ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် COVID-19 Fundချေးငွေ ငွေကျပ် ဘီလီယံ ၅ဝဝ အထိ ထုတ်ချေးပေးမည်

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)) များအတွက် အထောက်အပံ့ဖြစ်စေရန် အစိုးရမှ ချေးငွေ ငွေကျပ် ဘီလီယံ ၅ဝဝ ထုတ်ချေးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ၏ပြောဆိုချက်အရ သိရသည်။

'' COVID-19  Fund ချေးငွေက အဆင့် (၄) ဆင့်လောက်ကို ဌာနပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက စိစစ်ပေးနေတာပါ။ ချေးငွေရယူမယ့် လုပ်ငန်းတွေအတွက်  နစ်နာမှုမရှိအောင်၊   တန်းတူညီမျှ  ချေးငွေရရှိအောင် စိစစ်ပေးနေတာပါ။ ချေးငွေကို မူလ COVID-19  စီးပွားရေး ကုစားမှု အစီအစဉ်(CERP) အရ ငွေကျပ် ဘီလီယံ ၅ဝဝ အထိ ထုတ်ချေးပေးဖို့ သတ်မှတ်ထားတယ်။  အခု အသုတ်လိုက် ချေးပေးနေပါတယ်။ သတ်မှတ်ထားတဲ့အတိုင်း တစ်သုတ်ကို ငွေကျပ် ဘီလီယံ ၁ဝဝ ဆိုပေမယ့်  လုပ်ငန်းအနေအထားအရ လျှောက်လွှာတွေပေါ် မူတည်ပြီး   ဘီလီယံ  ၁ဝဝ  ကျော်ရင်လည်း ကျော်သွားမှာပါ''ဟု ဦးအေးဝင်း ကပြောသည်။

COVID-19 Fund ချေးငွေကို  ပထမအသုတ် ငွေကျပ် ဘီလီယံ ၁ဝဝ ထုတ်ချေးပေးပြီးဖြစ်၍ ဒုတိယအကြိမ်မြောက် ချေးငွေထုတ်ချေး ပေးနိုင်ရေးအတွက် ယခုအခါ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် UMFCCI  မှ အသင်းအဖွဲ့များ၊ ပြည်တွင်း SMEs လုပ်ငန်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့များက UMFCCI ရုံး၌ စိစစ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ အတွက် ငွေကျပ် ဘီလီယံ ၁ဝဝ အပြင်  အသုတ်လိုက် ချေးငွေ ထုတ်ချေးပေးနိုင်ရန် အစီအစဉ်ရှိကြောင်း UMFCCIမှ သိရသည်။

COVID-19 Fund ချေးငွေ ငွေကျပ် ဘီလီယံ ၅ဝဝ အထိ ထုတ်ချေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း၊   ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ   ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊  ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ စသည့် ကဏ္ဍကိုးခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။