စစ်ဘက်ဆက်ဆံရေး၌ အကောင်းမွန်ဆုံး ဖြစ်လာသည့် တရုတ်နှင့် ပါကစ္စတန်

၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၃ ရက်က တရုတ်အစိုးရ၏   အကြီးဆုံးဖြစ်သော နိုင်ငံပိုင်သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီ   ံHudongzhonghua သည် ပါကစ္စတန်အတွက် တည်ဆောက်နေသည့် ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘော Type 054A/P  တစ်စင်းကို ပါကစ္စတန်ရေတပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။

၂၀၁၉   ခုနှစ်က   နှစ်နိုင်ငံသဘော တူညီချက်ဖြင့်   ပါကစ္စတန်အတွက် တည်ဆောက်နေသည့် Type 054A/P ဖရီးဂိတ် စစ်သင်္ဘော လေးစင်းရှိပြီး တရုတ်ရေတပ်တွင် အဓိကကျောရိုးအဖြစ် အသုံးပြုသော သင်္ဘောများလည်းဖြစ်သည်။   အဆိုပါ ဖရီးဂိတ်စစ်သင်္ဘောများကို တရုတ်အစိုးရက ပါကစ္စတန်ရေတပ် တိုက်ပွဲဝင်အင်အား နှစ်ဆတိုးမြှင့်စေရန် ဖြစ်ကြောင်း   ထုတ်ဖော်ပြောဆိုခဲ့ပြီး တိုက်ဆိုင်စွာ အိန္ဒိယနှင့် ပါကစ္စတန်တို့     နယ်စပ်တင်းမာမှုများ မြင့်တက် နေချိန်လည်း ဖြစ်သည်။

အိန္ဒိယတို့အတွက်  မကြာသေးမီက ပြင်သစ်နိုင်ငံလုပ် Rafale  ဂျက်တိုက်လေယာဉ်များ ရောက်လာပြီး နှစ်နိုင်ငံဆက်ဆံ ရေးတင်းမာမှု ထပ်မံမြင့်တက်သွားခဲ့ပြန်ကာ  ပါကစ္စတန်တို့၏  နောက်တစ်ဆင့် စစ်ရေးအင်အား  မြှင့်တင်ခြင်းလည်းဖြစ် သည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပါကစ္စတန်နှင့် တရုတ်တို့ဆက်ဆံရေးက အိုဘားမားလက်ထက်   အိုစမာဘင်လာဒင်ကို ပါကစ္စတန်နယ်ထဲ   ဝင်ရောက်သုတ်သင်အပြီး  ပိုမိုနီးကပ်လာခဲ့ကာ အမေရိကန်၌ ထရမ့်တက်လာသည့်အချိန်တွင်လည်း  ပါကစ္စတန်နှင့် ဆက်ဆံရေးကို   အတိုင်းအတာတစ်ခုအထိ လျှော့ချခဲ့သည်။

ထိုအထဲတွင် ပါကစ္စတန်သို့  နှစ်စဉ်ပေးနေသည့် အကူအညီ ဒေါ်လာသန်းရာချီကိုလည်း ရပ်ဆိုင်းခဲ့ပြန်သောကြောင့် ပါကစ္စတန်ကို  တရုတ်ဘက်သို့  ပိုမိုတွန်းပို့ လိုက်သကဲ့သို့  ဖြစ်ခဲ့သည်။ ထို့ကြောင့် ပါကစ္စတန်၏စစ်ရေး၊ စီးပွားရေးက တရုတ်နှင့် ပိုမိုနီးကပ်သွားခဲ့ကာ တရုတ်၏ နိုင်ငံရပ်ခြား ရေတပ်စစ်အခြေစိုက် စခန်းတစ်ခုပင် ပါကစ္စတန်၌ တည်ဆောက်နိုင်ခဲ့သည်အထိ ဖြစ်သည်။

ပါကစ္စတန်နိုင်ငံ အနောက်ဘက်ရှိ ဂွါဒါဆိပ်ကမ်းကို ယခင်က ပို့ဆောင်ဆက်သွယ်ရေးအတွက်  အမေရိကန်တို့ အသုံးပြုခဲ့ သော်လည်း ယခုတရုတ်ရေတပ်စစ်အခြေ စိုက်စခန်းတစ်ခု ဖြစ်လာခဲ့ကာ   တရုတ်တို့  တောင်အာရှကို   လှည့်ပတ်သွားစရာ မလိုတော့သည်အထိ  စီးပွားရေးနှင့်စစ်ရေးအရ အမြတ်ထွက်ခဲ့သည်။

