ပြောင်းဖူး လှိုင်လှိုင်ပေါ်သည့် ရာသီချိန်ဖြစ်သော်လည်း ကြားပွဲစားများ လာရောက်ဝယ်ယူမှု နည်းပါး၍ ဈေးနှုန်းကျဆင်း

လက်ရှိတွင် ပြောင်းဖူးလှိုင်လှိုင်ပေါ်သည့် ရာသီချိန်ဖြစ်သော်လည်း ကြားပွဲစားများ လာရောက်ဝယ်ယူမှု နည်းပါးနေခြင်းကြောင့်  ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း နေပြည်တော်ရှိ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။

''နှစ်တိုင်း    ပြောင်းဖူးပေါ်ချိန်ဆိုရင် ကြားပွဲစားတွေက အလုအယက် ဝယ်ယူကြတယ်။ ကြိုပေးငွေလည်း များများပေးပြီး စရန်ချကြတယ်။  ဒီနှစ်တော့  စရန်ချတာ နည်းသလို တချို့ပွဲစားတွေဆိုရင် စရန်တောင်မချကြတော့ဘူး။   စားပြောင်းဖူး၊ ပြောင်းဖူးချိုနဲ့    သကြားပြောင်းဖူးဆိုရင် အရင်နှစ်ကလို  ဈေးမကောင်းဘူး။  လက်ကားဈေး ပြောင်းဖူးတစ်ဖူးကို ငွေကျပ် ၈ဝ ကနေ ၉ဝ အများဆုံးရှိတယ်''ဟု နေပြည်တော်   တပ်ကုန်းမြို့နယ်ရှိ   ပြောင်းစိုက်တောင်သူ ဒေါ်သန်းရီ ကပြောသည်။

ယခုနှစ်တွင်   ပြည်တွင်း  ပြောင်းဖူးအထွက်နှုန်း တစ်ဧကလျှင် လှည်းခြောက်စီးတိုက်ခန့် ရှိပြီး  အထွက်နှုန်း ကောင်းသော်လည်း ဈေးကောင်းမရ၍ တွက်ခြေမကိုက်ကြောင်း၊ ပွဲစားများက အခင်းပြတ် ဝယ်ယူမှုမရှိဘဲ ပြောင်းဖူးအရွယ်အစားပေါ် လိုက်၍ ဈေးပေးဝယ်ယူခြင်းကြောင့်  အခက်ကြုံရကြောင်း သိရသည်။

ထွက်ရှိလာသည့်  ပြောင်းဖူးများကို မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်းနယ်ဘက်မှ ပွဲစားများက လာရောက်ဝယ်ယူကြပြီး ဆင်စခန်းများမှလည်း ဆင်စာအတွက်  ဝယ်ယူကြကြောင်း  သိရသည်။

ရန်ကုန်- မန္တလေး  ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူရာ၌   တစ်ကြိမ်တွင် ပြောင်းဖူး အဖူးရေ ၁ဝဝဝဝ မှ ၃ဝဝဝဝ အထိ    ဝယ်ယူလေ့ရှိပြီး   ယခုလအတွင်း ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန်တွင် ပြောင်းဖူး တစ်ဖူးလျှင်  ငွေကျပ်  ၉ဝ  ဖြင့်  ရောင်းချ နေရကာ ပြောင်းဖူးဈေး ကျဆင်းနေကြောင်း  သိရသည်။