တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံ တပ်မတော် စက်မှုအင်ဂျင်နီယာ သင်တန်းကျောင်း များ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ သြဂုတ် - ၂၆

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး နှင့် အဖွဲ့ဝင်များလိုက်ပါလျက် ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်မှုအင်ဂျင်နီယာ သင်တန်း ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု များနှင့် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက် နေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ကျောင်းသို့ ရောက်ရှိကြရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ  ဗိုလ်ချုပ် အောင်ဇေယျ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်မင်းနှင့် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြင့်တိုး တို့က သင်တန်းကျောင်း သမိုင်းအကျဉ်း၊ သင်တန်းဖွင့်လှစ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများ၊ သင်ထောက်ကူ ပစ္စည်းများအသုံးပြု၍ လက်တွေ့ လေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများ၊Integrated Classroom များဖြင့် သင်ကြားပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ သင်တန်းသား များကို ၎င်းတို့၏ အရည်အချင်းများ အလိုက် ပညာရပ်အုပ်စုများသတ်မှတ်ပြီး အရည် အသွေးမြှင့်တင်ပေးနေမှုများနှင့် အရည်အသွေး ပြည့်ဝသော နည်းပြများမွေးထုတ်သင် ကြားပေးနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်း ဌာနအသီးသီးသို့ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။                                                                                      

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင် မြို့ရှိ စစ်မှုထမ်းဟောင်း အိမ်ရာတည်ဆောက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးရာ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်က အိမ်ရာဆောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် နေသည့် အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရာများအား အရည်အသွေးပြည့်မီစွာ ဆောက်လုပ်သွားရန်၊ အိမ်ရာတွင်နေထိုင်သူများ ကျန်းမာရေး အထောက်အကူပြုရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ရန်နေရာများ စာကြည့်တိုက်၊ ဆေးခန်းနှင့် ဈေးများကိုလည်း ထည့်သွင်းဆောက်လုပ်သွားရန် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်း ဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် အခြားအဆင့် နေအိမ် ၂ ခန်းတွဲ ၄ ထပ် ၁၀ လုံး(၈၀ ခန်း)ဆောက်လုပ်ပြီးစီးပြီဖြစ်ပြီး စစ်မှုထမ်းဟောင်းများအား နေရာချထားပေးပြီးဖြစ်ကြောင်း၊ အခြားအဆင့် နေအိမ် ၄ ခန်းတွဲ ၆ ထပ် ၂ လုံး(၄၈ ခန်း) ကိုဆက်လက်ဆောက်လုပ်လျက်ရှိရာ ၉၈ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းနှင့် အရာရှိကြီးနေအိမ်၊ အရာရှိငယ်နေအိမ်နှင့် အခြားအဆင့်နေအိမ်များအား ထပ်မံ၍ ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်အင်ဂျင်နီယာကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် တာဝန်ရှိသူများက အထူးပညာသည် ယာဉ်ယန္တရား အသုံးပြု သင်ထောက်ကူပြုလက်တွေ့ခန်းတွင် သင်တန်းသားများအား သင်ထောက်ကူပြုပစ္စည်း များအသုံးပြု၍ သင်ကြားပို့ချနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားပြီး သင်ထောက်ကူပြုယာဉ်ယန္တရားများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းဆောင် များနှင့် အိမ်ထောင်သည် လိုင်းခန်းများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။