ကိုရိုနာဗိုင်းရပ်အတွက် ကာကွယ်ဆေးကိုမမျှော်ဘဲ မိမိကိုယ်မိမိသာအားကိုးပါ

လက်ရှိမှာ   နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ရရှိရေးအတွက်    တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကြိုးပမ်း နေကြပါတယ်။ ဒါပေမဲ့  ဗိုင်းရပ်ကာကွယ်ဆေးတွေဟာ   ဗိုင်းရပ်ကူးစက်မှုကနေ ထာဝရကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဗိုင်းရပ်ကူးစက်မှုကနေ အသက်ရှင်သန်လွတ်မြောက်လာတဲ့ သူတွေအနေနဲ့ ဗိုင်းရပ်ကာကွယ်ဆေးကို  ထိုးထားရင်တောင်မှ နောက်တစ်ကြိမ် ဗိုင်းရပ်ကူးစက်ခံရနိုင်ပါသေးတယ်။ ဘာကြောင့် ဒီလိုပြောနိုင်ရလဲ ဆိုတာကို အောက်မှာဆက်ပြီး ရှင်းပြပါမယ်။

ဟောင်ကောင်တက္ကသိုလ်အဏုဇီဝဗေဒဌာနမှ သုတေသီတွေဟာ မကြာသေးမီက သုတေသနတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီသုတေသနက    နောက်တစ်ကြိမ် ဗိုင်းရပ်ကူးစက်ခံရတဲ့   ဟောင်ကောင်အမျိုးသားကို အဓိကထားပြီး လုပ်တာပါ။

အသက် ၃၃ နှစ်ရှိတဲ့ ဟောင်ကောင်အမျိုးသားတစ်ဦးဟာ  မတ်လတုန်းက ဗိုင်းရပ်ကူးစက်ခံရပြီး ဧပြီ ၁၅ ရက်မှာ ရောဂါသက်သာလို့ ဆေးရုံကနေဆင်းခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက် သူဟာ လန်ဒန်မြို့ကနေတစ်ဆင့် စပိန်နိုင်ငံကို ခရီးသွားခဲ့ပြီး ဟောင်ကောင်ကို ပြန်လာချိန်မှာတော့ ဗိုင်းရပ်ထပ်မံ ကူးစက်ခံနေရတာကို စစ်ဆေးတွေ့ရှိလိုက်ရပါတယ်။

အဲဒီအမျိုးသားအနေနဲ့ ပထမအကြိမ်ကူးစက်ခံရတဲ့ ဗိုင်းရပ်မျိုးရိုးဗီဇက ဝူဟန်မြို့မှာတွေ့ရှိတဲ့  မျိုးရိုးဗီဇနဲ့တူပြီး  နောက် တစ်ကြိမ်ကူးစက်ခံရတဲ့ ဗိုင်းရပ်ကတော့  ဥရောပဒေသမှာတွေ့ရတဲ့   မျိုးရိုးဗီဇနဲ့ တူနေတာကို သုတေသီတွေက တွေ့လိုက်ရပါတယ်။

နောက်တစ်ချက်က အဲဒီအမျိုးသားက ပထမအကြိမ် ဗိုင်းရပ်ကူးစက်မှုပြီးနောက် ဆေးရုံဆင်းသွားချိန်မှာ သူ့ခန္ဓာကိုယ်ထဲ ကနေ ဗိုင်းရပ်ကို တိုက်ထုတ်နိုင်တဲ့   ပဋိပစ္စည်းအများအပြား ထွက်နေတာကို တွေ့ရပါတယ်။  ဒါပေမဲ့ စပိန်ကပြန်လာတဲ့ အချိန်စစ်ဆေးလိုက်တဲ့ အခါမှာတော့ အဲဒီပဋိပစ္စည်းတွေ မရှိတော့ပါဘူး။

ဒါဟာ အရင်သုတေသနတွေမှာ တွေ့ရှိသလိုမျိုး ပဋိပစ္စည်းက လူ့ခန္ဓာကိုယ်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်စွာ ရှိနေနိုင်တယ်ဆိုတာရဲ့    ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ပဋိပစ္စည်းဆိုတာကတော့ ဗိုင်းရပ်ကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့  ကိုယ်ခံအားစနစ်ကနေ အလိုအလျောက် ထုတ်ပေးတဲ့ စစ်သည်တော်လို့ ပြောလို့ရပါတယ်။ ယေဘုယျအားဖြင့်ပြောရရင်  ခန္ဓာကိုယ်ထဲမှာ   ပဋိပစ္စည်းရှိနေသမျှ ကာလပတ်လုံး ဗိုင်းရပ်ထပ်မံ မကူးစက်နိုင်ပါဘူး။