ပါကစ္စတန်အား အိန္ဒိယတို့ ခြိမ်းခြောက်မှုက ကြီးထွားလာချိန်တွင်  တစ်ချိန်က အမာခံ ကျောထောက်နောက်ခံပေးထား သော   အမေရိကန်ကလည်း မရှိတော့သောကြောင့် တရုတ်နှင့်ဆက်ဆံရေးကို အနက်ရှိုင်းဆုံး မြှင့်တင်ခဲ့ရကာ   ၎င်း၏ စစ်အင်အားကို   တိုးမြှင့်ရန်  ဖြစ်လာခဲ့ရသည်။

ယခု ပါကစ္စတန်စစ်ဘက်ကို  လေ့ကျင့်သင်ကြား ပေးနေသူများကလည်း တရုတ်စစ်ဘက် အရာရှိများဖြစ်ကာ နောက်ဆုံး ပါကစ္စတန်လေတပ်နှင့်   ရေတပ်ကပင် တရုတ်နည်းပညာများကို အလုံးစုံအားကိုး လာနေရပြီဖြစ်သည်။ ၂၀၀၀  ပြည့်နှစ် အလွန်က တရုတ်နှင့် ပါကစ္စတန်တို့ ပူးတွဲ ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်ရန်ပင် သဘောတူညီချက်ရခဲ့ကာ ယခု ပါကစ္စတန် လေတပ်ကျောရိုးဖြစ်လာသည့်  JF17 ဂျက်တိုက်လေယာဉ်များ ဖြစ်သည်။

ပါကစ္စတန်လေတပ်တွင် အဓိကအသုံးပြုနေသည့် ဂျက်တိုက်လေယာဉ်များက အမေရိကန်နိုင်ငံလုပ်  F16 ၊ ရုရှားနိုင်ငံလုပ် Mig 21 များနှင့် ယခု တရုတ်နှင့် ပူးတွဲ ထုတ်လုပ်ထားသည့် JF17 တို့ဖြစ်သည်။  JF17 ဂျက်တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်နိုင်ခြင်းက   ပါကစ္စတန်တို့အတွက် အဓိကအောင်မြင်မှု တစ်ရပ်ဟု  ဆိုရမည်ဖြစ်ကာ တစ်ဖက်တွင် အိန္ဒိယတို့  Su 230MKI ကို ရုရှားနှင့် ပူးတွဲထုတ်လုပ် နိုင်သည်သာမက ပြည်တွင်းဖြစ်ဂျက်တိုက် လေယာဉ်များကပင် မကြာမီ တပ်တော်ဝင် နိုင်တော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

ပါကစ္စတန်တို့ ၂၀၁၅ ခုနှစ်က JF17 ဂျက်တိုက်လေယာဉ် ၁၆ စင်းထုတ်လုပ်နိုင်ခဲ့ကာ    နောက်ပိုင်းကာလများတွင် တစ်နှစ်လျှင်  ၂၅   စင်းအထိ ထုတ်လုပ်ရန်  ရည်မှန်းခဲ့ကြသည်။ ယခု JF မျိုးဆက်က ဒုတိယမျိုးဆက်သို့ပင်  ရောက်လာပြီဖြစ်ကာ ၂၀၁၉ ခုနှစ်က တရုတ်၌  စတင်စမ်း သပ်ပျံသန်းခဲ့သည်။ ယခု JF17B  အမျိုးအစားများကို တရုတ်အစိုးရက ပါကစ္စတန် အစိုးရထံ    စတင်လွှဲပြောင်းပေးနေပြီး တရုတ်တို့အတွက်   စစ်လက်နက်နည်းပညာများ စမ်းသပ်ရေးနှင့်  ပြည်ပတင်ပို့ ရောင်းချရေးအတွက်   ပါကစ္စတန်က ဈေးကွက်တစ်ခု ဖြစ်လာသည်။

