မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် လူငယ်အသင်းများ နှစ်ကုန်ပိုင်းမှသာ ပြန်လည် လေ့ကျင့်နိုင်မည်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် (အမျိုးသား၊ အမျိုးသမီး) လူငယ်လက်ရွေးစင် အသင်းများအနေဖြင့်   နှစ်ကုန်ပိုင်းမှသာ စခန်းသွင်း၍ ပြန်လည် လေ့ကျင့်နိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းတို့သည် မူလက ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ အာရှနှင့် အာဆီယံ အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန်ရှိသော်လည်း လက်ရှိတွင် COVID-19 ရောဂါကြောင့်  ပြိုင်ပွဲများ ရွှေ့ဆိုင်းခဲ့ပြီး လာမည့်နှစ်မှသာ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲကာလပေါ် မူတည်၍ စခန်းသွင်းလေ့ကျင့်မည့် ကာလကို  သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဒီနှစ်ထဲမှာ လက်ရွေးစင်အသင်းရော လူငယ်လက်ရွေးစင်အသင်းတွေပါ  နိုင်ငံတကာပြိုင်ပွဲကစားဖို့ မရှိတော့ပါဘူး။ ဒါကြောင့် အသင်းတွေကို အစောဆုံး ဒီနှစ်ကုန်ပိုင်းလောက် ပြင်ဆင်မှု ပြုလုပ်ပါမယ်။

ပြိုင်ပွဲတွေအားလုံးက လာမယ့်နှစ်ကို ရွှေ့ထားတဲ့အတွက် ပြိုင်ပွဲကာလပေါ်မူတည်ပြီး အသင်းတွေရဲ့ စခန်းသွင်းလေ့ကျင့်မယ့် ရက်ကို သတ်မှတ်သွားပါမယ်”ဟု ၎င်းကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်    ယခုနှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရန် ရှိသော်လည်း လာမည့်နှစ်သို့ရွှေ့ဆိုင်းထားရသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း မတ်လက   ကာလတိုလေ့ကျင့်မှု တစ်ကြိမ်သာ ပြုလုပ်ခဲ့ရပြီး ရပ်နားထားရသည်။

ထို့ပြင် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်း တို့သည်လည်း  မူလက  ယခုနှစ်အတွင်း အာဆီယံ အဆင့်ပြိုင်ပွဲများ  ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အာဆီယံဘောလုံးအဖွဲ့ချုပ်က  ကျင်းပရန် စီစဉ်ထားသည့် အာဆီယံပြိုင်ပွဲ အားလုံးကို ရွှေ့ဆိုင်းခဲ့ပြီး လာမည့် နှစ်မှသာ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။         

ကိုရဲ