အခုတော့ အဲဒီအမျိုးသားဟာ နေပြန်ကောင်းပြီးနောက်မှ ဗိုင်းရပ်ထပ်မံကူးစက်ခံရတဲ့ ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာပါတော့တယ်။

အရင်တုန်းက  နေပြန်ကောင်းလာသူတွေမှာ ဗိုင်းရပ်ထပ်မံကူးစက်ခံရတယ်ဆိုတဲ့ စစ်ဆေးမှုတွေတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုတွေ့ရှိမှုဟာ မူလဗိုင်းရပ်ရဲ့အကြွင်းအကျန်တွေသာ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ဆက်လက် တွေ့ရှိထားပါတယ်။    အခု ဒီအမျိုးသားကတော့ အဲဒီလိုမဟုတ်ပါဘူး။ တကယ်ကိုပဲ ဗိုင်းရပ်ထပ်မံ ကူးစက်ခံထားရတာပါ။

နောက်ထပ်စိုးရိမ်စရာတစ်ခုက အခုအမျိုးသားဟာ   ဗိုင်းရပ်ထပ်မံကူးစက်ခံရချိန်မှာ ဘယ်လိုရောဂါ လက္ခဏာမှပြသခြင်း မရှိတာပါပဲ။

ဒါကြောင့် ဒီအမျိုးသားဟာ အသံတိတ်ဗိုင်းရပ်ဖြန့်ဖြူးသူ ဖြစ်မှန်းမသိဖြစ်ပြီး သူကနေမှတစ်ဆင့်   တခြားသူတွေကိုပါ ဆက်လက် ကူးစက်ထားစေနိုင်ဖွယ်ရှိပါတယ်။

သူ့မှာရောဂါလက္ခဏာသာ မပြတာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့  ဗိုင်းရပ်ပမာဏကတော့ ပြင်းထန်ကူးစက်မှုလိုပဲ လွန်စွာ များပြားနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဗိုင်းရပ်ထပ်မံ ကူးစက်ခံရသူဟာ  ပထမအကြိမ်ကူးစက်မှုလိုပဲ ထပ်မံကူးစက်ခံရတယ်လို့ သုတေသီတွေက ကောက်ချက်ချပါတယ်။

နောက်တစ်ချက်က ဒီအမျိုးသားရဲ့ပထမအကြိမ် ကူးစက်မှုမှာတုန်းကတွေ့ရတဲ့ ပဋိပစ္စည်းတွေဟာ   နောက်တစ်ကြိမ် ကူးစက်မှုမဖြစ်အောင် ကာကွယ်ရာမှာ လက်ရှိစမ်းသပ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေထက် ပိုမိုအစွမ်းထက်

ပြီး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အဲဒီအမျိုးသားအနေနဲ့ အခုလိုဗိုင်းရပ်ထပ်မံကူးစက်ခံရတာကို ကြည့်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တွေကလည်း နောက်တစ်ကြိမ်ဗိုင်းရပ်ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်စွမ်းရှိမှာ မဟုတ်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

လက်ရှိမှာတော့    ဒီလိုမျိုးဖြစ်တာ ဟောင်ကောင်အမျိုးသားတစ်ယောက်တည်းလား ဒါမှမဟုတ် လူအများအပြားလား ဆိုတာကို သိရှိနိုင်ဖို့  လေ့လာမှုတွေ ဆက်လုပ်ရဦးမှာပါ။

အခုဖြစ်စဉ်မှာ  ဗိုင်းရပ်ထပ်မံကူးစက်ခံရတဲ့ အမျိုးသားဟာ     ဘယ်လိုရောဂါလက္ခဏာမှ မပြတဲ့အတွက်    သူ့ဆီကနေ တစ်ဆင့် တခြားသူတွေကိုလည်း ကူးစက်နိုင်စေဖွယ် ရှိနေပါတယ်။ အဲဒီတခြားသူတွေကနေ တစ်ဆင့်လည်း   နောက်ထပ်များပြားလှတဲ့လူတွေကို ကူးစက်ထားစေနိုင်ပါတယ်။