မကြာသေးမီက  လွှဲပေးလိုက်သည့် Type 054A/P ဖရီးဂိတ်ဆိုလျှင် တရုတ်တို့ ပြည်ပတင်ပို့ ရောင်းချသမျှထဲတွင် နည်း ပညာအမြင့်ဆုံး၊  အကြီးမားဆုံးနှင့် ပထမဆုံး တည်ဆောက်ထားသော စစ်သင်္ဘော ဖြစ်သည်။ သင်္ဘောသား ၁၆၅ ဦးအထိ တင်ဆောင်နိုင်ပြီး ယင်းဖရီးဂိတ်စစ်သင်္ဘောများမှာ တော်ပီဒိုလောင်ချာများ၊ C803  သင်္ဘောဖျက်ဒုံးကျည်များအပြင်   လေကြောင်းအတွက်  HQ16SAM များပါ တပ်ဆင်ထားပြီး   စွမ်းဆောင်ရည်မြင့်  တရုတ်စစ်တပ်သုံးရေဒါများပင် တပ်ဆင်  ပေးထားသေးသည်။

လက်ရှိ  တရုတ်ရေတပ်တွင်  Type 054A/P ဖရီးဂိတ် စစ်သင်္ဘောပေါင်း ၃၀ ရှိပြီး အလျား ၁၃၄ မီတာရှည်ကာ တန် ၄၀၀၀ အလေးချိန်နှင့်  ပဲတောင့်ပုံစံ ၁၆ မီတာ လုံးပတ်အရွယ်အစားရှိသည်။ တရုတ်တို့က နောက်ပိုင်းတွင် ကမ္ဘာ့စစ်လက်နက်  တင်ပို့ရောင်းချရေးကဏ္ဍ၌  ထိပ်ဆုံးက နေရာယူနိုင်ရန်ကြိုးစားလာကာ ယခုအခါ ပြည်ပစစ်လက်နက်တင်ပို့သူ နံပါတ် (၅) နေရာကို ရောက်လာပြီဖြစ်သည်။

ယခင်က  တရုတ်စစ်ဘက်က   ရုရှား ထုတ်စစ်လက်နက်များကို အဓိကမှီခိုခဲ့ရ ကာ ယခု ကိုယ်ပိုင်ထုတ်လုပ်နိုင်ရုံသာမက ကမ္ဘာ့စစ်လက်နက် တင်ပို့သူစာရင်းတွင် ပင် လျင်မြန်စွာနေရာယူနိုင်လာပြီး အရှေ့ တောင်အာရှနှင့် အာဖရိကဈေးကွက်များ က တရုတ်၏ အဓိကဝယ်လက်များဖြစ်လာ ခဲ့သည်။  အမေရိကန်၏  ပါကစ္စတန်ကို ပစ်ပယ်ခဲ့ခြင်းက တရုတ်တို့  ပါကစ္စတန် စစ်ဘက်ထဲ ဝင်ရောက်ရေးအတွက် လွယ် ကူစေခဲ့သည်။

ဇွန်လက   တရုတ်စစ်တပ်ကိုယ်ပိုင် ဂြိုဟ်တု ၃၅ လုံးဖြင့်   ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် GPS  ကိုလည်း  ပထမဆုံး အသုံးပြုမည့်သူက ပါကစ္စတန် ဖြစ်လာခဲ့ပြန်ကာ နျူကလီးယား ထိပ်ဖူးတပ်  ဒုံးကျည်များ ပစ်ရန် အထိပင် တိကျသည့်ပစ်မှတ်အကွာအဝေးအတွက် ပါကစ္စတန်တို့က တရုတ်တို့ကို အားကိုးရ တော့မည်ဖြစ်သည်။

ထို့ကြောင့်    ပါကစ္စတန်စစ်တပ်က တရုတ်စစ်ဘက်နှင့် အကောင်းဆုံး၊ အယုံ ကြည်ရဆုံး မဟာမိတ်များ တဖြည်းဖြည်း ဖြစ်လာကာ အာရှပစိဖိတ်၌ အထင်ရှားဆုံး လျင်မြန်စွာထွက်ပေါ်လာသည့် ထိုအချက် က  အာရှတွင်  အမေရိကန်၏သြဇာကို ယှဉ်ပြိုင်ရန်  တရုတ်တို့    မဟာဗျူဟာ ကျကျ ခင်းလိုက်သည့်အကွက်ဖြစ်သည်။  ယခု  တောင်တရုတ် ပင်လယ်ပြင်အရေးကို   အမေရိကန်တို့ ဝင်လာချိန် အိန္ဒိယဘက်ကို  တရုတ်တို့က   ပါကစ္စတန်နှင့် လွှတ်ထားပြီး အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုများကို မျက်စိဒေါက်ထောက်ကြည့်နေရန် အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်လာပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။   ။                    

ရှိန်းထက်

Ref;Hindustantimes