အိုဆာကာရှေးဟောင်းသင်္ချိုင်း၌ လူအရိုး ၁၅၀၀ ကျော်တွေ့ရှိ

ဂျပန်သုတေသနပညာရှင်များသည် နိုင်ငံအနောက်ပိုင်း    အိုဆာကာမြို့ရှိ ရှေးဟောင်းသင်္ချိုင်းတစ်ခု၌ ပြုလုပ်သော တူးဖော်မှုအတွင်း လူအရိုး ၁၅၀၀ ကျော်ကို တွေ့ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ယူမီဒါအမည်ရှိ ထိုသင်္ချိုင်းသည် ၁၈၅၀ ပြည့်နှစ်မှ ၁၈၆၀ ပြည့်နှစ် အလွန်ကာလဝန်းကျင် အီဒိုခေတ်နှောင်းပိုင်းနှင့် မိုင်ဂျီခေတ် အစောပိုင်းကာလများမှ သမိုင်းဝင်သင်္ချိုင်းခုနစ်ခုအနက်  တစ်ခုဖြစ်သည်ဟု သုတေသီများက ယူဆထားသည်။

သုတေသနပညာရှင်များသည် ထိုသင်္ချိုင်းမှ  ဝက်ပေါက်လေးကောင်၊  မြင်းများနှင့် ကြောင်များ အပါအဝင် တိရစ္ဆာန်များ၏ရုပ်ကြွင်းများနှင့် အုတ်ဂူအသေး ၃၅၀ ကိုလည်း တွေ့ရှိသည်။

ထိုနေရာတွင်မြှုပ်နှံထားသော အလောင်းများသည် အိုဆာကာရဲတိုက်မြို့ဝန်းကျင်မှ ဒေသခံများဖြစ်နိုင်ပြီး ၎င်းတို့အနက် အများအပြားမှာ အသက် ၃၀ သို့မဟုတ် ကလေးငယ်များ ဖြစ်သည်ဟု သုတေသနပညာရှင်များက ယူဆထားသည်။

ထို့ပြင် အလောင်းအချို့၏ လက်နှင့်ခြေထောက်များတွင် ရောဂါလက္ခဏာများလည်း တွေ့ရှိကြောင်း     အိုဆာကာမြို့ ယဉ်ကျေးမှုပစ္စည်းများ ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။ ရုပ်အလောင်းပေါင်းစုံကို အုတ်ဂူအချို့တွင် အတူမြှုပ်နှံထားပြီး ၎င်းတို့ကို ကပ်ရောဂါနှင့် ဆက်စပ်သော သေဆုံးမှုများကြောင့် အတူမြှုပ်ထားခြင်း ဖြစ်နိုင်ကြောင်း ထိုအဖွဲ့က ပြောသည်ဟု သိရသည်။

Ref: Reuters