အက်စထရာဇီနီကာ ကုမ္ပဏီက ကိုဗစ်-၁၉ ရောဂါအတွက် ပဋိပစ္စည်းနှစ်မျိုးပေါင်းဆေးကို စတင်စမ်းသပ်

ဗြိတိန်နိုင်ငံရှိဆေးဝါး ကုမ္ပဏီဖြစ်သည့် အက်စထရာဇီနီကာကုမ္ပဏီက ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက်  ပဋိပစ္စည်းနှစ်မျိုးပေါင်းဆေး စမ်းသပ်မှုကို စတင်လုပ်ဆောင်ကြောင်း သိရသည်။

ထိုသို့စမ်းသပ်မှုသည်  နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့်ဖြစ်သော ကိုဗစ်-၁၉ ရောဂါကိုကာကွယ် ကုသနိုင်ဖွယ်ရှိသည့် ပဋိပစ္စည်းနှစ်မျိုးပေါင်းဆေးအတွက် အလားအလာကောင်းများ ဖြစ်သည်။

ယခုပြုလုပ်မည့် အစောဆုံး အဆင့်စမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်းရှိ ကျန်းမာရေး ကောင်းမွန်သူ ၄၈ ဦးပါဝင်မည်ဖြစ်ကာ ပဋိပစ္စည်းနှစ်မျိုးကို ပေါင်းစပ်ထားသည့် ဗဇီ၇၄၄၂ က စိတ်ချရမှုရှိ၊ မရှိကို လေ့လာသွားမည် ဖြစ်သည်။

အကယ်၍ ထိုဆေးက စိတ်ချရမှုရှိလျှင် အက်စထရာဇီနီကာကုမ္ပဏီက ထိုဆေးကို နောက်ပိုင်းအဆင့် စမ်းသပ်မှုများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ရောဂါကူးစက်ခံထားရသူများကို ကုသဆေးအဖြစ် စမ်းသပ်သွားမည် ဖြစ်သည်။

အက်စထရာဇီနီကာ ကုမ္ပဏီသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အဆိုပါ ပဋိပစ္စည်းနှစ်မျိုးပေါင်း ဆေးဝါးကို ဖော်စပ်ထုတ်လုပ်နိုင်ရန် အမေရိကန်အစိုးရထံမှ ထောက်ပံ့ငွေ ဒေါ်လာ ၂၃ ဒသမ သန်းရရှိထားပြီး ထိုဆေးသည် နိုင်ခြေ

အရှိဆုံးသော အလောင်းအစားဖြစ်ကြောင်း အမေရိကန်ကူးစက်ရောဂါများ ကျွမ်းကျင်ပညာရှင် အန်သိုနီဖောင်ချီက ပြောသည်။

အဆိုပါပဋိပစ္စည်းများသည် မျိုးပွားထားသည့် ပဋိပစ္စည်းများဖြစ်ပြီး နိုဗယ်ကိုရိုနာဗိုင်းရပ်ကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကာ ကမ္ဘာပေါ်ရှိ ဦးဆောင်သိပ္ပံပညာရှင်များက ထောက်ခံထားသည်။

ထိုပဋိပစ္စည်းများသည် ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်ကူးစက်မှုကို တိုက်ထုတ်ရန် ကိုယ်ခံအားစနစ်က ထုတ်လုပ်ပေးသော သဘာဝပဋိပစ္စည်းများ အတိုင်းဖြစ်ကာ လူနာများတွင်ဖြစ်ပွားနေသည့် ရောဂါများကို ကုသရန် ဓာတ်ခွဲခန်းတွင် ဖန်တီးနိုင်သည့် ပဋိပစ္စည်းများလည်း ဖြစ်သည်။ လက်ရှိအချိန်တွင် ထိုသို့သော ပဋိပစ္စည်းများဖြင့် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေကြောင်း သိရသည်။

Ref: The Straits Times