေးငယ်ပေါင်း ၇၅၀၀၀ ဟာ ပိုလီယိုရောဂါ ဖြစ်ပွားနေတာပါ။

အဲဒီနှစ်မှာပဲ နယ်ဆင်မန်ဒဲလားက အာဖရိကတိုက်မှပိုလီယိုရောဂါတိုက်ထုတ်ရေး အစီအစဉ်ကို စတင်ခဲ့ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေကလည်း တစ်အိမ်တက်ဆင်းလိုက်ပြီး ကာကွယ်ဆေးတိုက်ကျွေးခဲ့ရပါတယ်။

၁၉၉၆ ခုနှစ်ကစပြီး ယနေ့အချိန်အထိ ပိုလီယိုကာကွယ်ဆေးအရေအတွက် ဘီလီယံပေါင်းများစွာ  အသုံးပြုနိုင် ခဲ့တာကြောင့် ပိုလီယိုရောဂါဖြစ်ပွားနိုင်မှုပေါင်း ဒသမ သန်းကို တားဆီးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ အာဖရိကတိုက်တစ်တိုက်လုံးမှာမှ နိုင်ဂျီးရီးယား တစ်နိုင်ငံတည်းမှာသာ   ပိုလီယိုရောဂါ ကျန်ရှိတော့တာပါ။ အခုဆိုရင် အဲဒီနိုင်ငံမှာလည်း ပိုလီယိုကင်းစင်သွားတာ ဖြစ်တဲ့အတွက် အာဖရိကတိုက်ကို ပိုလီယိုရောဂါကင်းစင်တဲ့ဒေသအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က   ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်အလွန် ကာလများတုန်းကဆိုရင် လူဦးရေ သန်း ၂၀၀ ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အင်မတန်ပြဿနာ များတဲ့နိုင်ငံ ဖြစ်ပါတယ်။

၂၀၀၃  ခုနှစ်နဲ့  ၂၀၀၄  ခုနှစ်မှာ မူဆလင်အများစုရှိရာ နိုင်ငံမြောက်ပိုင်းမှာ   တာဝန်ရှိသူတွေအနေနဲ့    ပိုလီယို ကာကွယ်ဆေး အစီအစဉ်ကို ရပ်တန့်ဖို့အထိ ဖိအားပေးခြင်း ခံရပါတယ်။

ဒီကာကွယ်ဆေးအစီအစဉ်ဟာ မူဆလင်ကလေးငယ်တွေကို   မြုံစေဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်ဆိုပြီး အစ္စလာမ်မစ်အစွန်းရောက်တွေက မသိနားမလည်တဲ့ ပြည်သူတွေကြားထဲမှာ ဝါဒဖြန့်ပါတယ်။

ဒါကြောင့် ပိုလီယိုကာကွယ်ဆေးဟာ ကလေးတွေအတွက် ဘေးကင်းတဲ့ ဆေးဖြစ်တယ်ဆိုတာကို မျိုးနွယ်စုခေါင်းဆောင် တွေ၊    ဘာသာရေးခေါင်းဆောင်တွေ ဦးဆောင်ပြီး လူတွေကို စည်းရုံးသိမ်းသွင်းမှုတွေ ပြန်လုပ်ရပါတယ်။ ဒီအခါမှသာ ဒေသခံပြည်သူတွေက ယုံကြည်ပြီး    ကာကွယ်ဆေးကို လက်ခံတာပါ။

နောက်တစ်ကြိမ်ကာကွယ်ဆေး အစီအစဉ်ကို ကစဉ်ကလျား ဖြစ်သွားစေတာကတော့ ၂၀၀၉ ခုနှစ်မှာ ဘိုကိုဟာရမ်သူပုန် တွေထကြွမှုကြောင့်ဖြစ်ပါတယ်။

သူပုန်တွေထကြွမှုကြောင့် ကျန်းမာရေး ဝန်ထမ်းတွေဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို မရောက်ရှိနိုင်ပါဘူး။ ဒါကြောင့် ၂၀၁၆ ခုနှစ်မှာ ပဋိပက္ခတွေဖြစ်ပွားရာ ဘော်နိုပြည်နယ်ထဲမှာတင် ကာကွယ်ဆေးမရရှိတဲ့    ကလေးငယ်စုစုပေါင်း လေးသိန်းခန့်ရှိပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ ဒေသတွင်း အစိုးရတွေ ပူးပေါင်းပြီး နည်းလမ်းအသစ် ရှာဖွေကာ ကျန်းမာရေး ဝန်ထမ်းတွေကို နိုင်ဂျီးရီးယားတပ်မတော်၊ ဒေသတွင်းပြည်သူ့စစ်အဖွဲ့တွေရဲ့ စောင့်ရှောက်မှုနဲ့ ဝေးလံခေါင်ဖျားဒေသတွေကို စေလွှတ်ပြီး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး ပေးနိုင်ခဲ့ပါတယ်။

ဒီလိုကြိုးစားမှုတွေကြောင့် အခုအချိန်မှာ ပိုလီယိုဗိုင်းရပ်ကာကွယ်ဆေး မရရှိသူ ကလေးငယ်အရေအတွက်ဟာ ၃၀၀၀၀ ဝန်းကျင်သာ ရှိပါတော့တယ်။