ဒါပေမဲ့   သူတို့အားလုံးကို မစစ်ဆေးကြည့်ရသေးတဲ့အတွက် ဟောင်ကောင် အမျိုးသားရဲ့ဖြစ်စဉ်ဟာ တစ်ဦးတစ်ယောက်တည်းနဲ့ ဆိုင်တဲ့ကိစ္စလား၊   တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကိစ္စလားဆိုတာကို ပြောဖို့ စောနေပါသေးတယ်။

ပဋိပစ္စည်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်   ဗိုင်းရပ်ကူးစက်ခံရသူဆီကနေ ထွက်လာတဲ့ ပဋိပစ္စည်းဟာ အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ခြောက်လကနေတစ်နှစ်အထိ ရှိနေတတ်တယ်လို့    သုတေသီတွေက ယူဆထားပါတယ်။

ပဋိပစ္စည်းဟာ   လူ့ခန္ဓာကိုယ်ထဲမှာ အမြဲတမ်းရှိမနေနိုင်ဘူး ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့လည်း အခုဖြစ်စဉ်မှာတော့ အဲဒီပဋိပစ္စည်းဟာ ရှိသင့်တဲ့ အချိန်ထက် ပိုမိုမြန်ဆန်စွာပဲ ပျက်စီးပြီး ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဟောင်ကောင်အမျိုးသားဟာ အချိန်တို အတွင်းမှာ ဗိုင်းရပ်ထပ်မံကူးစက်ခံရတာ ဖြစ်ပါတယ်။

ဇွန်လမှာထုတ်ပြန်ထားတဲ့ ချုံချင်းဆေး တက္ကသိုလ်ကလုပ်တဲ့သုတေသနစာတမ်းမှာတော့ ရောဂါလက္ခဏာမပြတဲ့ ဗိုင်းရပ် ကူးစက်ခံရသူ ၈၁ ရာခိုင်နှုန်းနဲ့ ရောဂါလက္ခဏာပြတဲ့ ဗိုင်းရပ်ကူးစက်ခံရသူ ၆၂ ရာခိုင်နှုန်းဟာ ရောဂါသက်သာလို့ ဆေးရုံက ဆင်းပြီးနှစ်လအကြာမှာ ပဋိပစ္စည်းပမာဏ လျော့နည်းသွားတယ်လို့  ဖော်ပြထားပါတယ်။

အခု ဟောင်ကောင်အမျိုးသားရဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် ပဋိပစ္စည်းဟာ လူ့ခန္ဓာကိုယ်ထဲမှာ အချိန်ကြာမြင့်စွာ မရှိနိုင်ပါဘူး။ ပဋိပစ္စည်းမရှိတဲ့အတွက် ဗိုင်းရပ်ထပ်မံ ကူးစက်ခံရနိုင်ပါတယ်။

ကာကွယ်ဆေးဆိုတာကလည်း    ပဋိပစ္စည်းတွေ ထွက်လာအောင်သာတွန်းအားပေးလှုံ့ဆော်တာဖြစ်တဲ့အတွက် ဗိုင်းရပ် ကာကွယ်ဆေးဆိုတာ ကမ္ဘာ့ကပ်ရောဂါကြီး ပြီးသွားစေဖို့အတွက် အဆုံးသတ်အဖြေမဟုတ်သေးပါဘူး။

ရောဂါလက္ခဏာတွေ ပြင်းပြင်းထန်ထန် မခံစားရအောင်တော့ ကာကွယ်ဆေးတွေက  ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အခုကိစ္စနဲ့ တ်သက်ပြီး သုတေသနပညာရှင်တွေဟာ လေ့လာမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

နောက်ဆုံးသုံးသပ်ချက်ကိုတင်ပြရမယ်ဆိုရင် “ကာကွယ်ခြင်းသည်   ကုသခြင်းထက်ပိုကောင်း၏” လို့   အဓိပ္ပာယ်ရတဲ့ "Prevention is better than Cure"ဆိုတဲ့ စကားပုံအတိုင်းပဲ ဗိုင်းရပ်မကူးစက်အောင် မိမိကိုယ်မိမိအားကိုးပြီး ဆောင်ရန်

ရှောင်ရန်တွေကို   လိုက်နာခြင်းကသာ အကောင်းဆုံးကာကွယ်ဆေးပဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Ref: Sputnik,The Global Times