COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာ တီထွင်မှု စမ်းသပ်အောင်မြင်

ကချင်ပြည်နယ် ဗန်းမော်မြို့ ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း တီထွင်လိုက်သည့် COVID-19 ရောဂါကာကွယ်ရေး အတွက် အထောက်အကူပြု အပူချိန်တိုင်း ကင်မရာမှာအောင်မြင်မှု ရရှိခဲ့ပြီဖြစ်ကြောင်း ကွန်ပျူတာ တက္ကသိုလ်ကျောင်းအုပ်ကြီး    ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

'' COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာကို  ကျောင်းသား၊ ကျောင်းသူတွေနဲ့ စုပေါင်း တီထွင်ခဲ့တာပါ။

တီထွင်ရတဲ့ ရည်ရွယ်ချက်ကတော့ COVID-19 ရောဂါဖြစ်ပွားမှုကို ကာကွယ်ဖို့၊ ကျန်းမာရေး ဝန်ထမ်းချွေတာဖို့၊ လျှပ်စစ်မီး မရနိုင်တဲ့နေရာတွေမှာ ဓာတ်ခဲအသုံးပြုပြီး အပူချိန်တိုင်း စစ်ဆေးနိုင်အောင် စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့တာပါ။

ကုန်ကျမှုလည်း ငွေကျပ် ၆ဝဝဝဝ ပဲရှိပြီးအလွယ်တကူ သယ်ဆောင်နိုင်မှာဖြစ်ပါတယ်''ဟု ဒေါက်တာမေဖြိုးဦးက ပြောကြားသည်။

အဆိုပါ COVID-19 အထောက်အကူပြု အပူချိန်တိုင်း ကင်မရာဖြင့် သီးသန့် လူစောင့်ကြည့်စရာမလိုဘဲ အပူချိန်မြင့်တက်သည့် လူနာတွေ့ရှိပါက အသံအချက်ပေးစနစ် တပ်ဆင်ထားခြင်းကြောင့် သိရှိရန် လွယ်ကူပြီး  လက်ရှိအချိန်တွင် ၁ဝ လုံး ထုတ်လုပ်မည်ဖြစ်ကာ ဗန်းမော်မြို့ပေါ်ရှိ တက္ကသိုလ်နှင့်   အခြေခံပညာကျောင်းများ၊ မြို့ဝင်/ထွက်ဂိတ်များတွင် အခမဲ့

တပ်ဆင်နိုင်ရန် ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဆက်လက်၍ အပူချိန်တိုင်း စက်ရုပ်ကို   တီထွင်နိုင်ရေး  ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း  ဒေါက်တာမေဖြိုးဦးထံမှ  သိရသည်။