မြန်မာနိုင်ငံရှိ သစ်အချောထည် လုပ်ငန်းများ ထိခိုက်မှု မရှိသော်လည်း ကုန်ကြမ်း ပြတ်လပ်မည်ကို စိုးရိမ်နေ

ရန်ကုန်၊ စီးပွားရေး

COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း   မြန်မာနိုင်ငံရှိ သစ်အချောထည်လုပ်ငန်းများ  ထိခိုက်မှု မရှိသော်လည်း  ကုန်ကြမ်းပြတ်လပ်မည် ကိုစိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း ထောက်ခံ စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်   ဦးဘာဘာချို၏ ပြောဆိုချက်အရ သိရသည်။

''နိုင်ငံတချို့က   ပုံမှန်အော်ဒါ မှာယူမှု တွေရှိနေတာကြောင့်  လုပ်ငန်းလည်ပတ် နေရပါတယ်။ ကုန်ကြမ်းအတွက် မြန်မာ့ သစ်လုပ်ငန်းက တင်ဒါခေါ်ယူတာပိတ်ထား တော့  နောက်ပိုင်းကုန်ကြမ်းပြတ်လပ်တာ မျိုး  ဖြစ်လာနိုင်ပါ တယ်''  ဟု ဦးဘာဘာချို ကပြောသည်။

သစ်အချောထည် လုပ်ငန်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်းများကို မြန်မာ့သစ်လုပ်ငန်းမှ ဝယ်ယူရပြီး ယင်းမှဝယ်ယူသော သစ်များဖြင့် အချော ထည်လုပ်ငန်းများလုပ်ကိုင်၍ ပြည်ပ နိုင်ငံများသို့ တရားဝင် တင်ပို့လျက်ရှိသည်။

မြန်မာ့သစ်လုပ်ငန်း အနေဖြင့် တင်ဒါခေါ်ယူမှုကို  မတ်လမှ  ဇူလိုင်လအထိ ရပ်ဆိုင်းထားသောကြောင့်  ကုန်ကြမ်း ရရှိရန် အခက်အခဲဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ လက်ရှိ သစ်အချောထည် ထုတ်လုပ်သည့် စက်ရုံများသည်   ၂ဝ၁၉ ခုနှစ်   ဒီဇင်ဘာလမှ  ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလအထိ  မြန်မာ့သစ်လုပ်ငန်းမှ တင်ဒါ အောင်မြင်ထားသည့် သစ်များဖြင့်  လည်ပတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 စိုးမိုး