ဒီပမာဏဟာ   ပိုလီယိုရောဂါကို ကပ်ရောဂါအသွင်ပြန်ဖြစ်စေဖို့ ရာခိုင်နှုန်း အလွန်နည်းတယ်လို့ ပညာရှင်တွေက ယူဆတဲ့အတွက် နိုင်ဂျီးရီးယားနိုင်ငံကို ဦးတည်ပြီး အာဖရိကဒေသ တစ်ခုလုံးမှာ ပိုလီယိုရောဂါကင်းစင်သွားပြီ ဆိုတာကို  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကြေညာလိုက်တာပါ။

ဒါပေမဲ့ စိန်ခေါ်မှုတစ်ခုတော့ ရှိနေပါသေးတယ်။ အဲဒါကတော့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်ကနေ ပိုလီယိုဗိုင်းရပ်လာ ရောက်မကူးစက်စေဖို့ပဲ ဖြစ်ပါတယ်။

အခုလိုမျိုး    တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ပိုလီယိုရောဂါ ကင်းစင်စေဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေရဲ့ အားစိုက်ထုတ်မှု အများကြီးပါဝင်ပြီး ဒီနေ့အချိန်အထိနှစ်ပေါင်း ၃၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ကုန်ကျခဲ့ပါတယ်။

ပိုလီယိုဆိုတာ လူကနေလူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်တစ်မျိုးဖြစ်ပြီး များသောအားဖြင့်   ညစ်ညမ်းနေတဲ့ ရေတွေကနေ တစ်ဆင့်ကူးစက်နိုင်ပါတယ်။

ပိုလီယိုဗိုင်းရပ်ဟာ လူတွေရဲ့အာရုံကြောစနစ်ကို တိုက်ခိုက်တာဖြစ်တဲ့အတွက် ဗိုင်းရပ်ကူးစက်ခံရသူဟာ အကြောသေဝေဒနာကို ခံစားရတာပါ။

အထူးသဖြင့်ဒီဗိုင်းရပ်ဟာ အသက် နှစ်အောက်ကလေးတွေကိုသာ အများဆုံးကူးစက်တာ ဖြစ်ပါတယ်။ ကနဦးရောဂါ လက္ခဏာတွေကတော့ ဖျားခြင်း၊ မောပန်းခြင်း၊   ခေါင်းကိုက်ခြင်း၊   ပျို့အန်ခြင်း၊ ဇက်ကြောတောင့်တင်းခြင်း၊ ခြေတွေ လက်တွေနာကျင်ကိုက်ခဲခြင်းတို့ ဖြစ်ပါတယ်။

အဲဒီဗိုင်းရပ်ဟာ   ကူးစက်ပြီးနာရီအနည်းငယ်အတွင်းမှာပဲ အာရုံကြောစနစ်ထဲကို   ထိုးဖောက်ဝင်ရောက်သွားပြီး အကြောသေခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဗိုင်းရပ်ကူးစက်ခံရသူ အယောက် ၂၀၀ ရှိရင် တစ်ယောက်ကတော့ ပြန်မကောင်းနိုင်တော့တဲ့ အကြောသေရောဂါကို ခံစားရပါတယ်။

အဲဒီလိုအကြောသေသူတွေ ထဲကမှ ရာခိုင်နှုန်းမှသည် ၁၀ ရာခိုင်နှုန်းအထိက သေဆုံးနိုင်ပါတယ်။ အကြောင်းရင်း ကတော့ ဗိုင်းရပ်ရဲ့တိုက်ခိုက်မှုကြောင့် အသက်ရှူလုပ်ငန်း လုပ်ဆောင်တဲ့ ကြွက်သားတွေ မလှုပ်ရှားနိုင်တော့လို့ပါပဲ။

ပိုလီယိုရောဂါကိုကုသနိုင်တဲ့ ဆေးဝါးက ဒီနေ့အချိန်အထိ မထွက်ပေါ်လာသေးပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးနဲ့တော့ တားဆီးနိုင်ပါတယ်။

သို့သော်လည်း ကာကွယ်ဆေးအစီအစဉ်ကို အောင်မြင်အောင် ဆက်လက်အကောင်အထည် မဖော်နိုင်တဲ့   ပိုလီယိုရောဂါ ကင်းစင်သွားတဲ့ နိုင်ငံတွေမှာ ပိုလီယိုရောဂါပြန် ဖြစ်နိုင်ပါသေးတယ်။

လတ်တလောမှာတော့ ပိုလီယိုရောဂါ အမျိုးအစား အားလုံးကို တိုက်ဖျက်နိုင်လုနီးပါး ဖြစ်နေပါပြီ။ ဒါပေမဲ့ အနာဂတ်ရဲ့ ရင်သွေးငယ်တွေ  အကြောသေဝေဒနာ မခံစားရစေဖို့အတွက် နိုင်ငံတိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေက  ပိုလီယိုရောဂါ ကာကွယ်ဆေး အစီအစဉ်ကို    မပျက်မကွက် ဆက်လက်လုပ်ဆောင်နေရမှာ ဖြစ်ပါတယ်။

Ref: BBC, The Straits Times