ပြင်ဦးလွင်-လားရှိုးသွားကားလမ်းပေါ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ပိတ်ချင်းမြောင် ရဲစခန်းအနီး ပြင်ဦးလွင်-လားရှိုးသွား ကားလမ်းပေါ်၌   ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် သြဂုတ် ၂၅ ရက် နံနက် ၈ နာရီ ၄၅   မိနစ်ခန့်တွင်   လားရှိုးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ မောင်းနှင်လာသော FZ အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ အိုက်ပွဲ(ဘ)ဦးချစ်အောင်အား ၎င်းလွယ်ထားသော ဘေးလွယ်အိတ် အတွင်းမှ WY စာတန်းပါ   လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၉၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။